ပိုမှောင်လာမည့် လျှပ်စစ်ကဏ္ဍ အခက်အခဲများ


08 September, 2023

ပိုမှောင်လာမည့် လျှပ်စစ်ကဏ္ဍ အခက်အခဲများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကာလရှည်ကြာ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ကြုံနေခြင်းနှင့်အတူ   ၂၀၂၁ ခုနှစ်မှ စတင်ကာ လျှပ်စစ်ကဏ္ဍ မနားတမ်း ကျဆင်းလာခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မြန်မာ့လျှပ်စစ်ကဏ္ဍကို ပြင်းထန်စွာ ထိခိုက်ခဲ့သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကျဆင်းလာသည်နှင့်အမျှ ဓာတ်အား ထောက်ပံ့မှု-လိုအပ်ချက်တို့အကြား ကွာဟချက် ကျယ်ပြန့်လာသည်။

ပဋိပက္ခကြောင့်  ဓာတ်အားအခြေခံအဆောက်အအုံများ ပျက်စီးသွားခြင်း၏ အကျိုးဆက်များသည် ဓာတ်အားသွယ်တန်းမှုစနစ်တစ်ခုလုံး၏ တည်ငြိမ်မှုကို ထိခိုက်စေခဲ့ပါသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများမှာ လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့နေရပါသည်။
နိုင်ငံတစ်ဝှမ်းရှိ စက်မှုဇုန်များသည် စီးပွားရေး အကြီးအကျယ် ထိခိုက်သည့် ဓာတ်အားပြတ်တောက်မှုနှင့် မီးစက်များအတွက် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းတို့အတွက် အားတင်းပြီး တောင့်ခံထားကြရသည်။

ဓာတ်အား ထောက်ပံ့မှု-လိုအပ်ချက်တို့အကြား  ကွာဟမှု တိုးလာခြင်းသည် နိုင်ငံအတွင်း ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုများ  ရရှိဖို့ ခဲယဉ်းနေစေပါသည်။ 

မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်ကတည်းက  300 မဂ္ဂါဝပ် (MW) ခန့်အထိ ဓာတ်အား မလုံလောက်ခြင်းကို ကြုံတွေ့နေခဲ့သည်။
၂၀၂၁ ခုနှစ်ကစ၍  ပါဝါထောက်ပံ့မှု-လိုအပ်ချက်တို့အကြား ကွာဟမှု ပိုကြီးမားလာသည်။
• ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့ရည် (LNG)သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးနှစ်ခု လည်ပတ်မှု ရပ်ဆိုင်းထားခြင်း
• ရေအားလျှပ်စစ် လှောင်ကန်များတွင် မိုးရွာသွန်းမှုနည်းပြီး ရေနည်းနေခြင်း
• ပြည်တွင်း သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု မလုံလောက်ခြင်း
တို့အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရနိုင်မည့် ဓာတ်အား ၂.၅ ဂစ်ဂါဝပ် (GW) ကျော် လျော့ကျခဲ့သည်။

ထို့အပြင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော ၂ ဂစ်ဂါဝပ် ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့အခြေခံ ဓာတ်အားပေးစက်ရုံ အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားရသည်။

 ရေအားလျှပ်စစ် ထုတ်လုပ်မှု အသစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး photovoltaic (PV) တို့ကို ဆက်လက် အကောင်အထည် ဖော်နေပါသော်လည်း နှေးကွေးနေပါသည်။ 
ပြည်တွင်း ဓာတ်ငွေ့သိုက်များမှ ထုတ်လုပ်မှု ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ လာမည့်နှစ်များတွင် ကုန်ခမ်းသွားတော့မည် ဖြစ်သည်။ 
ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းသစ်များ ဖော်ဆောင်နေသော နိုင်ငံစုံကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။

နေ့စဥ် စုစုပေါင်း ဓာတ်အားရရှိမှု အမြင့်ဆုံးရရှိစေရန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းမှုအတွက် ဖြည့်တင်းပေးရန် ရေအားလျှပ်စစ် စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ် နှစ်လယ်မှ စတင်၍ တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ရာ မိုးရာသီတွင် ရေအားလျှပ်စစ် ပိုမိုထုတ်လုပ်ရန် သိုလှောင်ကန်များမှ ရေအရင်းအမြစ်များကို ပိုမိုသုံးစွဲခဲ့ကြသည်။
နောက်ဆက်တွဲအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဆည်မြောင်းအတွက် ရရှိနိုင်သော ရေ လက်ကျန်ပမာဏမှာ သိသိသာသာ လျော့နည်း‌ေနပါသည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ရေအားလျှပ်စစ်စက်ရုံ လေးခု ယာယီပိတ်ထားခဲ့ရသည်။
ယာယီပိတ်ထားသည့်အထဲ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေကာတာဖြစ်သည့် ရွှေလီ-၁ ပါဝင်ပါသည်။
သို့ဖြစ်ရာ ရရှိနိုင်သော ဓာတ်အားပမာဏ ထပ်လျော့သွားပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ခြောက်သွေ့ရာသီတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုပြင်းထန်ခဲ့ပါသည်။
  
ဓာတ်အားပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကွန်ရက် စွမ်းဆောင်ရည် အကန့်အသတ်ရှိနေခြင်းသည်လည်း လျှပ်စစ်မီး ပြတ်တောက်မှုကို ဖြစ်ပေါ်စေသည်။

ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် တိုက်ခိုက်ခံရပြီး ပျက်စီးသွားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း မဟာဓာတ်အားလိုင်း ၂၂၉ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လက်ရှိ ဓာတ်အားပေးစက်ရုံများ၏ ၇၇ ရာခိုင်နှုန်းခန့်သည် ပဋိပက္ခနှင့် ဆက်နွှယ်သောနေရာများနှင့် ၁၀ ကီလိုမီတာအတွင်း တည်ရှိနေပါသည်။
 
၂၀၂၁ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၂ ခုနှစ်အစောပိုင်းကာလများတွင် လျှပ်စစ်ဓာတ်အားအခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးစေသည့် 
 ပဋိပက္ခများနှင့်ပတ်သက်သည့် ဖြစ်ရပ်အရေအတွက်များ အများဆုံး ဖြစ်ပွားခဲ့ပြီးနောက် ပြန်လျော့ကျ လာခဲ့ပါသည်။
 
လျှပ်စစ်ဓာတ်အား တင်သွင်းမှုအတွက် အိမ်နီးချင်းနိုင်ငံများနှင့် အပြန်အလှန်ချိတ်ဆက်မှု အပါအဝင် ဓာတ်အားပို့လွှတ်မှုကွန်ရက် ဖွံ့ဖြိုးရေးသည် ၂၀၂၁ ခုနှစ်ကတည်းက တိုးတက်မှုများများစားစား မရှိခဲ့ပေ။

 လျှပ်စစ်ဓာတ်အားကဏ္ဍသည် ငွေကြေးဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေပါသည်။
 
• ငွေကြေးတန်ဖိုးကျဆင်းခြင်း
• လျှပ်စစ်ဓာတ်အားလိုက်း ပြုပြင်ထိန်းသိမ်းမှုစရိတ်များ တိုးမြင့်လာခြင်း
• ဝင်ငွေ ကျဆင်းတို့ အပါအဝင် လျှပ်စစ်ကဏ္ဍ ဘဏ္ဍာရေးဆိုင်ရာ ရေရှည်တည်တံ့မှုကို ထိခိုက်စေသည့် အကြောင်းအချက်များ ရှိနေပါသည်။

သီးခြားရပ်တည်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်သူများထံမှ ဓာတ်အားဝယ်ယူသည့် စျေးနှုန်းများသည် ဒေါ်လာအပေါ် အခြေခံထားသဖြင့် မြန်မာကျပ်ငွေသည် ၂၀၂၁ ခုနှစ်မှစတင်၍ တန်ဖိုးကျဆင်းလာသဖြင့် အဆိုပါဈေးနှုန်းများကို ကျပ်ဖြင့် တွက်ချက်သည်အခါ ပမာဏ ပိုကြီးလာခဲ့ပါသည်။

စာတ်အားလိုင်းကွန်ရက်ပျက်စီးခြင်းကြောင့် ပြုပြင်ထိန်းသိမ်းမှုစရိတ်များ တိုးလာသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကိင်ရန် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားခ ပေးချေမှုကို သပိတ်မှောက်ခဲ့ကြသည်။
လျှပ်စစ်ဓာတ်အားဝင်ငွေတွင် ဓာတ်အားခ မရသေးသော ပမာဏသည် အချိန်နှင့်အမျှ တိုးလာခဲ့သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ၄၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

လျှပ်စစ်မီး ရရှိရေးမှာ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပါသည်။ အိမ်ထောင်စု လေးသန်းကျော် လျှပ်စစ်မီး မရရှိသေးပါ။ 

ဓာတ်အား မလုံလောက်ခြင်း နိုင်ငံတစ်ဝှမ်းရှိ အလွှာပေါင်းစုံကို ထိခိုက်လျက် ရှိပါသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ဖိသိပ်သဘာဝဓာတ်ငွေ့ (CNG) စက်သုံးဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းမှု ကြာမြင့်စေသည်။
၎င်းသည် Yangon Bus Services YBS မှ လည်ပတ်နေသော ဘတ်စ်ကားများအပေါ်  တိုက်ရိုက်သက်ရောက်သည်။
နေ့စဉ် အလုပ် တက်ဆင်း ခရီးသည်များအတွက် ဘတ်စ်ကားများ လျော့နည်းနေစေသည်။
ကျန်းမာရေးဝန်ထမ်းများသည် မရှိမဖြစ် လိုအပ်သော ဆေးဝါးများနှင့် စမ်းသပ်မှု နမူနာများကို အအေးခန်းထဲတွင် မထားနိုင်‌ေတာ့ပါ။
 လုပ်ငန်း၊ စက်ရုံနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ အများစုသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေစဉ်အတွင်း ၎င်းတို့၏ ကိုယ်ပိုင် ဒီဇယ်ဂျင်နရေတာများကို အသုံးပြုကြသည်။
ဓာတ်အား ပြတ်တောက်မှုများသည် အမြတ်ပါးပါးသာ ရရှိသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေပါသည်။

လျှပ်စစ်ကဏ္ဍသည် သိသာထင်ရှားသော အခက်အခဲများကို ဆက်လက်ကြုံတွေ့ရဖွယ်ရှိသည်။
လက်ရှိ ဓာတ်အားရရှိမှု အဆင့်ကို ထိန်းထားနိုင်ရန် ၂၀၃၀ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း တစ်နှစ်လျှင် 300-500 MW ထပ်တိုးရန် လိုအပ်ပါသည်။
  ဓာတ်အားကဏ္ဍရှိ စိန်ခေါ်မှု အများအပြားသည်  နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခနှင့် မက်ခရိုစီးပွားရေး အခြေအနေများနှင့် ဆက်စပ်နေသည်။
၎င်းတို့ကို ရေတိုအစီအမံများဖြင့် အလွယ်တကူ ဖြေရှင်း၍ မရနိုင်ပါ။ ရေရှည်အတွက် သင့်လျော်သော အစီအစဉ်ဆွဲမှုအပေါ် အခြေခံ၍ ရေရှည် လုပ်နည်းကိုင်ဟန်များနှင့်အတူ ပုံမှန်အားဖြင့် တိုးတက်မှုများ လိုအပ်ပါသည်။

Source World bank report

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 467 times