၂၀၂၂ အာရှဈေးကွက် စားအုန်းဆီဈေးနှုန်း ခန့်မှန်းချက်များ


02 January, 2022

၂၀၂၂ အာရှဈေးကွက် စားအုန်းဆီဈေးနှုန်း ခန့်မှန်းချက်များ

 ကမ္ဘာပေါ်မှာ အသုံးအများဆုံး စားဆီဖြစ်တဲ့ စားအုန်းဆီ ဈေးနှုန်းဟာ ၂၀၂၂ မှာ ဆက်လက်မြင်တက်နေဦးမယ်လို့ ခန့်မှန်းထားပါတယ်။
 စားအုန်းဆီ အများဆုံး ထုတ်လုပ်တဲ့ အင်ဒိုနီးရှားမှာ ပို့ကုန်ခွန် ပြန်လည်စည်းကြပ်ခဲ့တာကြောင့် ရောင်းဈေး မြင့်တက်ခဲ့ပါတယ်။
 စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှာ ကာလရှည်ကြာ လုပ်သားမလုံလောက်တဲ့ ပြဿနာ ဆက်လက်ဖြစ်ပွားနေလို့ ကုန်ထုတ်စွမ်းအားလျော့ကျနေတာကြောင့် ထုတ်လုပ်မှု ပမာဏ လျော့ကျနေပါတယ်။
 

၂၀၂၁ မှာ စံချိန်တင် ဈေးမြင့်တက်ခဲ့ပြီး တစ်တန်ကို ရင်းဂစ် ၆,၀၇၁ (ကန်ဒေါ်လာ ၁,၂၁၃) ဖြစ်ခဲ့ပါတယ်။
ဆီအုန်းစိုက်ခင်းတွေအတွက် အလွန်လိုအပ်နေတဲ့ ပြည်ပလုပ်သား အထူးသဖြင့် အင်ဒိုနီးရှားတွေကို ပြန်ခေါ်နိုင်ဖို့ ကြိုးပမ်းနေသော်လည်း အိုမီခရွန် ကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဆီအုန်း ဆွတ်ခူးကာလမှာ အကန့်အသတ် ဖြစ်နေလို့ အထွက်လျော့နည်း နေပါတယ်။


ဖေဖော်ဝါရီလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးကာလမှာ စားအုန်းဆီ သုံးစွဲမှု မြင့်တက်မှာ ဖြစ်လို့ စားအုန်းဆီ တစ်တန်ဈေးနှုန်း ရင်းဂစ် ၅,၂၀၀ ဝန်းကျင်သို့ ရောက်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီကာလ နောက်ပိုင်းမှာ ရင်းဂစ်  ၄,၀၀၀ နဲ့ အောက် ဝန်းကျင်သို့ ပြန်လည် ကျဆင်းလိမ့်မယ်။


၁။ လုပ်သား

မလေးရှားမှာ လုပ်သားမလုံလောက်သဖြင့် ဆီအုန်း ထုတ်လုပ်မှု လျော့ကျတဲ့အတွက်ကြောင့် စားအုန်းဆီ ထုတ်လုပ်မှုလျော့ကျမယ်။ ကမ္ဘာ့စားအုန်းဆီဈေးကွက်ထဲသို့ တင်ပို့မှု လျော့ကျနေတာကို ၂၀၂၂ နှစ်လယ်ပိုင်းအထိ ဖြစ်ပေါ်နေမယ်။ စိုက်ခင်းရှင်တွေ ပြည်ပလုပ်သားများကို နစ်လယ်ပိုင်းမှာ ရရှိခဲ့ရင် ထုတ်လုပ်မှု တိုးသွားမယ်။ 
စင်ကာပူမှ Palm Oil Analytics ပိုင်ရှင် Sathia Varqa က "တကယ်လို့ စီစဉ်နေတဲ့အတိုင်း စိုက်ခင်းထဲ မေ၊ ဇွန်မှာ လုပ်သားတွေ ရောက်လာကြရင် ထုတ်လုပ်မှု သိသိသာသာ တိုးသွားမယ်။ ထုတ်လုပ်မှု ၆% တိုးနိုင်တယ်။ တန်ချိန် ၁၉.၂ သန်းအထိ ဖြစ်လိမ့်မယ်" လို့ သူက ခန့်မှန်းပါတယ်။
လုပ်သားတွေ စိုက်ခင်းထဲ ရောက်မရောက်ဆိုတဲ့အချက်ပေါ် မူတည်နေပါတယ်။

ထိပ်တန်း ထုတ်လုပ်သူ အင်ဒိုနီးရှားမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်မယ်။ အင်ဒိုနီးရှား စားအုန်းဆီအသင်း Indonesian Palm Oil Association ဥက္ကဋ္ဌ Togar Sitanggang က ပထမ ၃ လမှာ အထွက်နည်းနေဦးမယ်လို့ ခန့်မှန်းပါတယ်။ တစ်နှစ်တာအနေဖြင့် ၃% တိုးမယ်။ တန်ချိန် ၄၈ သန်းဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

၂။ လာနီညာ La Nina

လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားနဲ့ မလေးရှားမှာ မိုးများပါမယ်။
မလေးရှားမှာ မကြုံစဖူး ရေကြီးတာတွေ ဖြစ်ပေါ်နေပြီး ဆီအုန်း စိုက်ခင်းတွေမှာ ဆွတ်ခူးမှု ထိခိုက်ပါတယ်။ သယ်ယူပို့ဆောင်ရေးမှာလည်း ပြတ်တောက်ကုန်ပါတယ်။ လုပ်ငန်းရပ်ဆိုင်းထားရတာတွေ ရှိပါတယ်။ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး ဆိပ်ကမ်း Port Klang ယာယီပိတ်ထားရပါတယ်။ 
မိုးများ ရေကြီးတာကြောင့် စားအုန်းဆီ ဈေးနှုန်း အမြင့်မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

၃။ ဓာတ်မြေဩဇာစရိတ်များ
ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် စိုက်ခင်းရှင်များ၊ အထူးသဖြင့် အငယ်စားစိုက်ခင်းရှင်များ အနေဖြင့် ဆီအုန်းစိုက်ခင်းများတွင် ဓာတ်မြေဩဇာ သုံးစွဲမှုကုိ မဖြစ်မနေ ချွေတာကြရပါတယ်။ ရလဒ်အဖြစ် အထွက်နှုန်း လျော့ကျမယ့် အလားအလာ ဖြစ်ပေါ်နေစေပါတယ်။ ဓာတ်မြေဩဇာ လျော့မသုံးလို့ အထွက်များခဲ့ရင်လည်း လုပ်သားမရခဲ့ရင် မခူးဆွတ်နိုင်တာကြောင့် အကြောင်းမထူးဘူး။
 Asean Plantation Research မှ ညွှန်မှူး Leow Huey Chuen က "လက်ရှိ ဓာတ်မြေဩဇာဈေးနှုန်းများအရ စားအုန်းဆီ ထုတ်လုပ်မှု ကုန်ကျစရိတ်က ပြီးခဲ့တဲ့နှစ်ထက် ၂၀၂၂ မှာ ခန့်မှန်းခြေအားဖြင့် ၁၅~၂၀% ပိုများပါတယ်။ စားအုန်းဆီ ဈေးနှုန်းမြင့်မားနေတာက ကုန်ကျစရိတ် မြင့်မားတာကို ထေမိပါတယ်။ ဒါပေမဲ့ လိုအပ်နေတဲ့ ဓာတ်မြေဩဇာကို အချိန်မီ ရမှာလား ဆိုတာက ပြဿနာ ဖြစ်နေပါတယ်" လို့ ရှင်းပြပါတယ်။

၄။ ဝယ်လိုအား မသေချာခြင်း
စားအုန်းဆီ ဈေးနှုန်းများ မိုးထိအောင် မြင့်တက်ရင် စားသောက်ကုန် ကုန်ဈေးနှုန်း မြင့်တက်မယ်။ အများဆုံး ဝယ်ယူသုံးစွဲနေတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဝယ်လိုအား လျော့ကျသွားနိုင်တယ်။ နေကြာဆီ၊ ပဲပုပ်ဆီတို့ကို အစားထိုး ဝယ်ယူသုံးစွဲကြလိမ့်မယ်။
  "ဈေးနှုန်းတွေက ၂၀၂၁ မှာ ဒေါ်လာ ၁,၂၀၀ အထက်မှာ ရှိနေခဲ့တော့ ဝယ်ယူသူတွေ နေသားကျသလို ဖြစ်လာတယ်။ ဒါပေမဲ့ ဒေါ်လာ ၁,၃၀၀ အထက်ကို ရောက်နေရင်တော့ သူတို့က မဝယ်သေးဘဲ နေလိုက်ကြပြီး ပဲပုပ်ဆီ၊ နေကြာဆီတို့ကို ဝယ်ဖို့ အားသန်ကြလိမ့်မယ်" လို့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှ ကုန်သည် Gnanasekar Thiagarajan က ပြောပြတယ်။

၅။ ဘိုင်အိုဒီဇယ်အဖြစ် အသုံးပြုခြင်း

အင်ဒိုနီးရှားမှာ စားအုန်းဆီကို ဒီဇယ်နှင့် ရောနှောပြီး ဘိုင်အိုဒီဇယ် သုံးစွဲဖို့ အစီအစဉ် ချမှတ်ထားတာကြောင့်လည်း စားအုန်းဆီ ဈေးတက်စေပါတယ်။
၂၀၂၁ မှာ ဘိုင်အိုဒီဇယ် ကီလိုလီတာ ၉.၄ သန်း သုံးစွဲဖို့ လျာထားခဲ့ပြီး ၂၀၂၂ မှာ ကီလိုလီတာ ၁၀.၁၅ သန်း လျာထားပါတယ်။ဘိုင်အိုဒီဇယ်ကို ဈေးလျှော့ရောင်းနိုင်ဖို့အတွက်  စားအုန်းဆီကြမ်း၊ စားအုန်းဆီသန့် တင်ပို့မှုအပေါ် ပို့ကုန်ခွန်စည်းကြပ်ပြီး ရရှိလာတဲ့အခွန်ငွေဖြင့် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

theedgemarkets.com

Agriculture & Livestock Export, Import Industry Reviews Read 2676 times