စက်တင်ဘာလ ၂၀ ရက် ရန်ကုန် ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ ပြန်ပြီးတက်


21 September, 2021

စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်က ‌ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ ပြန်ပြီး တက်လာခဲ့တယ်လို့ ရန်ကုန်စျေးကွက် အတွင်းကသိရပါတယ်။

‌ရန်ကုန် ‌ရွှေစျေးက အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၈ သိန်း ငါးသောင်းကျော်နဲ့ ဒီကနေ့ စျေးပိတ်သွားခဲ့ပါတယ်၊

ရန်ကုန်က ငွေလဲကောင်တာ အချို့မှာ ဒီကနေ့ အမေရိကန်တစ်ဒေါ်လာကို သူတို့ဆီကဝယ်ရင် ၂၀၁၀ ကျပ်ကျော်နဲ့ စျေးပေါက်နေပြီးတော့ ကောင်တာတွေကို ပြန်ရောင်းရင်တော့ ၁၉၈၀ ကျပ်နဲ့ ဝယ်တာတွေ့ရပါတယ်။

ဗဟိုဘဏ်ကတော့ အမေရိကန်ဒေါ်လာ ၁၅ သန်းဒီနေ့ စျေးပြိုင်လေလံနဲ့ရောင်းချပေးခဲ့ပြီး လေလံစျေးက အမေရိကန်တစ်ဒေါ်လာကို ၁၇၅၀ ကျပ်ဖြစ်တယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗဟိုဘဏ်က အမေရိကန်‌ဒေါ်လာ ၂၃ သန်းကို စျေးကွက်အတွင်းတစ်ဒေါ်လာ ၁၇၅၀ ကျပ်နူန်းနဲ့ ဝင်ရောင်းပေးခဲ့တာရှိပြီး၊အဲ့ဒီနောက်မှာ အမေရိကန်ဒေါ်လာစျေးတွေ တစ်ဒေါ်လာကို ကျပ် ၂၀၀၀ အောက်ပြန်ကျလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်က  ဒေါ်လာစျေးနဲ့ ရွှေစျေး ကစားနေသူတွေကို ဖော်ထုတ်အရေးယူဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီနောက်  ဒေါ်လာစျေးကွက်နဲ့ ရွှေစျေးကွက်ထဲ ဝင်ရောက်ထိန်းကျောင်းဖို့ ကြိုးစားလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာနဲ့ မြန်မာ‌ငွေတို့ ဝယ်ရောင်းလုပ်ရာမှာ အများဆုံးထားရမဲ့ ကွာဟချက်ကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီး နူန်းရှင်ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ‌ဒေါ်လာစျေးတွေ တစ်ဒေါ်လာကို ၂၀၀၀ ကျပ်အထက်စျေးပေါက်ခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်က‌ ဒေါ်လာတွေစျေးပြိုင်ဝင်ရောင်းလို့ ပြန်ကျလာခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့စက်တင်ဘာလ ၂၀ ရက်နေ့ စျေးကွက်အတွင်း အမေရိကန်ဒေါ်လာစျေးတွေ တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ‌အောက်ကန တဖြည်းဖြည်း ပြန်တက်လာပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ၂၀၀၀ အထက်ကိုပြန်ရောက်လာခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းက ရန်ကုန်မှာ အမေရိကန်တစ်ဒေါ်လာကို လုပ်ငန်း‌ငွေပေးချေမှုတွေမှာ ၁၉၄၀ ကျပ်နဲ့ တွက်ချက်ပြီးပေးချေခဲ့ရကြောင်းနဲ့ ညနေပိုင်းမှာ ငွေလဲနူန်း တွေ အခုလိုပြောင်းလာတာဖြစ်တယ်လို့လည်း ရန်ကုန်က လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က ၂၀ ရက်နေ့ အထိဗဟိုဘဏ်က စျေးကွက်ထဲကို ဒေါ်လာထုတ်ရောင်းတာ ၃၈ သန်းရှိလာပြီ ဖြစ်ပါတယ်။

အလားတူ ဒီက‌နေ့ ရန်ကုန်က ရွှေစျေးတွေလည်းအကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ၁၈ သိန်းကျော်လာတယ်လို့ ရန်ကုန်ရွေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရွှေအရောင်းအ၀ယ်တွေကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြဖို့ အသင်းရုံးခန်း ဖွင့်ချိန်ပိတ်ချိန် ပြောင်းလဲသတ်မှတ်တဲ့ အလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလ (၁၈)ရက်နေ့မနက်ပိုင်းက ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်း အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီးတော့ ရောင်းတာဝယ်တာတွေကို ၁၀ ကျပ်သားစီပဲ လုပ်ကြဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရွှေနဲ့ ကျပ်ငွေ သယ်ယူခွင့် ထောက်ခံချက်လက်မှတ်တွေကို အသင်းဝင်တွေကို ထုတ်ပေးဖို့ ရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာတော့ ရွှေစျေးနှုန်း ကျပ် ၁၈သိန်း ငါးသောင်းအထိ စျေးပြန်တက်လာတာဖြစ်ပါတယ်။ ။

"အရင်တနင်္လာက ၁၈သိန်း ၁သောင်းအထိကျတယ်၊ အခုတော့ ၁၈သိန်း ၅သောင်းအထိ နည်းနည်းပြန် တက်လာတယ်။ စျေးကတော့ ၁၈ သိန်းနဲ့ ၁၉သိန်းကြားမှာရှိနေတာပဲ။"လို့ ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ ကိုဇော်အောင်က ဘီဘီစီကိုပြောပါတယ်။

အာဏာပိုင်တွေက အခုလို ရွှေစျေးတက်တာဟာ စျေးကွက် ကစားတာကြောင့်လို့ ဆိုကာ ရွှေစျေးကစားသူတချို့ကို ခေါ်ယူသတိပေးတာတွေလုပ်တယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီလိုအခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်းကျော်လာတာဟာ မြန်မာ့ရွှေစျေးသမိုင်းမှာအမြင့်ဆုံး မှတ်တမ်းဝင်တဲ့ စျေးလည်းဖြစ်သလို အမေရိကန်ဒေါ်လာနဲ့ မြန်မာ‌ငွေလဲနူန်း တစ်ဒေါ်လာကို ၂၀၀၀ ကျော်လာတာဟာ စံချိန်တင်တဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

ဘီဘီစီ

Local News Banking & Loan Read 5440 times