စင်ကာပူတွင် ဆဲလ်မွေးမြူ ကြက်သား ထုတ်လုပ်မည်


12 June, 2022

စင်ကာပူတွင် ဆဲလ်မွေးမြူ ကြက်သား ထုတ်လုပ်မည်

သောကြာနေ့ (ဇွန် ၁၀) တွင် GOOD Meat သည် အာရှတွင် အကြီးဆုံး ဆဲလ်မေွးမြူအသားထုတ်လုပ်သည့် စက်ရုံဖြစ်လာမည့်က အဆောက်အဦကို စင်ကာပူနိုင်ငံ Bedok တွင်  စတင်ဖွင့်လှစ်ခဲ့ပါတယ်။

Bedok Food City မှာ တည်ရှိတဲ့ စတုရန်းပေ ၃၀,၀၀၀ ကျယ်ဝန်းသော အဆောက်အအုံကို ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး တစ်နှစ်လျှင် အသား အ‌ေလးချိန် ပေါင် သောင်းနှင့်ချီ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း အမေရိကန်အခြေစိုက် ကုမ္ပဏီက ပြောကြားပါတယ်။

ယခုနှစ်မှာ‌တော့ ဆဲလ်မေွးမြူထုတ်လုပ်ထားသော အသား ပေါင် ၂,၀၀၀ (၉၀၀ ကီလိုဂရမ်) အောက်သာ ထွက်ရှိဦးမှာ ဖြစ်ပါတယ်။

 

 

အသားများကို လီတာ ၆,၀၀၀ ထုထည်ရှိသော ဇီဝဓာတ်ပေါင်းဖို(bioreactor) ထဲတွင် ကြက်ဆဲလ်များ ကြီးထွားလာစေခြင်းဖြင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အဆိုပါ ဇီဝဓာတ်ပေါင်းဖိုဟာ ယနေ့အထိ ဆဲလ်မွေးမြူထုတ်လုပ်သော အသားလုပ်ငန်းကဏ္ဍ‌တွင် တစ်ခုတည်းအဖြစ် တည်ဆောက်ထားသော အကြီးဆုံးအိုးဖြစ်ပါတယ်။ စက်ရုံမှာ သုတေသီများ၊ သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများ စုစုပေါင်း ၅၀ ဦးခန့် လုပ်ကိုင်ပါမယ်လို့ GOOD Meat က ပြောကြားပါတယ်။

 

ကုမ္ပဏီရဲ့ ဆဲလ်မွေးမြူထားသော ကြက်သားများကို ၂၀၂၀  ခုနှစ်တွင် စင်ကာပူမှာ ရောင်းချရန် ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ ပမာဏ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနိုင်ခဲ့ပါတယ်။ ယခု စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်ရန် ပထမခြေလှမ်းကို စလှမ်းလိုက်တာ ဖြစ်ပါတယ်။

"ဒီတော့ ဒီဟာက သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ" လို့ စီအီးအို Josh Tetrick က ပြောကြားခဲ့ပါတယ်။

 

"ယခု အမေရိကန်နှင့် ကာတာ နိုင်ငံတို့မှာ  ဆဲလ်မွေးမြူ အသားများကို ရောင်းချရန် ခွင့်ပြုချက် ရရှိဖို့ ဆောင်ရွက်နေပါတယ်" လို့  မစ္စတာ Tetrick က ပြောကြားပါတယ်။

 

GOOD Meat  က အမေရိကန်အခြေစိုက် ကုမ္ပဏီ Eat Just ရဲ့ brand တစ်ခု ဖြစ်ပါတယ်။ ပရိုတင်း အသားဓာတ်အမျိုးမျိုးကို ဆဲလ်မွေးမြူပြီး ထုတ်လုပ်နေတဲ့ လုပ်ငန်းအသစ်တစ်ခု ဖြစ်ပါတယ်။

သက်ရှိကြက်မှ နမူနာအသားစ ရယူပြီး ဇီဝဓာတ်ပေါင်းဖိုထဲမှာ နမူနာအသားစရဲ့ ဆဲလ်များကို ပွားများစေပါတယ်။ 

 

ကြက်သားတုံးကို ၂၀၂၀ တွင် GOOD Meat မှ စတင်ထုတ်လုပ်ခဲ့ပြီး ကြက်သားတုံးဖြင့်ပြုလုပ်ထားသော ဟင်းပွဲနှစ်ပွဲကို ကလပ်အသင်းဝင်များသာ လာခွင့်ရှိတဲ့ club 1880 မှာ ၂၃ စင်ဒေါ်လာ ဖြင့် ရောင်းပါတယ်။ ကြက်သားတုံး တစ်တုံးကို ကန်ဒေါ်လာ ၅၀ ဝန်းကျင် ကုန်ကျတာကို အကြီးအကျယ် အရှုံးခံပြီး ရောင်းချတာ ဖြစ်ပါတယ်။

Mr Tetrick က စာနယ်ဇင်းသမားများကို ပြောကြားရာမှာ လက်ရှိတွင် ပူးပေါင်းပါဝင်တဲ့ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးသည်များကို ကုန်ကျစရိတ်အောက်မှာ ဖြစ်နေတဲ့ ဈေးနှုန်းများဖြင့် ရောင်းချပေးနေတယ်လို့ စာနယ်ဇင်းသမားများကို ပြောပြပါတယ်။

နောင်အနာဂတ်ကုန်ကျစရိတ်အကြောင်း မေးမြန်းတဲ့အခါ သူက ရိုးရိုးကြက်သားဈေးနှုန်းနှင့် နှိုင်းယှဉ်နိုင်တဲ့ ဈေးနှုန်းမျိုး ဖြစ်ဖို့က သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါလို့ ဖြေကြားပါတယ်။

 

"အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့ ပိုကြီးမားတဲ့ အိုးကို သုံးစွဲဖို့ လိုပါတယ်။ ဆဲလ်များနှင့် ဆဲလ်အတွက် အာဟာရတွေအတွက် ကုန်ကျစရိတ် လျော့ကျအောင် လုပ်ရမယ်။ ဆဲလ်သိပ်သည်းမှု မြင့်တက်အောင် လုပ်ရမယ်" လို့ Mr Tetrick က ပြောကြားပါတယ်။ 

"အလေးချိန် ပေါင် သောင်းချီပြီး ကျွန်တော်တို့ လုပ်တယ် ဆိုရင်တောင် များတာတော့ အတော်များနေပေမဲ့လည်း ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်နဲ့ ဝေးနေပါသေးတယ်" လို့ သူက ပြောပါတယ်။

 

အမြောက်အမြား ထုတ်လုပ်၊ ကုန်ကျစရိတ် လျှော့ချပြီး ဆဲလ်မွေးမြူအသားကို ထုတ်လုပ်ခြင်းဖြင့် ၂၀၃၀ မှာ ရိုးရိုးကြက်သားဈေးနှုန်းနှင့် တန်းတူဖြစ်ဖို့ ရည်မှန်းချက်ထားရှိကြောင်း၊ ပိုကြီးမားတဲ့ စက်ရုံဖြင့် နောက်နောင်မှာ လုပ်ကိုင်မှာ ဖြစ်ကြောင်း Mr Tetrick က ပြောကြားပါတယ်။

 

"အခု ကျွန်တော်တို့ ကြက်သားအတုံးအတစ်တွေ၊ ကြက်သာမှုန့့်တွေ ရနေပြီ။ ကျွန်တော်တို့ ရှေ့ကို ဆက်ရွေ့တဲ့အခါ ကြက်ရင်ပုံ ထုတ်မယ်" လို့ Mr Tetrick က ပြောကြားပါတယ်။

 

ဆဲလ်မွေးမြူကြက်သား အရသာက မွေးမြူရေး ကြက်သား အရသာအတိုင်းဖြစ်ပြီး အာဟာရဓာတ် ပါဝင်ပုံလည်း အတူတူပဲ ဖြစ်ပါတယ်။

 

GOOD Meat  က ဆဲလ်မွေးမြူအမဲသားကို စင်ကာပူမှာ ရောင်းချဖို့အတွက် Singapore Food Agency ထံ ယခုနှစ်ကုန်ပိုင်းမှာ ခွင့်ပြုမိန့်လျှောက်ဖို့ အစီအစဉ် ရှိပါတယ်လို့ Mr Tetrick က ပြောကြားပါတယ်။

 

Source CNA, Straits Times

Global News Agriculture & Livestock Read 1643 times