ဖွံ့ဖြိုးဆဲအာရှ  အကောင်းဖြင့် ၂၀၂၃ ကုန်ဆုံးမည်ဟု အေဒီဘီ ခန့်မှန်း


14 December, 2023

ဖွံ့ဖြိုးဆဲအာရှ  အကောင်းဖြင့် ၂၀၂၃ ကုန်ဆုံးမည်ဟု အေဒီဘီ ခန့်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဖွံ့ဖြိုးဆဲ အာရှသည် အကောင်းဖြင့် ၂၀၂၃ ကုန်ဆုံးနိုင်ဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank ADB က ဒီဇင်ဘာလ ၁၃ ရက်တွင်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ADB သည်  စီးပွားရေး ကြိုတင်ခန့်မှန်းချက် Asian Development Outlook အစီရင်ခံစာကို ဧပြီလတိုင်း ထုတ်ပြန်ပါသည်။
ဇူလိုင်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အကျဉ်းချုပ်နှင့် နောက်ဆုံး အခြေအနေနှင့်အညီ 
အစီရင်ခံစာ ထုတ်ပြန်ပါသည်။

ယခုထုတ်ပြန်သည့် Asian Development Outlook December 2023 အစီရင်ခံစာတွင် အဓိကအားဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုကြောင့် ဖွံ့ဖြိုးဆဲ အာရှသည် ယခင်ထင်ထားသည်ထက် ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ရသည်ဟု အေဒီဘီက ပြောကြားပါသည်။
 

ဖွံ့ဖြိုးဆဲအာရှသည် အာရှဖွံ့ဖြိုးရေးဘဏ်၏ ဖွံ့ဖြိုးဆဲအဖွဲ့ဝင် (၄၆) နိုင်ငံကို ရည်ညွှန်းပါသည်။
အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံ့စီးပွားရေး ၄၆ ခု ပါဝင်ပြီး ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ မပါဝင်ပါ။
 
ADB သည် ဖွံ့ဖြိုးဆဲအာရှအတွက် ၎င်း၏ ၂၀၂၃ ခုနှစ် ဂျီဒီပီ ကြီးထွားမှု ခန့်မှန်းချက်ကို စက်တင်ဘာလတွင် ၄.၇% ဟု ခန့်မှန်းခဲ့ပြီး ယခုထုတ်ပြန်သည့် အစီရင်ခံစာတွင် ၄.၉% သို့ တိုးမြှင့်ထားသည်။
နောက်နှစ် ၂၀၂၄ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းသည့် ကြီးထွားနှုန်းကို ယခင်ခန့်မှန်းခဲ့သည့်အတိုင်း ၄.၈% ဟု ဆက်လက်ထားရှိသည်။ အတိုးအဆုတ် မရှိပါ။ 

အေဒီဘီသည် ကမ္ဘာ့ ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်သည့် တရုတ်ပြည် ဂျီဒီပီ ကြီးထွားနှုန်းကို ယခင်က ၄.၉% ဟု ခန့်မှန်းခဲ့ပြီး ယခု ၅.၂% ဟု တိုးမြှင့်ခန့်မှန်းပါသည်။ နောက်နှစ်အတွက် ၄.၅% ဟု ယခင်အတိုင်း ဆက်လက်ထားရှိသည်။ အတိုးအဆုတ် မရှိပါ။ 

တရုတ်နိုင်ငံ စီးပွားရေးသည် တတိယသုံးလပတ်တွင် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာခဲ့ရာ ၄.၉% ရရှိခဲ့သည်။

ဖွံ့ဖြိုးဆဲအာရှတွင် ခိုင်မာသောပြည်တွင်းဝယ်လိုအား၊ မိခင်နိုင်ငံထံ ငွေလွှဲပို့မှုများ ပိုမိုအားကောင်းလာခြင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာခြင်းသည် ဒေသတွင်း စီးပွားရေး လုပ်ဆောင်မှုကို အထောက်အပံ့ဖြစ်စေသည်ဟု အေဒီဘီက ပြောကြားသည်။

ဖွံ့ဖြိုးဆဲအာရှမှ အရှေ့အာရှသည် ၄.၇%၊ အရှေ့တောင်အာရှသည် ၄.၃% ယခုနှစ်မှာ ကြီးထွားမည်ဟု အေဒီဘီက ခန့်မှန်းသည်။
အရှေ့တောင်အာရှကို ယခင်က ၄.၆% ဟု ခန့်မှန်းခဲ့သည်ကို လျှော့ချခန့်မှန်းထားပါသည်။

တောင်အာရှသည် ယခုနှစ် ကြီးထွားမှု ၅.၇% ရရှိမည်။ တောင်အာရှမှ အိန္ဒိယသည် ၆.၇% ကြီးထားနှုန်း ရရှိမည်ဟု အေဒီဘီက ခန့်မှန်းထားသည်။

 

 

 

ဖွံ့ဖြိုးဆဲအာရှတွင် ငွေကြေးဖောင်းပွမှုသည် ယခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။


 


 အေဒီဘီသည် အရှေ့တောင်အာရှ ဂျီဒီပီ ကြီးထွားမှုကို ဧပြီလတွင် ၄.၇%၊ စက်တင်ဘာလတွင် ၄.၆%၊ ယခု ဒီဇင်ဘာလတွင် ၄.၃% ဟု လျှော့ချခန့်မှန်းခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းရာတွင်လည်း ဧပြီလတွင် ၅%၊ စက်တင်ဘာလတွင် ၄.၈% ၊ ယခု ဒီဇင်ဘာလတွင် ၄.၇% ဟု လျှော့ချခန့်မှန်းပါသည်။

ထိုသို့ လျှော့ချပြီး ပြန်လည်ပြင်ဆင် ခန့်မှန်းရသည်မှာ အရှေ့တောင်အာရှမှ ပိုမိုကြီးမားသော နိုင်ငံ့စီးပွားရေးများဖြစ်ကြသည့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် ပြည်ပပို့ကုန် ဦးတည်ချက်ထားရှိသည့် ထုတ်လုပ်မှုကဏ္ဍ၏ စွမ်းဆောင်ရည် ဆက်လက်ကျဆင်းနေခြင်းကြောင့်ဟု အေဒီဘီက ဆိုပါသည်။

တီမောလက်စ်တီတွင် ယခုနှစ်နှင့် မြန်မာနိုင်ငံတွင် နောက်နှစ်မှာ ကြီးထွားမှု နှေးကွေးမည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာက ဆိုသည်။

 

ထိုင်းနိုင်ငံ

ပုဂ္ဂလိက ဝယ်ယူသုံးစွဲမှုနှင့် ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အဓိက စီးပွားရေး မောင်းနှင်အားများ ဖြစ်သည်။
ထိုင်းနိုင်ငံ ဂျီဒီပီ ကြီးထွားမှုကို ယခင် ၃.၅% မှ ယခု ၂.၅% ဟု လျှော့ချခန့်မှန်းပါသည်။ ကုန်စည်တင်ပို့မှုတွင် ပိုမိုလျော့ကျသွားခြင်း၊ အများပြည်သူ ငွေသုံးစွဲမှု နည်းပါးခြင်းနှင့် အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပျော့ပျောင်းခြင်းတို့ကြောင့် လျှော့ချခန့်မှန်းခြင်း ဖြစ်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်တွင် ကျဆင်းဖွယ်ရှိသည်။

၂၀၂၄ ခုနှစ် ခန့်မှန်းချက်ကိုလည်း ယခင် ၃.၇% အစား ၃.၃% ဟု လျှော့ချသည်။ ခရီးသွားလုပ်ငန်း ဝင်ငွေ မျှော်မှန်းသလောက် မရခြင်း၊ ကုန်ပစ္စည်း တင်ပို့မှုသည်လည်း မျှော်လင့်ထားသည်ထက် အားနည်းနေသည့်အပြင် စီးပွားရေး နှင့် ရင်းနှီးမြုပ်နှံမှုတို့လည်း လျော့နည်းမည်။ 

 

ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်နိုင်ငံ ကြီးထွားမှု  ခန့်မှန်းချက်သည် ၂၀၂၃ ခုနှစ်အတွက်  ယခင် ၅.၈ ရာခိုင်နှုန်းအစား ၅.၂ ရာခိုင်နှုန်းသို့ လျှော့ချထားသည်။

၂၀၂၄ ခုနှစ် ကြီးထွားမှု ခန့်မှန်းချက်မှာမူ ယခင်အတိုင်း ၆ ရာခိုင်နှုန်း မပြောင်းလဲပါ။ 

ဗီယက်နမ်စီးပွားရေးသည် ၂၀၂၃ ခုနှစ် ပထမကိုးလတွင် မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးခဲ့သည်။
ပြည်ပပို့ကုန် အမှာစာများ ရရှိမှု လျော့ကျနေသည်။ သို့ဖြစ်ရာ အလုပ်အကိုင်များ ဆုံးရှုံးနေကြသည်။  ပြည်တွင်း ဝယ်ယူသုံးစွဲမှု အားနည်းနေသည်။ ဘတ်ဂျက် အကောင်အထည်ဖော်မှု အားနည်းသည်။


မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံ ကြီးထွားမှု ခန့်မှန်းချက်သည် ၂၀၂၃ ခုနှစ်အတွက် ယခင် ၄.၅ ရာခိုင်နှုန်းမှ ယခု ၄.၂  ရာခိုင်နှုန်းသို့ လျှော့ချထားသည်။
2024 ခုနှစ်အတွက် ယခင် ၄.၉ ရာခိုင်နှုန်းမှ  ယခု ၄.၇ ရာခိုင်နှုန်းသို့ လျှော့ချထားသည်။

ကမ္ဘာ့ဝယ်လိုအား ကျဆင်းသဖြင့် လျှပ်စစ်၊ ရေနံနှင့် စားအုန်းဆီ ထုတ်ကုန်များ တင်ပို့မှု ကျဆင်းလာခဲ့ပြီး ဆက်လက်ကျဆင်းဆဲ ဖြစ်သည်။
ပြည်တွင်း ဝယ်လိုအား ခိုင်မာသည်။ အလုပ်အကိုင်များ ပိုမိုရရှိကြသည်။ ခရီးသွားလုပ်ငန်း အားကောင်းလာသည်။ 
ကုန်ထုတ်လုပ်မှု လျော့ကျသည်။ ပြည်ပမှ ဝယ်လိုအား အားပျော့နေသည်။

 

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်

အေဒီဘီ၏ ဂျီဒီပီ ကြီးထွားနှုန်း ခန့်မှန်းချက်များတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့အတွက် ခနိ့မှန်းချက်များ ယခင်အတိုင်းပင်ဖြစ်ပြီး မပြောင်းလဲပါ။
နှစ်နိုင်ငံစလုံးသည် ယခုနှစ် ပထမ ကိုးလအတွင်း ခိုင်မာသော ကြီးထွားမှုကို ပြသခဲ့ပြီး အရှိန်အဟုန်ဆက်ရှိနေဦးမည်ဟု ခန့်မှန်းထားသည်။

ဖိလစ်ပိုင်သည် ဒေသတွင်း ကြီးထွားမှု ခန့်မှန်းချက် အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။
၂၀၂၃ ခုနှစ်အတွက် ၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်အတွက် ၆ ဒသမ ၂ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။

အင်ဒိုနီးရှား၏ ကြီးထွားမှုကို ယခုနှစ်နှင့် လာမည့်နှစ်အတွက် ၅ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။

 

စင်ကာပူ

ဝန်ဆောင်မှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် စင်ကာပူတွင် ဆက်လက်ကြီးထွားနေသော်လည်း ပြည်ပမှ ဝယ်လိုအားမှာ အားနည်းနေဆဲဖြစ်သည်။

Source Reuters Business Times 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Industry Reviews Read 235 times