လျှပ်စစ်ဓာတ်အား ထုတ်ရန် LPG နှင့် LNG ဘယ်ဟာကို သုံးသင့်သလဲ


08 August, 2018

ရေနံဓာတ်ငွေ့ရည် ((LPG Liquefied Petroleum Gas) နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တို့သည် တစ်ခုနှင့်တစ်ခု သိပ်မကွာလှပါ။ ၎င်းတို့အကြားခြားနားမှုမှာ မထင်ရှားလှပါ။

သဘောသဘာဝ
***********

ရေနံဓာတ်ငွေ့ရည် LPG ဆိုသည်မှာ သာမန်အပူချိန်များတွင် ဖိအားအနည်းငယ်ပေးခြင်းဖြင့် အရည်အသွင်ပြောင်းပေးထားသော ပရိုပိန်း (Propane) သို့မဟုတ် ဗျူတိန်း (Butane) ဓာတ်ငွေ့များဖြစ်ကြသည်။

သဘာဝဓာတ်ငွေ့ရည် LNG ဆိုသည်မှာ အရည်အဖြစ် အသွင်းပြောင်းထားသည့် အလွန်အေးမြသော သဘာဝဓာတ်ငွေ့ရည်ဖြစ်သည်။

သယ်ယူသုံးစွဲပုံ
*********

LPG ကို များသောအားဖြင့် စလင်ဒါ (Cylinder) ငယ်များအတွင်း ထည့်သွင်းသိုမှီး သယ်ယူပြီး၊ အိမ်ထောင်စု မီးဖိုသုံးအဖြစ် အသုံးပြုလေ့ရှိကြသည်။ ၎င်းကို လျှပ်စစ်ဓာတ်အားထုတ်စက် (generators) များတွင်လည်း သဘာဝဓာတ်ငွေ့အစား အသုံးပြုနိုင်သည်။ ဤဓာတ်ငွေ့ရည်များကို တန်ချိန် ( ၁၀,၀၀၀ - ၃၀,၀၀၀) တင်ဆောင်နိုင်သည့် သင်္ဘောအငယ်စားများဖြင့် သယ်တင်ပို့နိုင်သည်။ ဆောက်လုပ်ရန် ကုန်ကျစရိတ် ကြီးမားသည့် ဆိပ်ခံတံတား၊ ဝန်တင်ဝန်ချ ကိရိယာများ အထူးတလည် မလိုအပ်ပါ။

LNG ကို အလွန်အေးမြသောအရည်များကို ကိုင်တွယ်လက်ခံထိန်းသိမ်းနိုင်ရန်အလို့ငှာ အထူးတည်ဆောက်ထားသည့် ဧရာမရေပေါ်ဓာတ်ဘူး (floating thermos bottles) ကဲ့သို့သော သင်္ဘောကြီးများဖြင့် သယ်ယူတင်ပို့ကြရသည်။

ယခုခေတ် LNG တင် သင်္ဘောကြီးများသည် ရေစူး (draft) ၁၂ မီတာ (၃၉ ပေ) အထိရှိကြပြီး၊ ကမ်းပေါ်တွင်လည်း ကုန်ကျစရိတ်အလွန်ကြီးမားပြီး၊ ပြီးစီးရန် နှစ်ချီတည်ဆောက်ရသည့် အထူးသိုလှောင်ရုံ အဆောက်အအုံများလည်း လိုအပ်သည်။

ယင်းအထူးရေယာဉ်ကြီးများ၊ ကမ်းပေါ်အဆောက်အအုံကြီးများအတွက် ကုန်ကျစရိတ်များကို အချိန်ယူပေးဆပ်ရန် လိုအပ်မည်ဖြစ်သောကြောင့်၊ LNG စာချုပ်များသည် နှစ် ၂၀ နှစ်ရှည်စာချုပ်များဖြစ်ကြလေ့ရှိသည်။

LPG အားသာချက်
**************

LPG အား စတင်လည်ပတ်နိုင်မည့် ဓာတ်ငွေ့သုံး ဓာတ်အားထုတ်ဂျင်နရေတာများအတွက် သဘာဝဓာတ်ငွေ့ အလုံအလောက် မရရှိမီ၊ ကြားကာလ လောင်စာ (transitional fuel) အဖြစ် နှစ်အနည်းငယ်ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။

နောက်စရိတ်သက်သာသည့် သဘာဝဓာတ်ငွေ့ပိုမိုရရှိလာသည့်အခါ သဘာဝဓာတ်ငွေ့ကိုပြောင်းလဲအသုံးပြုမည်ဖြစ်သည်။ LPG သည် အခြားရွေးချယ်နိုင်သည့် ဒီဇယ်ဆီထက်လည်းကောင်း ကုန်ကျစရိတ်သက်သာသည်။

LNG သုံးသင့် မသုံးသင့်
*****************

အကယ်၍ မြန်မာနိုင်ငံသည် ၂၀၂၀ တွင် ပြည်တွင်းသုံးစွဲရန် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်မည်ဆိုပါက၊ ပြည်တွင်းသဘာဝ ဓာတ်ငွေ့ကုန်ကျစရိတ်သည် LNG စရိတ်ထက် သက်သာမည် ဧကန်ဖြစ်သည်။

ဤအလားအလာက LNG အတွက် လိုအပ်မည့်အထက်ပါ ကြီးမားသော ကမ်းပေါ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အစီအစဉ်ကို အားမပေးသင့်ပါ။

ထို့ပြင် လျှပ်စစ်ဓာတ်အား အဓိက လိုအပ်သည့် လူဦးရေ ထူထပ်သော ဒေသမြို့ကြီးများသည် LNG သင်္ဘောကြီးများ ဆိုက်ကပ်တင်ချနိုင်သည့် ရေနက်ဆိပ်ကမ်းမြို့များ မဟုတ်ကြပါ။

ဤအကြောင်းများကြောင့် ရေရှည်ကာလ၌ပင်၊ ပြည်တွင်းသုံးစွဲရန် သဘာဝဓာတ်ငွေ့လုံလောက်စွာ မရရှိနိုင်သော အခြေအနေမျိုးတွင်မှ LNG သည် မြန်မာနိုင်ငံအတွက် အသုံးတည့်ကောင်းတည့်မည့် လောင်စာဖြစ်လာနိုင်ဖွယ်ရှိသည်။ လက်ရှိအနေအထားနှင့် အလားအလာအရမူ ထိုသို့ဖြစ်လာနိုင်ဖွယ်မရှိချေ။

လက်ရှိသဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားစက်ရုံအချို့နှင့် ထုတ်လုပ်မှုပမာဏ

 

စဉ်

လုပ်ငန်းအမည်

စွမ်းအင်အမျိုးအစား

ခန့်မှန်းခြေ စွမ်းဆောင်ရည် ( မီဂါဝပ်)

မန္တလေးတိုင်းAggreko သဘာဝဓာတ်ငွေ့စက်ရုံ (ဆောက်လုပ်ဆဲ)

သဘာဝဓာတ်ငွေ့ရည်

၉၅

ရန်ကုန်တိုင်း Jenbacher ဓာတ်ငွေ့စက်ရုံ

သဘာဝဓာတ်ငွေ့ရည်

၅၀

ကျောက်ဆည် သဘာဝဓာတ်ငွေ့စက်ရုံ ( ဆောက်လုပ်ဆဲ)

သဘာဝဓာတ်ငွေ့ရည်

၁၀၂

မော်လမြိုင် ငန်းတေး သဘာဝဓာတ်ငွေ့

သဘာဝဓာတ်ငွေ့ရည်

၂၃၀

ရန်ကုန်တိုင်း UPP ဓာတ်ငွေ့

သဘာဝဓာတ်ငွေ့ရည်

၅၂

ကျောက်ဖြူ V-Power သဘာဝဓာတ်ငွေ့စက်ရုံ

သဘာဝဓာတ်ငွေ့ရည်

၄၅

 မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်အား၊ သုံးလိုအားနှင့် ဈေးနှုန်းများ လျှပ်စစ်လိုအပ်ချက်ကို မည်သို့ဖြည့်တင်းမည်နည်း?

Tips Read 728 times