ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ ပြန်လည်ပေးဆပ်ရေး ထုတ်ပြန်ကြေညာ


05 September, 2021

ကိုဗစ်-၁၉ ရန်ပုံငွေ မှ ထုတ်ချေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် စပ်လျဉ်းသည့် ကုစားရေးလုပ်ငန်းကော်မတီညွှန်ကြားချက်ကို ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီသည် ကိုဗစ်-၁၉ ရန်ပုံငွေမှ ကိုဗစ်-၁၉ ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် စီးပွားရေးလုပ်ငန်းများသို့ မြန်မာ့စီးပွားရေးဘဏ် မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ မှစတင်၍ အတိုးနှုန်း သက်သာသော ချေးငွေများကို အသုတ်လိုက် ထုတ်ချေးခဲ့ပါသည်။ ချေးငွေ၏ အတိုးနှုန်းမှာ ၁% ဖြစ်ပြီး ချေးငွေသက်တမ်းမှာ တစ်နှစ် ဖြစ်ပါသည်။ အဆိုပါ ချေးငွေများအား ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ဤလုပ်ငန်းကော်မတီက ကြေညာချက် ထုတ်ပြန်၍ ကိုဗစ်-၁၉ ရန်ပုံငွေ မှ ချေးငွေ ရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း တစ်နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့် ပေးခဲ့ပါသည်။

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများသည် နိုင်ငံတော်၏ မူဝါဒအရ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ချေးထားသည့် ချေးငွေများဖြစ်၍ ချေးငွေရယူထားသူ လုပ်ငန်းရှင်များ သည် သတ်မှတ်သက်တမ်းစေ့ရောက်ပါက ချေးငွေများကို မပျက်မကွက် ပြန်လည်ပေးဆပ်ရန် လိုအပ်ပါသည်။ လုပ်ငန်းရှင်များမှ ချေးငွေများပြန်လည်ပေးဆပ်နိုင်ရန် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်

(က) ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများသည် မြန်မာ့စီးပွားရေးဘဏ်၏ ချေးငွေ သက်တမ်းမပြည့်မီ တစ်လ ကြိုတင်၍ လုပ်ငန်းရှင်များအား ချေးငွေ ပြန်လည်ပေးဆပ်ရေး နှိုးဆော်စာ ရရှိပါက ချေးငွေပေးဆပ်နိုင်ရေး ချေးငွေရယူ ထားသည့်ဘဏ်သို့ ဆက်သွယ်ဆောင်ရွက်ရပါမည်။

(ခ) ချေးငွေများကို (၆) လ သက်တမ်းတိုးပေးထားပါသဖြင့် ချေးငွေထုတ်ယူသည့် နေ့မှ (၁) နှစ် (၆) လ ပြည့်သည့် ရက်တွင် ချေးငွေရယူထားသူများသည် မိမိတို့ ချေးငွေ အရင်းနှင့် ကျသင့် အဘိုးများကို မြန်မာ့စီးပွားရေးဘဏ်သို့ တစ်ပေါင်းတည်း အကြေပြန်လည်ပေးဆပ်ရပါမည်။

(ဂ) ချေးငွေအရင်းအကိုး ပြန်လည်ပေးဆပ်မှုကို ငွေသားဖြင့်ဖြစ်စေ၊ စာရင်းပြောင်း နည်း၊ ငွေလွှဲနည်း တို့အပါအဝင် အီလက်ထရောနစ်နည်း များဖြင့်ဖြစ်စေ ပြန်လည် ပေးဆပ်နိုင်ရေး ဆောင်ရွက်နိုင်ပါသည်။

(ဃ) ချေးငွေပြန်လည်ပေးဆပ်ရန် ချေးငွေခွင့်ပြုသက်တမ်းထက် ကျော်လွန် ပျက်ကွက်ခဲ့ပါက မြန်မာ့စီးပွားရေးဘဏ်က ရက်အလိုက် ကောက်ခံမည့် နောက်ကျကြေး (သို့မဟုတ်) ဒဏ်ကြေး သတ်မှတ်ချက်အတိုင်း ပေးဆောင် ရမည် ဖြစ်ပါသည်။

(င) ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား ဘဏ် လုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသည့် အတိုးနှုန်း အထူးသက်သာသော ချေးငွေများကို သတ်မှတ်သက်တမ်းကာလ စေ့ရောက်ပါက တစ်လုံးတည်း အပြေအကြေပေးဆပ်ရမည် ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ
 

Banking & Loan Read 211 times