ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာရေးအတွက် နည်းလမ်းရှာ


25 November, 2021

မြန်မာနိုင်ငံမှာ လုပ်ကိုင်လျက်ရှိသော နိုင်ငံတကာ ကုမ္ပဏီများသည် အမေရိကန်၊ အီးယူ၊ ယူကေနှင့် ကနေဒါတို့မှ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် တစ်ဦးတစ်ယောက်ချင်းအရနှင့် ကုမ္ပဏီအရ ပိတ်ဆို့အရေးယူခြင်း (sanction) စာရင်းဝင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် ကင်းရှင်းဖို့အတွက် လုပ်ဆောင်လျက်ရှိကြသည်။

 

Adani
Adani Ports and Special Economic Zone Ltd(APSEZ) က မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး ဆောက်လုပ်ဆဲဖြစ်သော ကွန်တိန်နာ ဆိပ်ခံကို ရောင်းချရန် ဝယ်လက်များကို ရှာဖွေလျက် ရှိသည်။ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ငြိစွန်းမည့်အရေး ရှိနေသဖြင့် ဝယ်ယူရန် အလားအလာ ရှိသူတို့သည် APSEZ ကဲ့သို့ပင် ကြုံရမည့် စိန်ခေါ်မှု ရှိနေပြီး ယင်းစိန်ခေါ်မှုကို ရင်ဆိုင်လိုကြမည် မဟုတ်ချေ။ အမေရိကန် ပိတ်ဆို့အရေးယူမှုကြောင့် ထိခိုက်မှု မရှိနိုင်သဖြင့် စိုးရိမ်စရာ မလိုသော ပြည်တွင်း လုပ်ငန်းစုများတွင် ဖြစ်စေ တရုတ်နိုင်ငံမှ လုပ်ငန်းစုများ ဖြစ်စေ တို့ကသာ ဆိပ်ခံကို စိတ်ဝင်စားကြမည်ဖြစ်သည်ဟု သုံးသပ်ကြသည်။ 

"ကျွန်တော်တို့က ထွက်မယ်လို့ ပြောတာက ကျွန်တော်တို့ အဲဒီဆိပ်ခံကို ရောင်းတဲ့ လုပ်ငန်းစဉ်ထဲမှာ ရောက်နေတယ်လို့ ဆိုလိုပါတယ်။ ဆိပ်ခံကို ကျွန်တော်တို့ စွန့်ပစ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့  ရောင်းချတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်မယ်။ ဝယ်လက်များထံမှ အကောင်းဆုံးတန်ဖိုး ကျွန်တော်တို့ ရနိုင်မလဲဆိုတာကို ကြည့်မယ်။ အခုဘဏ္ဍာရေးနှစ် အကုန်မှာ အရောင်းအဝယ် ပြီးပြတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" ဟု စီအီးအို Karan Adani က ဒုတိယသုံးလပတ်ရငွေ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

Adani အဖို့မှာ ပိတ်ဆို့အရေးယူခံရနိုင်သော မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုတစ်ခုကြောင့် ၎င်း၏ အခြားနိုင်ငံများရှိ စီးပွားရေးများ တစ်နွယ်ငင် တစ်စင်ပါ ထိခိုက်နိုင်သည်။ Adani Group သည် ၎င်း၏ ဆိပ်ကမ်းများနှင့် ပြန်ပြည့်မြဲစွမ်းအင် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ငွေချေးစာချုပ်များ ရောင်းချပြီး ကြီးမားသော ငွေပမာဏကို အမေရိကန် ရင်းနှီးမြှုပ်နှံသူများထံမှ ရယူထားသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေမည်ဆိုပါက ထိုချေးငွေရယူမှုများကို ထိခိုက်လာနိုင်သည်။ 

စီမံကိန်းသည် အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း အမှတ်(၂)  Ahlone International Port Terminal 2 (AIPT 2) ကို မြေဧရိယာ ၅၄ ဧကပေါ်တွင် ဆောက်လုပ်ခြင်းဖြစ်ပြီး မြေကို မြန်မာစီးပွားရေးကော်ပိုရေးရှင်း Myanmar Economic Corporation Ltd (MEC) ထံမှ ငှားရမ်းသည်။ Myanmar Economic Corporation Ltd (MEC) သည် အမေရိကန်အစိုးရမှ ပိတ်ဆို့အရေးယူခံရသည့်အထဲတွင် ပါဝင်နေသည်။ 
စီမံကိန်းအတွက် Engineering, procurement, and construction (EPC) အပိုင်းကို ITD Cementation India Ltd က တာဝန်ယူထားသည်။

ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာရခြင်းသည် APSEZ ၏ အတူတကွ ကြိုးသီ မဟာဗျူဟာကို နောက်ပြန်လိမ့်သွားစေသည်။ ကုန်းမြေတိုက်ခွဲများမှ ဆိပ်ကမ်းများကို အိန္ဒိယမှ ကိုလံဘိုနှင့် မြန်မာအထိ လည်ဆွဲသဖွယ် ကြိုးသီပြီး အရှေ့တောင်အာရှ လောဂျစ္စတစ်ကဏ္ဍတွင်အဆင်ပြေမှုတစ်ရပ် ပေးအပ်ဖို့အတွက် ကြိုးပြတ်သွားခြင်း ဖြစ်သည်။ 

 

APG
ဂျပန်၊ တောင်ကိုရီးယားနှင့် စင်ကာပူ ကုမ္ပဏီများသည် ကင်းကင်းရှင်းရှင်း မဖြစ်ခဲ့လျှင်နိုင်ငံတကာ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုများက ထည့်ဝင်ထားသည့် အရင်းအနှီး နုတ်သိမ်းမည့် အရေးကို ရင်ဆိုင်နေရသည်။ 

Kirin နှင့်  Posco တို့သည် စစ်တပ် ကျောထောက်နောက်ခံ ပြုပေးသည့် Myanmar Economic Holdings Ltd (MEHL)နှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် ဖိအားအပြင်းထန်ဆုံး ကျရောက်နေသည်။

ဒတ်ခ်ျ ပင်စင် ရန်ပုံငွေ APG သည် ကမ္ဘာတစ်လွှားတွင် ရင်းနှီးမြှုပ်နှံမှု အစုစုတို့ကို အမေရိကန်ဒေါ်လာ ၇၀၀ ဘီလျံဖြင့် လုပ်ကိုင်လျက်ရှိရာ၌ ဂျပန်မှ အဖျော်ယမကာလုပ်ငန်း Kirin နှင့် တောကိုရီးယားမှ စတီးလုပ်ငန်း Posco တို့တွင် အရင်းအနှီးများ ထည့်ဝင်ထားသည်။ APG က Kirin နှင့် Posco တို့ကို စစ်တပ်ထိန်းချုပ်ထားသည့် ကုမ္ပဏီစုများနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကို အဆုံးသတ်ရန် ပြောကြားထားသည်။ ကုမ္ပဏီ နှစ်ခုစလုံးက ကင်းရှင်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိကဝတ် ပေးထားပြီး ဖြစ်သည်။ သို့သော် လာမည့်နှစ်တွင် သိသာထင်ရှားသည့် တိုးတက်ဖြစ်ပေါ်မှု မရှိခဲ့လျှင် ထည့်ဝင်ထားသည့် အရင်းအနှီးများကို နုတ်သိမ်းမည်ဖြစ်ကြောင်း APG က ပြောကြားခဲ့ပါသည်။

APG မှ အကြံပေး Park Yoo-kyung က "၁၂ လ ဆိုတာ လုံလောက်တဲ့အချိန်ပါ . . . ကျွန်တော်တို့ စောင့်ဆိုင်းပေးနေတာ တော်လောက်ပါပြီ" ဟု ပြောကြားခဲ့သည်။

 

Kirin
Kirin သည် မြန်မာနိုင်ငံမှ ဖက်စပ်လုပ်ငန်းမှ အရင်းအနှီးကို နုတ်သိမ်းမည်ဟု ကြေညာခဲ့ပါသည်။

မြန်မာဘီယာ အပါအဝင် အဖျော်ယမကာ ထုတ်လုပ်သည့်  မြန်မာ ဘရူဝါရီ လီမိတက်ကို မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် (MEHL)က  အစုရှယ်ယာ ၄၉ % ပိုင်ဆိုင်ပြီး   Kirin က အစုရှယ်ယာ ၅၁ % ကို ပိုင်ဆိုင်ပါသည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် MEHL က မြန်မာဘီယာ ထုတ်လုပ်သည့် မြန်မာဘရူဝါရီ လိမိတက်ကို စာရင်းရှင်းလင်း ဖျက်သိမ်းရေး ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က လျှောက်ထားကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ကြော်ငြာထားပါသည်။

ထိုသို့ ဆောင်ရွက်မည်ဆိုသည်ကို Kirin အား အသိပေးခဲ့ခြင်း မရှိဟု Kirin ပြောရေးဆိုခွင့်ရသူက ပြောကြားသည်။ နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် သိခဲ့ရသည်ဟု ၎င်းက ဆိုသည်။


Posco
Posco က စတီးလုပ်ငန်း ဖက်စပ်လုပ်ငန်းမှ MEHL ပိုင်ဆိုင်သည့်ဝေစုကို ဝယ်ယူလိုက်ခြင်းဖြင့် ကင်းကင်းရှင်းရှင်း ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ထားသည်။ 

"ကျွန်တော်တို့က MEHL ကို ဆုံးဖြတ်ချက် ချပေးဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကြောင်းပြန်ကြားချက် မရသေးပါဘူး" ဟု ကုမ္ပဏီက ပြောကြားသည်။

APG သည် Kirin နှင့် Posco တို့ထံမှ တိုးတက်ဖြစ်ပေါ်မှု အသိပေးချက် တစ်စုံတစ်ရာ မရရှိသဖြင့် နောက်ဆုံးတွင် APG သည် မလွဲမရှောင်သာသဖြင့် ရင်းနှီးမြှုပ်နှံမှုများကို နုတ်သိမ်းရလိမ့်မည်ဟု Park Yoo-kyung က ပြောကြားသည်။ 
"အဓိပ္ပာယ်ရှိရှိ ဆွေးနွေးညှိနှိုင်းမှု ဖြစ်ပေါ်နေတယ်လို့ ကျွန်မ မထင်ဘူး" ဟု ပြောကြားသည်။

 
စင်ကာပူကုမ္ပဏီများ
စင်ကာပူမှ မြန်မာနိုင်ငံတွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလျံကျော် ရှိသည်။ ရင်းနှီးမြှုပ်နှံမှု အများစုတို့သည် စင်ကာပူတွင် အခြေစိုက် လုပ်ကိုင်နေသည့် နိုင်ငံစုံ ကော်ပိုရေးရှင်းများနှင့် ပြည်ပလုပ်ငန်းများထံမှ စီးဝင်ခြင်း ဖြစ်သည်။ အမေရိကန်က စင်ကာပူကို စိစစ်ရန် တိုက်တွန်းထားသည်။ 

စင်ကာပူကုမ္ပဏီတစ်ခုဖြစ်သည့် အိမ်ရာအဆောက်အဦလုပ်ငန်းစု Emerging Towns & Cities Singapore သည် စစ်တပ်ပိုင်မြေကို ငှားရမ်းပြီး စီးပွားရေးနှင့် အိမ်ရာစီမံကိန်းကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် Golden City ကို
အကောင်အထည်ဖော်သည့် Golden Land Real Estate Development Company Limited (“Golden Land”) တွင် ၎င်းအပြည့်အဝ ပိုင်ဆိုင်သည့် DAS က ၄၉% ပိုင်ဆိုင်ထားသည်။
ကုမ္ပဏီက Financial Times ကို ပြောကြားသည်မှာ ဉပဒေနှင့်အညီ လုပ်ကိုင်လည်ပတ်နေသော်သော်လည်း စင်ကာပူ စတော့အိပ်ချိန်း စာရင်းဝင် ရှယ်ယာများကို ရပ်ဆိုင်းခံထားရသည်မှာ ဖေဖော်ဝါရီလကတည်းက ဖြစ်ပြီး သုံးသပ်စိစစ်ရန်  ဆိုင်းငံ့ထားသည်။

 

Telenor
နော်ဝေးနိုင်ငံ အခြေစိုက် တယ်လီနောက ၎င်း၏ မြန်မာပြည်ရှိ လုပ်ငန်းကို လက်ဘနွန်မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း M1 Group သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သော်လည်း မြန်မာအစိုးရထံမှ အတည်ပြု ခွင့်ပြုချက် မရရှိသေးသဖြင့် အရောင်းအဝယ် လိပ်ခဲတင်းလင်း ဖြစ်နေသည်။
 ပိုင်ရှင်အသစ်ဖြစ်မည့် ဝယ်လက်ကုမ္ပဏီ M1 Group သည် အနည်းဆုံး အနေဖြင့် မြန်မာပြည်တွင်းလုပ်ငန်း တစ်ခု တစ်စိတ်တစ်ပိုင်း ပါဝင်ဖို့ လိုသည်ဟု အာဏာပိုင်တို့က ညွှန်ကြားခဲ့သဖြင့် M1 Group သည် လက်တွဲရမည့် ပြည်တွင်းလုပ်ငန်းကို ရှာဖွေနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ 
လက်ဘနွန် ဝန်ကြီးချုပ် Najib Mikati မိသားစုပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း M1 Group သည် ရေနံနှင့် ကျောက်မျက် တူးဖော်ထုတ်လုပ်သည့်  မြန်မာကုမ္ပဏီ ရွှေဗျိုင်းဖြူလုပ်ငန်းစုနှင့် လက်တွဲရန် ဆွေးနွေးနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။  စိတ်ဝင်စားသော  နောက်ထပ် ပြည်တွင်းလုပ်ငန်းများလည်း ရှိနေသည်ဟု သိရသော်လည်း လုပ်ငန်းအမည်ကို မသိရချေဟု ဆိုသည်။

 M1 Group ၏ CEO  ဖြစ်သူ Azmi T. Mikati က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်  စပ်လျဉ်း၍ အမြင်သဘောထားကို ထုတ်ပြန်ကြော်ငြာခဲ့ သည်ကို ဖော်ပြအပ်ပါသည်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတွင် လက်လီရောင်းချခြင်းမှ ကုန်ထုတ်လုပ်မှုအထိ ကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပေါင်း ၁၇ ခုကျော်သည် ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း သတင်းဖော်ပြခဲ့ပါသည်။

ပြောပြနေဖို့ မလိုသည်မှာ ထိုသို့သော ဆုံးဖြတ်ချက်များကို နောက်ခံပြုထားသော အကြောင်းရင်းများသည် များသောအားဖြင့် လုပ်ငန်းလည်ပတ်မှုအတွက် ဆုံးရှုံးမည့်
အန္တရာယ်မြင့်မားခြင်း၊ ဝန်ဆောင်မှုများကို ချောမွေ့စွာလည်ပတ်စေရေးနှင့် ဝန်ထမ်းများ၏ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစားခြင်းတို့  ရောထွေးပါဝင်နေသည့် ကြောင့်ကြမှုမျိုး ဖြစ်သည်။ 

M1 Group အဖို့မှာမူ ကျွန်ုပ်တို့၏ခိုင်မာသောယုံကြည်ချက်မှာ အားကိုးရသော ဆက်သွယ်ရေးအခြေခံအဆောက်အအုံသည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည် ဖြစ်သောကြောင့်  မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်ရန် ကျွန်ုပ်တို့ လိုလိုလားလား ဖြစ်နေစေသည်။ 

ယနေ့ကမ္ဘာကြီးတွင် အင်တာနက်နှင့် အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်သင့်ပြီး နေစရာ စားစရာနှင့် ဆေးဝါးများနှင့် အတူဘေးချင်းကပ်လျက် အရေးပါသည်။ 
 ထိုအကြောင်းကြောင့်လည်း အခြားသောအော်ပရေတာများနှင့်မတူဘဲ၊ ကျွန်ုပ်တို့သည် စိန်ခေါ်မှုပတ်ဝန်းကျင်များထဲတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်မှု၏  ကြီးမားသော ဆုံးရှုံးနစ်နာသော အရေးများကို လက်ခံရယူဖို့  လိုလိုလားလား ရှိသည်။ 

ကျွန်ုပ်တို့သည် သီးခြားလွတ်လပ်စွာ လုပ်ကိုင်သော၊ အားကိုးထိုက်သော၊ မှတ်ကျောက်တင်ပြီးသော တယ်လီကွန်းအော်ပရေတာများစွာ၏ နောက်ကွယ်မှ အောင်မြင်သော ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့အလိုအပ်ဆုံးသော လူဦးရေအချို့အတွက် အရေးကြီးသော အခြေခံအဆောက်အဦများ ပေးအပ်ရန် ကတိကဝတ်ပြုထားပါသော်လည်း M1 Group အပေါ် စွပ်စွဲချက်များ ထွက်ပေါ်စေသည့် တိကျသေချာသော အကြောင်းတရားမှာ အခြေအမြစ်မရှိသော၊ မှားယွင်းသော၊ ဘက်လိုက်သောပြောဆိုမှုများ ရှိနေသည့်ကြားတွင်  ဤဈေးကွက်များမှာ လုပ်ကိုင်ရန် ကျွန်ုပ်တို့က လိုလားနေခြင်းကြောင့် ဖြစ်သည်။ 

M1 Group သည် ဆုံးရှုံးမည့် အန္တရာယ်များသောပတ်ဝန်းကျင်တွင် မွေးဖွားလာခြင်းဖြစ်သည်။ လူတစ်ဦးစီတိုင်းသည် အခြေခံဆက်သွယ်ရေးဝန်ဆောင်မှုများကို လက်လှမ်းမီသင့်သည်ဟူသော ယုံကြည်ချက်ဖြင့် ပေါက်ဖွားခဲ့သည်။ 

 လက်ဘနွန်တွင် အရပ်ဘက် ပဋိပက္ခများသည် ၁၉၇၀ ပြည့်လွန်နှစ်များ အနှောင်းပိုင်းတွင် နိုင်ငံ၏ အခြေခံအဆောက်အအုံ အများအပြားကို ပျက်စီးစေခဲ့ပြီး ဆက်သွယ်ရေးကို ထိခိုက်စေခဲ့သည်။

ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက်  M1 Group  ပူးတွဲတည်ထောင်သူနှစ်ဦးသည်  ဂြိုဟ်တုစလောင်း တစ်ခုကို ရုံးခန်းခေါင်းမိုးတွင် တပ်ဆင်ပြီး  ပင်လယ်ထဲ သင်္ဘောများ ဂြိုဟ်တုဆက်သွယ်ရေး သုံးသည့်အတိုင်း အသုံးပြုခဲ့သည်။ ဤသည်တို့မှာ ကျွန်ုပ်တို့၏ ရှည်လျားသော ခရီးကို အစပြုခြင်းများ ဖြစ်သည်။ 

ကျွန်ုပ်တို့၏ တည်ထောင်သူများသည် လက်ဘနွန်ရှိ ဆက်သွယ်ရေးအခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများအတွက် အရေးပါသောလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေမည်ဟု ယုံကြည်ကြပြီး၊ ဤယုံကြည်ချက်သည် ယနေ့တိုင် ကျွန်ုပ်တို့၏လုပ်ငန်းအတွက် ပဓာန ကျနေဆဲဖြစ်သည်။

ခက်ခဲသော စျေးကွက်များတွင် လုပ်ကိုင်ရန် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်သည် ဆုံးရှုံးမည့်အန္တရာယ်များနှင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များတို့နှင့် ဒွန်တွဲနေပြီး ကြားဖူးနားဝ မရှိသောသူများ အများစု ပါဝင်သည့် စောင့်ကြည့်သူများ၏ နားလည်မှုလွဲမှားမှုများနှင့်လည်း ဒွန်တွဲနေပါသည်။

သက်သေပြခြင်း သို့မဟုတ် လက်ခံနိုင်လောက်သော အထောက်အထားမရှိပါလျက်နှင့် အခြေအမြစ်မရှိသော၊ မှားယွင်းသော စွပ်စွဲချက်များ အများအပြားတို့ဖြင့် ကျွနု်ပ်တို့ကို ပြောဆိုကြသည်။ 

M1 Group က ဂုဏ်ယူစွာ ပြောကြားလိုသည်မှာ ကျွန်ုပ်တို့၏လုပ်ငန်းကို အမြင့်ဆုံးစံချိန်စံညွှန်းဖြင့် လုပ်ဆောင်ခဲ့ပါသည်။ ယနေ့အချိန်အထိ M1 Group သည် စားသုံးသူများ၏ အခွင့်အရေးများကို လေးစားလိုက်နာခြင်း မရှိသည့် အခြေအနေများ မရှိခဲ့ဖူးပေ။  ကုမ္ပဏီတွင် မည်သူတစ်ဦးတစ်ယောက်မှ ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်နိုင်ငံများတွင်မဆို အကျင့်ပျက်ခြစားမှု သို့မဟုတ် ကော်ပိုရိတ်ဆိုင်ရာ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်သည့် ပြစ်ဒဏ်ချမှတ် ခံရဖူးခြင်းမရှိပေ။

ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်မှုစတင်ချိန်မှစ၍ M1 Group သည် လူ့အခွင့်အရေးကို လက်ကိုင်ထားပြီး ၎င်းလုပ်ဆောင်နေသည့်နိုင်ငံများ၏ ဥပဒေများကို လေးစားလိုက်နာကာ ဒေတာလုံခြုံရေး၊ ဒေတာကြံ့ခိုင်မှု၊ ကိုယ်ရေးကိုယ်တာ မပေါက်ကြားရေး၊ ချိတ်ဆက်မှု၊ ကွန်ရက်ရှာဖွေချိတ်ဆက်မှုနှင့် အင်တာနက်အသုံးပြုခွင့်ဆိုင်ရာ စည်းမျဉ်းများအတွက် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ စည်းမျဉ်းများကို ‌ထောက်ခံအားပေးခဲ့သည်။

M1 Group သည် ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော သုံးစွဲသူများအတွက် ၎င်း၏တရားဝင်နှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်များအားလုံးကို ဖြည့်ဆည်းပေးရန် အမြဲတမ်း ကတိကဝတ်ပြုထားသည်။

စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်တွင် လုပ်ဆောင်ခြင်းသည် ယခင်ကထက် ပိုမိုအရေးပါနေသည်။

ကမ္ဘာတဝှမ်းရှိ နိုင်ငံများအားလုံးသည် Covid-19 ကပ်ရောဂါ၏ ပြင်းထန်သော ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ရင်ဆိုင်နေရပြီး ကျွန်ုပ်တို့ကြားတွင် အချမ်းသာဆုံးသော နိုင်ငံများပင်လျှင် ၎င်း၏ စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို အပြည့်အဝ ရှောင်ရှားနိုင်ခြင်း မရှိပေ။ သို့သော် ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများ၏ ထူးခြားသောအချိန်များတွင်၊ ကံခေနေသောနိုင်ငံများနှင့် အချိုးအစားမမျှအောင် ပိုမိုဒုက္ခခံစားရနိုင်ခြေရှိသော နိုင်ငံများကို ကျွန်ုပ်တို့ ပံ့ပိုးကူညီပေးသည်မှာ သေချာအောင် လုပ်ဖို့ ယခင်ကထက် ပိုအရေးကြီးနေပါသည်။

အဆိုပါနိုင်ငံများ၏ ပြည်သူများ ဆက်သွယ်ရေးလက်လှမ်းမီနိုင်သည်မှာ သေချာစေခြင်းဖြင့် M1 Group သည် ၎င်းတို့အား ပံ့ပိုးကူညီရာတွင် မိမိ၏ အခန်းကဏ္ဍမှ တတတ်တအား ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်။ ထိုသို့သောအချိန်အခါများတွင် စိန်ခေါ်နေသည့်နေရာများမှာ အပြုသဘောဆောင်သောပြောင်းလဲမှုများ ဖြစ်ပေါ်အောင် ဓာတ်ကူပေးနိုင်စွမ်း ရှိသည့် ကျွန်ုပ်တို့ကဲ့သို့‌သော ကုမ္ပဏီများအနေဖြင့်  တာဝန်ရှိသည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ 

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရသည့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေလင့်ကစား ကပ်ရောဂါကြားမှာ လူအများတို့ကို ထောက်ကူရန် ကျွန်ုပ်တို့ စီစဉ်ထားသည်နှင့်အညီ ရှေ့သို့ တွန်းခြင်းဖြင့် ၎င်းတာဝန်ကို လုပ်ဆောင်ရန် ကျွန်ုပ်တို့ ရည်ရွယ်ထားပါသည်။

 ပထမအနေဖြင့် အရေးတကြီး လိုအပ်လျက်ရှိသော အသက်ဘေး ကယ်ဆယ်ပေးမည့် ကာကွယ်ဆေးများကို မြန်မာနိုင်ငံရှိ လူအများတို့အတွက် ရရှိအောင် ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် ပါဝင်လုပ်ဆောင်မည်။ 
ဒုတိယအနေဖြင့် ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည့်အတိုင်း နိုင်ငံအများအပြားတွင် ဆောင်ရွက်လျက် ရှိသည့်  အောင်မြင်သော ကာကွယ်ဆေးထိုးခြင်းအတွက် တွန်းအားများ ဖြစ်ပေါ်စေရန်နှင့် လူနာများ၏ ပြန်လည်ကောင်းမွန်လာမှုကို စောင့်ကြည့်ခြင်းတို့အတွက် ချိတ်ဆက်မှုသည် အခရာကျသည်။

အခွင့်အလမ်း ရရှိပါက ကာကွယ်ဆေးထိုးနှံခြင်း၊ နောက်ဆက်တွဲစောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်မှုများကို ချဲ့ထွင်နိုင်သည့် တယ်လီဆေးဝါးအစပျိုးမှုများကို ကူညီဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏ ဆက်သွယ်ရေးအခြေခံအဆောက်အအုံကို အသုံးချရန် နည်းလမ်းများကို ရှာဖွေပါမည်။

မြန်မာနိုင်ငံတွင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတည်ပြုချက်ကို ဆိုင်းငံ့ထားဆဲဖြစ်သည့် M1 Group သည် ဆက်သွယ်ရေးတာဝါတိုင်များ ပုံမှန်အားဖြင့် ဖောက်ခွဲဖျက်ဆီးနေပြီး မတိုင်းတာနိုင်သော စီးပွားရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ဆုံးရှုံးမည့်အန္တရာယ်များကို ဆောင်ကျဉ်းထားသော ကမ္ဘာ့စိန်ခေါ်မှုအရှိဆုံးပတ်ဝန်းကျင်တွင်  မကြာမီတွင် ကျွန်ုပ်တို့သည် လုပ်ငန်းလည်ပတ်တော့မည်ဖြစ်သည်။

ကွန်ရက်အပေါ် သူတို့၏ ဝင်ငွေအတွက် တည်မှီနေကြရသော ဝန်ထမ်း ၇၃၀ ကို အသာထားပြီးထည့်မပြောသေးဘဲ ချစ်ခင်သူများနှင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်အတွက် လည်းကောင်း ဆက်သွယ်ရေး ရရှိနေစေရန် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရယူလိုသော မြေပြင်ရှိ စာရင်းသွင်းထားသူ ၁၈ သန်းကို ဝန်ဆောင်မှုပေးရန်အတွက် ထိုသို့သော ဆုံးရှုံးမည့် အန္တရာယ်များ၏ ဆွဲငင်အား ရှိနေလျက်နှင့်ပင် ကျွန်ုပ်တို့ကဲ့သို့သောစီးပွားရေးလုပ်ငန်းများသည် စွန့်စားရန် ယခုအချိန်အခါထက် ဘယ်သောအခါမှ ပိုအရေးကြီးမည်မဟုတ်ပေ။ 

ထို့ကြောင့်လည်း မြန်မာနိုင်ငံရှိ ပြည်သူများအား တည်ငြိမ်၍ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများ ကျွန်ုပ်တို့ ပေးစွမ်းနိုင်စေရန် လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ချဲ့ထွင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရင်းနှီးမြုပ်နှံရန် ကတိပြုခြင်း ဖြစ်ပါသည်။ 

ဤမျှော်မြင်မှုသည် ကျွန်ုပ်တို့၏အစပြုကတည်းက ကျွန်ုပ်တို့၏ အဓိကခြားနားချက်ဖြစ်ပြီး ၎င်းသည် ဆက်လက်တည်တံ့နေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူများ မလုပ်နိုင် သို့မဟုတ် မစွမ်းဆောင်နိုင်သော ပတ်ဝန်းကျင်တွင် လုပ်ဆောင်ရန် ဆန္ဒရှိပြီး ဤအတွက် ကျွန်ုပ်တို့ ဂုဏ်ယူပါသည်။ M1 Group အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်းသည် ဆုံးရှုံးမည့်အရေးတစ်ခု ဖြစ်‌ေနပါသော်လည်း ၎င်း၏ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကြီးမားသော ဆုလာဘ်တစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ဆုံးရှုံးမည့်အရေးကို စွန့်စားရန် ကျွန်ုပ်တို့ လိုလိုလားလား ရယူခြင်း ဖြစ်သည်။ 

 

 

Investment/Divestment Read 557 times