မလေးရှားတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ထက်ဝက်နီးပါး ပိတ်သိမ်း


18 July, 2022

မလေးရှားတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ထက်ဝက်နီးပါး ပိတ်သိမ်း

 

မလေးရှားတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ၃၀၀ ကျော်ရှိခဲ့ရာမှ တွက်ခြေမကိုက် အရှုံးပေါ်နေကြသဖြင့် ပိတ်သိမ်းခဲ့ကြရာ ယခုအခါ ၁၇၀ သာ ကျန်ရှိပါတော့တယ်။ ကျန်ရှိတဲ့ ၁၇၀ မှာလည်း အများစုက ပိတ်လုပိတ်ခင် အခြေအနေမှာ ရောက်ရှိနေပါတယ်။

အစာစားရိတ်အပါအဝင် စရိတ်မြင့်တက်နေခြင်း၊ အစိုးရထောက်ပံ့ကြေး အကန့်အသတ်ဖြင့်သာ ရရှိခြင်း၊ ရောင်းဈေးကို အစိုးရသတ်မှတ်သည့် ဈေးဖြင့် ရောင်းချရခြင်းတို့ကြောင့် ဆက်မလုပ်နိုင်တော့တဲ့အတွက် ပိတ်သိမ်းကုန်ကြတာ ဖြစ်ပါတယ်။

 

ကြက်စာဈေးနှုန်းက ၂၀၂၀ ဇန်နဝါရီလမှာ တစ်တန် ရင်းဂစ် ၁,၆၅၀ ဖြစ်ခဲ့ပြီး ယခု ရင်းဂစ် ၂,၆၅၀ အထက်မှာ ရောက်နေပါတယ်။ 

 

မလေးရှားနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်များအသင်းချုပ် Federation of Livestock Farmers Associations of Malaysia ဒုတိယဥက္ကဋ္ဌ Mr Lee Yoon Yeau က အစိုးရ သတ်မှတ်ဈေးမှာ ဖေဖော်ဝါရီလ ၅ ရက်မှ ဇွန်လ ၃၀ အထိ Grade C ကြက်ဥတစ်လုံး ရင်းဂစ် ၀.၃၉ ဖြစ်ပြီး ထတ်လုပ်မှုကုန်ကျစရိတ်မှာ ကြက်ဥတစ်လုံး ရင်းဂစ် ၀.၄၅ ဖြစ်နေကြောင်း၊ အစိုးရက ဈေးနှုန်းထိန်းရန် ထောက်ပံ့ကြေး ကြက်ဥတစ်လုံး ရင်းဂစ် ၀.၀၅ မျှသာ ပေးကြောင်း၊ ယခုအခါ နေ့စဉ်ထုတ်လုပ်နေတဲ့ ပမာဏအရ တစ်ရက်လျှင် ရင်းဂစ် ၁.၀၄ သန်း ရှုံးသည်။ တစ်လလျှင် ရင်းဂစ် ၄၂ သန်း ရှုံးနေခဲ့ကြောင်း ပြောကြားပါတယ်။ 

ဇူလိုင်နှင်ဩဂုတ်လများမှာ အစိုးရက ကြက်ဥတစ်လုံး ရောင်းဈေးကို ရင်းဂစ် ၀.၀၂ တိုးမြှင့် ပေးခဲ့ကြောင်း၊ ထောက်ပံကြေး တိုးပေးဖို့ကိစ္စ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိကြောင်း Mr Lee  က ပြောကြားပါတယ်။ 

အသင်းအနေဖြင့် ထောက်ပံ့ကြေးကို ကြက်ဥတစ်လုံး ရင်းဂစ် ၀.၀၈ ပေးစေလိုကြောင်း၊ သို့မှသာ အရင်းကြေသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ကြမှာ ဖြစ်ကြောင်း Mr Lee က ပြောကြားပါတယ်။ 

 

"ကျွန်တော်တို့ အမြတ်ရဖို့ ပြောဆိုနေကြတာ မဟုတ်ပါဘူး။ အရင်းကြေဖို့လောက်ကိုပဲ ပြောနေကြတာပါ။ ဒါမှ လုပ်သားခ၊ ကြက်စာခ စတာတွေကို ကျွန်တော်တို့ ပေးချေနိုင်ကြမယ်" လို့ သူက ပြောပါတယ်။ 

 

လုပ်ငန်းသေးတွေက အပြီးအပိုင် ရာသက်ပန် ပိတ်သိမ်းလိုက်ကြပြီ၊ ပိုကြီးတဲ့ ကြက်မွေးမြူရေးလုပ်ငန်းများကတော့ ထုတ်လုပ်မှုတွေ လျှော့ချထားကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ များများထုတ်ရင် များများ ရှုံးနေကြတယ်" လို့ သူက ပြောကြားပါတယ်။ 

 

"နောက်တစ်ချက်က အနည်းဆုံး လုပ်ခလစာကို မေလမှာ ရင်းဂစ် ၁,၂၀၀ မှ ရင်းဂစ် ၁,၅၀၀ သို့ တိုးမြှင့် သတ်မှတ်ခဲ့တော့ လုပ်သားခတွေ တိုးကုန်ပါတယ်" လို့ သူက ပြောကြားပါတယ်။ 

အရှုံးခံပြီး သတ်မှတ်ဈေးဖြင့် ဆက်လက်ရောင်းချနေကြရဦးမယ်ဆိုရင် ကြက်ဥ ပြတ်လပ်မှုတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ သူက သတိပေးပါတယ်။ 

"တကယ်လို့ အစိုးရက ကျိုးကြောင်းဆီလျော်တဲ့ ထောက်ပံ့ကြေး ပေးဖို့ စိတ်အားထက်သန်မှု မရှိဘူးဆိုရင် ရောင်းဈေးကို လွှတ်ပေးထားသင့်ပါတယ်။ ဈေးကွက်ရဲ့ ရောင်းလိုအား ဝယ်လိုအားတွေက ဆုံးဖြတ်ပေးလိမ့်မယ်" လို့ Mr Lee က အကြံပြုပါတယ်။ 

 

"ကြက်မွေးမြူရေးသမားတွေက အခုဆိုရင် အထူးကြပ်မတ်ကုသဆောင်တွင် သူရဲ့  နောက်ဆုံးထွက်သက်ကို အောင့်ထားတဲ့ အခြေအနေမျိုးမှာ ရောက်နေတယ်။ ကြက်မွေးမြူရေးလုပ်ငန်းကဏ္ဍက မကြာခင်မှာ ပြိုလဲသွားနိုင်တယ်" လို့ Mr Lee က အကြံပြုပါတယ်။ 

နှုန်းရှင်ဖြင့် လွှတ်ပေးထားတာ မလေးရှားမှာ အဆန်း မဟုတ်ကြောင်း၊ ရှေးယခင်က ကြက်ဥ ဈေးနှုန်းကို ပွဲတော်ရာသီတွေကျမှသာ ရောင်းဈေးသတ်မှတ်ပေးပြီး ထိန်းချုပ်ခဲ့ကြောင်း သူက ပြောကြားပါတယ်။

 

မလေးရှား မုန့်ဖုတ်၊ ဘီစကစ်၊ ကိတ်မု့န်၊ မီးနှင့် ကွေးတရောင် ကုန်သည်များ အသင်း Malaysian Bakery, Biscuit, Confectionery, Mee and Kuay Teow Merchants Association ဥက္ကဋ္ဌ Mr Lai Yee Kein က ကြက်ဥရောင်းဈေး ပြောင်းလဲရင် ကြက်ဥ သုံးစွဲတဲ့ လုပ်ငန်းများ ဖြစ်တဲ့ မုန့်လုပ်ငန်း၊ စားစရာလုပ်ငန်းများကို အများဆုံး သက်ရောက်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ 

"အခြေအနေက  အသုံးပြုမှုပမာဏနှင့် သုံးစွဲမှုအပေါ် မူတည်ပါတယ်။ လူတစ်ယောက်က ကြက်ဥ လျှော့စားဖို့ အမြဲတစေ ဖြစ်နိုင်ပါတယ်။ သူလျှော့စားလိုက်တဲ့ ကြက်ဥတွေက နောက်ဆုံးမှာ ခင်ဗျားနဲ့ ကျွန်တော်တို့လို သာမန်စားသုံးသူတွေဆီ ရောက်သွားလိမ့်မယ်" လို့ သူက ပြောကြားပါတယ်။ ကြက်ဥရောင်းဈေးနှုန်းကို သတ်မှတ်ပြီး ထိန်းချုပ်ထားတဲ့အတွက် ကြက်မွေးမြူရေးသမားတွေက ကုန်ကျစရိတ် မြင့်တက်နေလို့ အရှုံးပေါ်နေတာ သက်သာအောင်  ကြက်ဥတွေ လျှော့ထုတ်ကြမယ်။ ကြက်ဥ ပြတ်လပ်မှုတွေဆီကို ရောက်သွားကြလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။ 

 

"ကုန်ကြမ်းဈေးတွေ တစ်ဟုန်ထိုး တက်နေချိန်မှာ ကြက်မွေးမြူရေးသမားတွေကို ဈေးညှိဖို့ ခွင့်မပြုတာဟာ ကြောင်းကျိုး မဆီလျော်ပါဘူး။ အစိုးရအနေနဲ့ တိုင်းပြည်စီးပွားရေးကို ထိခိုက်စေတဲ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချသင့်ပါတယ်" လို့ သူက ဝေဖန်ပါတယ်။ 

ကာလတာရှည် ကြက်ဥပြတ်လပ်မှုဟာ ကြက်မွေးမြူရေးသမားများနှင့် စားသုံးသူများအတွက် ပိုမိုဆိုးရွားစေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါတယ်။

ဈေးနှုန်းမြင့်တက်ခြင်းရဲ့ နောက်ကွယ်က အကြောင်းပြချက်ကို စားသုံးသူတွေက နားလည်သင့်ပြီး ကြက်မွေးမြူရေးသမား၊ ကြက်ဥလုပ်ငန်းရှင်များကို အပြစ်မတင်သင့်ဘူးလို့ သူက ဆိုပါတယ်။

“မလေးရှားမှာ နိုင်ငံသားတွေ စားသုံးဖို့ လုံလောက်တဲ့ ပမာဏ ထက်ပိုလျံနေအောင်  ကြက်သားနဲ့ ဥတွေ  ပိုထုတ်ပါတယ်၊ ပြည်ပကိုတောင် တင်ပို့တယ်။ အခု ကြက်စာတွေ ဈေးတက်ကုန်တယ်။ အဲဒါကို ဈေးမတက်အောင် ကျွန်တော်တို့ ထိန်းချုပ်လို့ မရဘူး" လို့ သူက ပြောပါတယ်။ 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Source: .straitstimes. the star

Agriculture & Livestock Read 18301 times