မြန်မာငွေကြေး တန်ဖိုးကျဆင်းတာနဲ့အတူ လုပ်ငန်းအများအပြား ရပ်လုနီးပါးဖြစ်


29 September, 2021

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာတဲ့နောက် ပြည်တွင်းစီးပွားရေးကို အဓိက မောင်းနှင်နေတဲ့ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းတွေ၊ အောက်ခြေ စီးပွားရေး လုပ်ငန်းတွေဟာ ရပ်ဆိုင်းလုနီးနီး ဖြစ်နေပြီလို့ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေက ပြောလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ရှားပါးလာတာနဲ့ အတူ ကုန်ကြမ်း သွင်းကုန် ဈေးနှုန်းတွေ လိုက်တက်လာပြီး တချို့လုပ်ငန်းတွေဟာ လက်ရှိအခြေအနေကို ထိန်းမထားနိုင်တော့ဘဲ လုပ်ငန်းရပ်ဖို့အထိ စဉ်းစားလာကြတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ဝန်ထမ်းအင်အား အတော်အသင့်နဲ့ နှစ်ပေါင်းများစွာ လည်ပတ်ခဲ့တဲ့ ကြီးပွားရေးမုန့် တိုက်ဟာ သူ့ရဲ့လုပ်ငန်းတွေကို မကြာခင်လုံးဝရပ်နားပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ယိမ်းယိုင်လာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်ဘဲ အခုလို ဆုံးဖြတ်လိုက်ရတာလို့ မုန့်တိုက်ပိုင်ရှင် ဦးဌေးကြွယ်က ပြောပါတယ်။
လုပ်ငန်းထဲ မဖြစ်မနေထည့်ရတဲ့ ပြည်ပကုန်ကြမ်းတွေက အမေရိကန်ဒေါ်လာဈေးအတိုင်း တရိပ်ရိပ်တက်နေပြီး တဘက်မှာ အမြတ်ပြန်ရဖို့ အတော်လေး ရုန်းကန်နေရတယ်လို့ သူက ဗွီအိုအေကို ပြောတာပါ။ ဒီအတိုင်း ဆက်ပြီးသွားမယ်ဆိုရင် သူ့လိုပဲ တခြားအသေးစား လုပ်ငန်းတွေ တဖြည်းဖြည်း လဲပြိုသွားနိုင်တယ်လို့ ပြောပါတယ်။
“မုန့်တိုက်တောင် ကျနော်တို့က အခုလောလောဆယ် ကိုဗစ်အခြေအနေနဲ့ ပိတ် ထားရာက အခုနည်းနည်းပြန်ဖွင့်စမှာ အခုလိုဖြစ်တော့ ပိတ်ဖို့ အစီအစဉ် ဆွဲနေရတယ်။ Second wave မတိုင်ခင်မှာကောင်းတယ်၊ ပြန်ပြီး နည်းနည်း လည်ပတ်နေတယ်၊ လည်ပတ်နေတုန်း နိုင်ငံရေးတွေဝင်လာတော့ ပြန်ပြီး ပိတ်လိုက်ရတယ်၊ အခုကတော့ ပြောရမယ်ဆိုရင် လုံးဝအခြေအနေ မကောင်းဘူး။ တဖြည်းဖြည်း ပိတ်ဖို့လည်း ကျနော်တို့ အစီအစဉ် ဆွဲနေပါတယ်။ ဒါကြီး ( လုပ်ငန်းသေးတွေ) ကတော့ လုံးဝပြိုကျမှာပဲ။ ဘာလို့လဲဆိုရင် အကုန်လုံးက ဈေးတွေက လုံးဝ နှစ်ဆ၊ သုံးဆဆိုတော့။ ပြီးရင်အဲဒီမှာ ကျနော်တို့က အလုပ်သမားကြေး၊ ဘာကြေး ညာကြေးနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။”
တချို့ လုပ်ငန်းတွေကတော့ ဆက်လက်ရပ်တည်နိုင်ဖို့ ထုတ်ကုန်တွေကို ဈေးတင် လိုက်ရပါတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်၊ ဆီ ဒါတွေအားလုံး သယ်ယူပို့ဆောင် ခကြောင့် ဈေးနှစ်ဆတက်လာပြီး နောက်ဆုံးတော့ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို စားသုံးသူကပဲ ခံစားရတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။
“တော်တော်လေးတော့ အခြေအနေက မကောင်းကြဘူး၊ တချို့လုပ်ငန်းကြီးတွေဆိုရင် စပြီးကြေညာပြီ။ ပစ္စည်းလောလောဆယ် အရောင်းရပ်ထားတယ်ဆိုတဲ့ဟာမျိုးပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီဒေါ်လာဈေးက ဘယ်လောက်အထိ တက်သွားမလဲဆိုတာ မသိသလို ဒီနေ့ရောင်းပြီးရင် နောက်နေ့ ပြန်ဝယ်ဖို့တောင်မှ မလွယ်တော့တဲ့ အခြေအနေဆိုတော့ ဥပမာ တချို့ဂျုံဆိုင်တွေ ဘာတွေဆိုရင် သူတို့ကြေညာတာ ရှိတယ်။ ဂျုံတွေဆက်ပြီး supply မလုပ်နိုင်သေးဘူး၊ ယာယီရပ်ထားပါမယ်ဆိုတာ အခုဖြစ်လာတယ်ပေါ့။ အဲဒီတော့ စားသောက်ဆိုင်တွေအနေနဲ့လည်း ဒီလိုပဲ၊ ကုန်ကြမ်းတွေက မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ရပါတယ်၊ ဒါပေမဲ့လည်း ဈေးတွေက တအားတက်သွားတော့ ဘာဖြစ်လာလဲဆိုတော့ menu တွေမှာ ဈေးနှုန်းတွေ ပြန်ပြင်ရတော့ တချို့ ကမောက်ကမတွေ ဖြစ်ပြီး ဈေးတွေက အများကြီး တက်သွားတယ်ပေါ့။ နောက်ဆုံး ဘယ်မှာပြန်ထိမလဲဆိုတော့ စားသုံးသူမှာပဲ ပြန်ထိမှာပေါ့။ သေချာတာကတော့ အခုလို အကျပ်အတည်းကာလမှာ စားသုံးသူတွေ နည်းသွားမယ်၊ ငှားရမ်းခတွေနဲ့ ဝန်ထမ်းစရိတ်တွေ မနိုင်တဲ့တချို့လည်း ရုပ်သိမ်းသွားတဲ့ ဆိုင်တွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ဒီ impact ( အကျိုးဆက်) ကတော့ ကျနော်တို့အားလုံး ထိကြတော့မှာပဲ ဒီအချိန်မှာ။”
အထွေထွေ ကုန်ဈေးနှုန်းတွေကို ထိန်းထားနိုင်ဖို့အတွက် စီးပွားကူးသန်းဌာနနဲ့ စက်သုံးဆီ၊ တင်သွင်းဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက်ကစလို့ စက်သုံးဆီကို ပြင်ပဈေးထက်နည်းတဲ့နှုန်းနဲ့ ရောင်းချပေးနေတာပါ။ ဒီလို ဈေးချပြီး ရောင်းပေးမယ့်ကုမ္ပဏီတွေအတွက်လည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ဈေးလျှော့ပြီး ရောင်းပေးနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာ စက်သုံးဆီလိုအပ်ချက်က များပြားနေတဲ့အတွက် ပြင်ပဈေးကွက်မှာတော့ ဓာတ်ဆီတလီတာကို ကျပ် ၁,၅၀၀ ဝန်းကျင်အထိ ရောက်လာတာပါ။
လောင်စာဆီလိုမျိုး အခြေခံအကျဆုံးသွင်းကုန်တွေ ဈေးတက်ပြီဆိုရင်တော့ တခြား စီးပွားရေးကဏ္ဍ အသီးသီးမှာပါ ဆင့်ပွား ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ကြောင်း ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်သူဖြစ်တဲ့ ဦးခိုင်ဝင်းက ပြောပါတယ်။
“သွင်းကုန်တွေပေါ့နော်.. ရှားလာတော့မယ်။ သူတို့တက်ပြီး သိပ်မကြာခင်မှာပဲ သွင်းကုန်တွေကို စပြီးကန့်သတ်လာရတယ်။ အခု စက်သုံးဆီနဲ့ စားသုံးဆီတို့အပေါ်မှာ ရိုက်ခတ်မယ်၊ အဓိကအခု ဓာတ်ဆီဈေးနှုန်းတွေ အရမ်းတက်တယ်၊ တက်တဲ့အတွက်လည်း အခု ကိုတာနဲ့ပုံစံမျိုးပေါ့ တချို့စက်သုံးဆီသွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းပေးတယ်၊ အဲဒီကုမ္ပဏီတွေမှာကို ဈေးက တမျိုးဖြစ်တယ်။ တချို့ပိတ်ထားပြီလို့တောင် ကြားတယ်၊ မရောင်းနိုင်တော့ဘူး။ အဲဒီတော့ စက်သုံးဆီတက်ရင် သယ်ယူပို့ဆောင်ရေးတက်ပြီ၊ ဆိုတော့... ကုန်ဈေးနှုန်းက မြင့်လာပြီပေါ့။ အဲဒီတော့ အဆိုးသံသရာ ပိုပိုပြီးတော့ လည်လာတဲ့ သဘောပဲပေါ့။ အခု ဓာတ်ဆီဈေးတက်လို့ပဲ ဓာတ်မြေဩဇာ ဈေးတက်ရင် ဓာတ်မြေဩဇာ ရောင်းတာတွေ ကျသွားတယ်၊ လယ်သမားတွေကလည်း ဓာတ်မြေဩဇာကို မထည့်နိုင်တော့ဘူး၊ ဈေးတော်တော်တက်တယ်ပြောတယ် ရခိုင်တို့ဘာတို့မှာ။ သူတို့မရင်းနိုင်တဲ့ အခါကျတော့ သီးနှံထွက်နှုန်းတွေ ကျတယ်၊ လယ်သမားတွေရဲ့ ဝင်ငွေ နည်းသွားပြီ၊ လယ်ယာကဏ္ဍအပေါ်မှာ အများကြီးမှီခိုနေရတာ။ အဲဒီတော့ အလုပ်လက်မဲ့တွေ ပိုပြီးတော့ ဖြစ်လာကြမယ်၊ အဲဒီတော့ နောက်ဆက်တွဲ နောက်ဆက်တွဲတွေ ထပ်ဖြစ်မယ်ပေါ့။”
အာရှပစိဖိတ်ဒေသတွင်းမှာလည်း ကူးစက်မြန် delta ကိုဗစ်ကပ်ရောဂါပိုးကြောင့် စီးပွားရေး ဆက်လက် နှေးကွေးနေပြီး နိုင်ငံတွေကြားမှာ တိုးတက်မှု မညီမျှတာတွေ ရှိနေပါတယ်။ ဒီအထဲမှာ စစ်အာဏာသိမ်းခံရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားနေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံထဲမှာပါရှိပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့အရှေ့အာရှ ပစိဖိတ်ဒေသအတွက် ၂၀၂၁ ခုနှစ် ဆောင်းဦးကာလ ခန့်မှန်းအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ စီးပွားရေး အထိခိုက်ဆုံး နိုင်ငံတွေထဲမှာပါပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဆင်းရဲနွမ်းပါးသူတွေ ပိုများလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံ့ စီးပွားရေးကလည်း ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းကျဆင်းသွား

မြန်မာကျပ်ငွေတန်ဘိုးဟာ စက်တင်ဘာလဆန်းကတည်းကဆိုရင် ၆၀% ကျော် ကျသွားပြီး စားသောက်ကုန်နဲ့ လောင်စာဆီဈေးနှုန်းတွေ တက်နေတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
နိုင်ငံတကာ အကျပ်အတည်းအခြေအနေတွေကို စောင့်ကြည့်လေ့လာတဲ့ ICG အဖွဲ့ရဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Richard Horsey က "ကျပ်ငွေတန်ဘိုးကို စီးပွားရေးအခြေအနေပေါ် တိုင်းတာမှုတခုအဖြစ် မြင်ကြတာနဲ့အမျှ ဗိုလ်ချုပ်ကြီးတွေဟာ ဒီအပေါ် အတော့်ကို အရူးအမူးဖြစ်လွန်းတာမို့ သူတို့အတွက် စိုးရိမ်စရာဖြစ်စေပါလိမ့်မယ်။ ဒါက သူတို့အပေါ် အကဲဖြတ်ချက်တခုပါပဲ" လို့ ပြောပါတယ်။
အမေရိကန်ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ ကျပ်ငွေတန်ဘိုး တနေ့ထက်တနေ့ ကျလာနေပြီး ရောင်းဈေး တဒေါ်လာကို ၂,၇၀၀ ကျပ် ဝန်းကျင်အထိရှိတယ်လို့ ငွေကြေးအရောင်းအဝယ်ဈေးကွက်နဲ့ နီးစပ်သူတွေက ပြောကြပေမယ့် အဲဒီဈေးနဲ့ တကယ်တမ်း အရောင်းအဝယ်ဖြစ်သလားဆိုတာကတော့ မသေချာလှပါဘူး။
ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ နည်းလာနေပြီး ငွေလဲလုပ်ငန်းတချို့ အရောင်းအဝယ်ရပ်လိုက်ကြပါတယ်။ ရန်ကုန်မြို့က Northern Breeze ဆိုတဲ့ ငွေလဲလုပ် ငန်းတခုက လက်ရှိမှာ ငွေကြေးဈေးနှုန်းတည်ငြိမ်မှုမရှိတာ၊ ဝယ်လိုအား ရောင်းလိုအား မျှတမှုမရှိတာကြောင့် သူတို့ဆိုင်ခွဲအားလုံးကို ယာယီပိတ်ထားတယ်လို့ ဖေ့စ်ဘုတ်မှာ ဒီကနေ့ရေးထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေက ဒေသတချို့မှာ လက်နက်ကိုင် တိုက်ခိုက်တာတွေ ပိုတိုးလာနေတာနဲ့အမျှ အခုလို ငွေကြေးဈေးကွက်နဲ့ စီးပွားရေးတခုလုံးပါ ယိမ်းယိုင်လာနေတာပါ။
"နိုင်ငံရေးအခြေအနေ ပိုဆိုးလာတာနဲ့အမျှ ငွေလဲနှုန်းကလည်း ပိုဆိုးလာမှာပဲ" လို့ အမည်မဖော်လိုတဲ့ ဘဏ်အရာရှိတဦးက ရိုက်တာကိုပြောပါတယ်။
စီးပွားရေးကျဆင်းတာကနေ စားသောက်ကုန်ဈေးနှုန်းတွေလည်း တက်လာနေပြီး မြန်မာလူထု ၃ သန်းပတ်ဝန်းကျင်ဟာ လူသားစာနာမှုအကူအညီ လိုအပ်နေပြီလို့ လူသားစာနာမှုလုပ်ငန်းများ ညှိနှိုင်းရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီသီတင်းပတ်ထဲ ပြောထားပါတယ်။ အကူအညီလိုအပ်သူ အရေအတွက်ဟာ စစ်အာဏာမသိမ်းခင်က ၁ သန်းရှိခဲ့တာကြောင့် အခုဆို ပိုတိုးလာတာပါ။
စီးပွားရေးလုပ်ငန်းတွေ ထိခိုက်တဲ့ထဲမှာ ပြည်ပကနေ ကုန်ကြမ်းသွင်းရတဲ့လုပ်ငန်း တွေ ပိုပြီး အထိနာကြပါတယ်။ ရန်ကုန်မြို့က ပလတ်စတစ်အိတ်ထုတ် လုပ်ငန်းရှင်တဦးက မဖြစ်မနေ ဈေးတင်ရောင်းရပြီး ရောင်းအားက ၃၀% လောက် ကျသွားတယ်လို့ ရိုက်တာကိုပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ တနင်္လာနေ့ထုတ် အစီရင်ခံစာထဲမှာ မြန်မာ့စီးပွားရေးဟာ ဒီနှစ်ထဲ ၁၈% ကျဆင်းမယ်လို့ ခန့်မှန်းထားပြီး ကိုဇော်ဆိုတဲ့ ရန်ကုန်မြို့ခံတဦးကတော့ "လူတွေ ပိုပြီး ဆင်းရဲလာကြမှာပါပဲ" လို့ ရိုက်တာကို ပြောပါတယ်။

 

VOA

 

 

 

Local News Read 14862 times