ကမ္ဘာ့ကွန်တိန်နာ ထုတ်လုပ်မှုကို အဘယ်ကြောင့် တရုတ်ကုမ္ပဏီ သုံးခု ကြီးစိုးထားနိုင်တာလဲ


07 September, 2021

ကမ္ဘာရေကြောင်းမှာ သုံးစွဲနေတဲ့ ကွန်တိန်နာ အားလုံးနီးပါးကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။  အဲဒီလို တရုတ်ပြည်တွင်းမှာ ကွန်တိန်နာတွေ ထုတ်လုပ်တာမှာ အများစုကို တရုတ်ကုမ္ပဏီ သုံးခုက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ကုန်ခြောက်ကွန်တိန်နာ တည်ဆောက်မှုပမာဏရဲ့ ၉၆% ကျော်ကို တရုတ်စက်ရုံတွေက အခုအခါ လုပ်ကိုင်ပေးနေကြတယ်။ အအေးပေးစနစ်ပါ ကွန်တိန်နာ တည်ဆောက်မှုမှာတော့ အားလုံး ၁၀၀% ကို တရုတ်စက်ရုံတွေက ယခုအခါ လုပ်ကိုင်ပေးနေကြတယ်လို့ ယူကေမှ ရေကြောင်းဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း Drewry ရဲ့ စာရင်းအရ သိကြရတယ်။ 

အဲဒီ ကုမ္ပဏီ သုံးခုစလုံးက နိုင်ငံပိုင် ကုမ္ပဏီတွေ ဖြစ်နေလို့ တစ်ကမ္ဘာလုံးအတွက် ကွန်တိန်နာ ထုတ်လုပ်မှုက တရုတ်အစိုးရရဲ့ လက်ထဲမှာ ရောက်နေတဲ့သဘော ဖြစ်နေလို့ စိုးရိမ်မကင်း ဖြစ်ကြသူတွေလည်း ရှိတယ်။ ဈေးကစားဖို့အတွက်လည်း လွယ်ကူနေစေတယ်လို့ ထောက်ပြသူတွေလည်း ရှိတယ်။ 

ကွန်တိန်နာ ထုတ်လုပ်ရေးကို ဘာလို့ တရုတ်ကုမ္ပဏီသုံးခုတည်းက အပြည့်အဝ ကြီးစိုးထားတဲ့အဖြစ်ဆီသို့ ရောက်နေရတာလဲဆိုတဲ့ မေးခွန်းကို မေးကြသူတွေလည်း ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဘာလို့ ကွန်တိန်နာတွေ အမြောက်အမြား မထုတ်လုပ်ကြတာလဲလို့ ကွန်တိန်နာ ရှားပါးတဲ့ ဂယက်ထနေချိန်မှာ အမေရိကန်မှ ကုန်စည် ကိုယ်စားလှယ် shipper တွေက မေးခွန်းထုတ်ကြတယ်။ သူတို့က ဘာလို့ တရုတ်ကုမ္ပဏီတွေကို လုံးလုံးလျားလျား အားကိုးနေရတဲ့အဖြစ်ကို ကြုံနေရတာလဲလို့ မေးကြတယ်။ 
ရေကြောင်းအတိုင်ပင်ခံလုပ်ငန်း Drewry ရဲ့ ကွန်တိန်နာသုတေသနဌာန အကြီးအကဲဖြစ်သူ John Fossey က လောလောဆယ် ကွန်တိန်နာ ရှားပါးနေရတာ ကွန်တိန်နာ ထုတ်လုပ်မှု မလုံလောက်တာ မဟုတ်ဘဲ ဆိပ်ကမ်းတွေမှာ အလွန်ကြန့်ကြာပြီး ကျပ်စို့နေခြင်းကြောင့်သာ ရှားပါးနေရတာလို့ ဆိုတယ်။ ကိုဗစ်ကြောင့် ဆိပ်ကမ်းတွေမှာ ကွန်တိန်နာတွေ ရွေ့တာ နှေးကွေးနေတော့ ကွန်တိန်နာ အလွတ်အဖြစ်ကို ပြန်ရောက်ဖို့ အရမ်းကြန့်ကြာနေတာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြတယ်။ 

တရုတ်ကြီးသုံးကြီး 

တစ်ချိန်တုန်းက ကွန်တိန်နာ ထုတ်လုပ်ရေးကို တောင်ကိုရီးယားက အကြီးအကျယ် လုပ်ကိုင်ခဲ့တယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ကွန်တိန်နာ ထုတ်လုပ်မှုက တရုတ်ပြည်သို့ နေရာရွေ့သွားတယ်။ John Fossey က အခုလို ရှင်းပြတယ်။
“တရုတ်အစိုးရက အထောက်အကူတွေ အများကြီး ပံ့ပိုးပေးတယ်။ တရုတ်နိုင်ငံမှာ ကွန်တိန်နာ ထုတ်လုပ်နိုင်စွမ်း မြင့်တက်သွားတယ်။ ပြည်ပပို့ကုန်တွေလည်း ပမာဏ မြင့်တက်လာတာကို အမီလိုက်ပြီး ကွန်တိန်နာတွေ ထုတ်လုပ်ပေးတယ်”
ထုတ်လုပ်မှု ဝေစုမှာ တရုတ်ပြည်ထုတ်လုပ်မှုရဲ့ ဝေစုက သိသိသာသာ ကြီးထွားလာပြီး နောက်ဆုံးမှာ ကြီးစိုးထားတဲ့အဆင့်သို့ ရောက်ရှိသွားတယ်။ ယခုနှစ် ပထမသုံးလပတ်မှာ တရုတ်ပြည်ဖြစ်ကွန်တန်နာတွေက ကမ္ဘာ့ကွန်တိန်နာ ထုတ်လုပ်မှုရဲ့  ၈၂ % ရှိခဲ့တယ်လို့  Drewry ရဲ့ အချက်အလက်များအရ သိကြရတယ်။ 

China International Marine Containers (CIMC) က ၅၈၀,၀၀၀ ပေ၂၀ ကွန်တိန်နာနှင့် ညီမျှသော ပမာဏ  twenty-foot equivalent units (TEUs) ထုတ်လုပ်ခဲ့ပြီး ဈေးကွက်ဝေစု ၄၂ % ရရှိခဲ့တယ်။ 
Dong Fang International Containers က ၃၅၈,၀၀၀ TEU ထုတ်လုပ်ပြီး ဈေးကွက်ဝေစု ၂၆ % ရရှိခဲ့တယ်။
 CXIC Group က ၂၀၀,၀၀၀ TEU ထုတ်လုပ်ပြီး ဈေးကွက်ဝေစု ၁၄ % ရရှိခဲ့တယ်။

ယမန်နှစ် ၂၀၂၀ ပြည့်နှစ်မှာ တရုတ်ကုမ္ပဏီ သုံးခုမှ ကွန်တိန်နာ ၃.၁ သန်း TEU ထုတ်လုပ်ခဲ့တယ်။
တရုတ်ကုမ္ပဏီသုံးခုဟာ အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေပြီး မဟာဗျူဟာများကို China Container Industry Association [CCIA] က ထိန်းချုပ်ပေးထားပါတယ်လို့  Fossey က ရှင်းပြတယ်။  “ဒါပေမဲ့ အကြီးဆုံးဖြစ်တဲ့ CIMC က တကယ်လက်တွေ့မှာတော့ CCIA အပေါ်ကို ဩဇာညောင်းပါတယ်” လို့ သူက ဖြည့်စွက်ပြောကြားတယ်။ 

၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကာလမှာ ကွန်တိန်နာ ဈေးနှုန်းတွေ အကြီးအကျယ် ကျဆင်းခဲ့တယ်။ 
“ထုတ်လုပ်တဲ့သူတွေ ပါပါးလေးပဲ အမြတ်ကျန်တယ်။ ဒီတော့ အဲဒီအဓိက ကုမ္ပဏီ သုံးခုက ကုန်ခြောက် ကွန်တိန်နာတွေအတွက် ဈေးနှုန်း သတ်မှတ်ပုံကို ထိန်းကျောင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပါးပါးလေးပဲ မြတ်နေရာမှ အရှုံးခံပြီး ထုတ်ရတဲ့အဖြစ်ဆီ အရောက်မခံဘူး”လို့ သူက ပြောပြတယ်။ 

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကွန်တိန်နာ ဈေးနှုန်းက TEU တစ်ယူနစ်ကို အမေရိကန်ဒေါ်လာ ၁၆၅၀ မှ ၁၇၅၀ အထိ အတွင်းသာ ပေါက်ဈေးရှိတယ်။ John Fossey က
“သူတို့က အနည်းဆုံး TEU တစ်ယူနစ်ကို အမေရိကန်ဒေါ်လာ ၂,၀၀၀ ရချင်ကြတယ်။ ကိုဗစ်ကြောင့် စက်ရုံတွေ ပိတ်ထားလိုက်ရတယ်။ လုပ်ငန်းပြန်စတဲ့အခါ သူတို့က ဈေးတင်တာကို စလိုက်ကြတယ်။ အမေရိကန်နဲ့ ဥရောပတို့မှာ ဝယ်လိုအား အရမ်းကောင်းနေတာက ဈေးနှုန်းကို ဆွဲတင်ပေးလိုက်တယ်။ ဈေးနှုန်းတွေ ခေါင်ခိုက်သွားတယ်။ ၂၀၂၀ ခုနှစ် အကုန်ပိုင်းကနေ အခုနှစ်ထဲအထိ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃,၅၀၀ ပတ်လည်မှာ ရောက်ရှိနေတာ ကျွန်တော်တို့ တွေ့ကြရတယ်”
လို့ ရှင်းပြတယ်။ 

ကွန်တိန်နာ ငှားရမ်းရေး ဝန်ဆောင်မှုလုပ်ငန်း  CAI International မှ စီအီးအို Tim Page က
“အဲဒီစက်ရုံတွေက ကျွန်တော်တို့ လုပ်နေကျနဲ့ မတူတာကို လုပ်တယ်။ ဈေးကောင်းရနေလို့ ပစ္စည်းကို ပိုထုတ်လုပ်တာ မလုပ်ကြဘူး။ ဈေးပိုတက်အောင် စောင့်တယ်။ ကွန်တိန်နာဈေးနှုန်းတွေ မြင့်မြင့်မားမား ဖြစ်ဖို့ကို သူတို့က အာရုံစိုက်တယ်”
လို့ သုံးသပ်ပြတယ်။ 
အဲဒီသုံးသပ်ချက်ကို  Fossey က ထောက်ခံတယ်။ “အဲဒါ အဓိပ္ပာယ် ရှိတယ်။ အဲဒီ မဟာဗျူဟာကို သူတို့ ကျင့်သုံးကြတယ်။ အဲဒီ စက်ရုံတွေက တစ်ကြိမ် ၁၂ နာရီဖြင့် တစ်နေ့ နှစ်ဆိုင်း အလုပ်ဆင်းလို့ ရတယ်။ ဒါပေမဲ့ ဈေးကွက်ထဲ ကွန်တိန်နာတွေ ပုံနေမှာကို သူတို့ မလိုလားဘူး။ များလွန်းနေရင် ဈေးပြန်ကျလိမ့်မယ်။ အခုလက်ရှိ ပေါက်ဈေးကို သူတို့ ထိန်းထားချင်တယ်။ ဈေးကျလည်း နည်းနည်းပါးပါး လောက်ပဲ ကျစေချင်တယ်။ အရင်လို အမေရိကန်ဒေါ်လာ ၁,၇၅၀ သို့မဟုတ် ၁,၈၀၀ ဖြစ်တဲ့ဆီ သူတို့ ဘယ်တော့မှ ပြန်မသွားချင်ဘူး”

ကွန်တိန်နာ အသစ် ကွန်တိန်နာ အလွတ်

ကွန်တိန်နာ အသစ်တွေကို ကွန်တိန်နာ သင်္ဘောလိုင်းတွေနဲ့ ကွန်တိန်နာ အငှားချတဲ့ လုပ်ငန်းတွေက ဝယ်ယူကြရတယ်။ ဈေးအမြင့်ကို သူတို့ ပေးကြရတယ်။ 
ကွန်တိန်နာ ထုတ်လုပ်သူတွေက လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်ပြီး တမင် ရှားပါးနေအောင် လုပ်ထားတာလို့တော့ ပြောဖို့ မဖြစ်နိုင်ကြောင်း Fossey က  သုံးသပ်တယ်။ 
“ကျွန်တော်တို့ လုပ်ထားတဲ့ သုတေသနတွေအရ ကျွန်တော် အမှန်တကယ် ယုံကြည်ထားတာက မူအားဖြင့် အဲဒီမှာ ကွန်တိန်နာတွေ အလုံအလောက် ရှိနေတယ်။ ပုံမှန်အတိုင်း ရွေ့နေရင် လောက်တယ်။ အခုဖြစ်နေတာက ဆိပ်ကမ်းတွေမှာ ကြာတယ်။ နောက်တစ်ခုက အလွတ်တွေ ရောက်နေတဲ့ နေရာတွေ မှားနေတယ်။ အလွတ်လိုတဲ့ နေရာတွေဆီမှာ မရှိဘဲ မလိုတဲ့နေရာတွေမှာ စုပုံနေတယ်။ ဒီတော့ ကွန်ရက်ထဲမှာ ကွန်တိန်နာတွေ ရွေ့နေတဲ့ အလျင်က အတော်နှေးကွေးနေတယ်။ အဲဒါကြောင့် ကွန်တိန်နာ အလွတ်တွေ အလျင်မီအောင် မရရှိကြတာ ဖြစ်ပေါ်နေစေတယ်”

အခုလို ကွန်တိန်နာ အလွတ် ရှားပါးတာကြောင့် တရုတ်နိုင်ငံမှ ပို့ကုန်လုပ်ငန်းတွေလည်း ထိခိုက်ကြတယ်။ ဒီတော့ ကွန်တိန်နာ စက်ရုံတွေအနေဖြင့် ခုရေ တိုးမထုတ်ရင် တရုတ်အစိုးရက ကြာကြာလက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဒီတော့ အရင်တုန်းကထက်တော့ ခုရေ ပိုထုတ်လာကြတယ်။  ၁၂ နာရီ နှစ်ဆိုင်း အလုပ်ဆင်းတာကို မလုပ်ကြပေမဲ့ အလုပ်ချိန် တိုးလိုက်ကြတယ်။ 
“တစ်နေ့ ၁၀ နာရီ တစ်ပတ် ၅ ရက် လုပ်ကြတယ်။ နောက်တော့ တစ်နေ့ ၁၀ နာရီ ၁၁ နာရီ တစ်ပတ် ၆ ရက် လုပ်ကြတယ်” လို့ Fossey က‌ ပြောပြတယ်။ 

ဆိပ်ကမ်း ကြာမြင့်မှုတွေ လျော့ကျ သွားပြီးတဲ့နောက်မှာ ကွန်တိန်နာ အသစ်တွေ ထပ်ဖြည့်ထည့်ဖို့ လိုအပ်ချက် လျော့ကျသွားလိမ့်မယ်။ ထုတ်လုပ်မှုအပိုင်းမှာလည်း အလိုက်သင့် လျှော့ချကြလိမ့်မယ်လို့ သူယူဆထားကြောင်း ပြောပြတယ်။ 

ကွန်တိန်နာတွေကို အမေရိကန်မှာ ဘာလို့ အပြိုင်ပြုပြီး မထုတ်လုပ်ကြသလဲ

အမေရိကန်ထုတ် ကွန်တိန်နာတွေက တရုတ်ထုတ် ကွန်တိန်နာတွေကို ဈေးကွက်ထဲမှာ မယှဉ်ပြိုင်နိုင်လို့ ဖြစ်ပါတယ်။ 
အဓိကအချက်က စတီး ဖြစ်ပါတယ်။ ကွန်တိန်နာအတွက် အရေးအပါဆုံး ကုန်ကြမ်းဖြစ်တဲ့ စတီးက ကွန်တိန်နာတစ်လုံး ထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်းရဲ့ ၆၀ % ဝန်းကျင်မှာဝေစုယူထားတယ်။ 
စတီးသား အပူကြိတ်အခွေ hot-rolled coil (HRC) steel ဈေးနှုန်းကို ကြည့်ရင် အမေရိကန်မှာ ပျမ်းမျှအားဖြင့် တရုတ်ပြည်မှာထက် ၂၈ %  ဈေးပိုကြီးတယ်။ လုပ်သားခမှာလည်း တရုတ်ပြည်က ပိုသက်သာတယ်။ အစိုးရထောက်ကူမှု ရရှိထားတာမှာလည်း တရုတ်ပြည်က ပိုသာတယ်။ အထူးသဖြင့် အအေးပေးကွန်တိန်နာတွေ ထုတ်လုပ်ဖို့အတွက် အစိုးရက အထောက်အကူတွေ ပေးထားတယ်။ 
ထုတ်လုပ်ပြီးသား အကြမ်းထည်မှာ တရုတ်ပြည်က အမေရိကန်ထက် ဈေးသက်သာတဲ့အပြင် ဈေးမှုတ်တာ၊ အခြောက်ခံတာတွေ လုပ်ကိုင်ဖို့အတွက်လည်း တရုတ်ပြည်မှာက အများကြီး အကုန်အကျ သက်သာတယ်။ အရေအတွက် အမြောက်အမြား ထုတ်လုပ်နေတဲ့အတွက် တစ်ယူနစ် ကုန်ကျစရိတ်က အတော်သက်သာနေတယ်။ 
နောက်ထပ် အရေးပါတဲ့အချက်က ကွန်တိန်နာ အလွတ် လိုအပ်နေတဲ့နေရာက အာရှ၊ အထူးသဖြင့် တရုတ်နိုင်ငံ  ဖြစ်နေတယ်။ ကွန်တိန်နာ အလွတ်တွေ စုပုံနေတဲ့ နေရာက အမေရိကန်နဲ့ ဥရောပတို့ ဖြစ်နေတယ်။ ဒီတော့ အမေရိကန်နိုင်ငံမှာ ကွန်တိန်နာကို ထုတ်လုပ်ပြီးရင် အလွတ်ကို အာရှသို့ သယ်ဆောင်လာဖို့ဆိုတာ အခုလို ဆိပ်ကမ်းတွေ ကျပ်စို့နေချိန်မှာ စရိတ်စက ကြီးမားနေပြီး လက်တွေ့မကျဘူး။ 
ဒီတော့ အမေရိကန်မှာ ကွန်တိန်နာ အသစ်တွေ အမြောက်အမြား ထုတ်လုပ်တာ အဓိပ္ပာယ် ကင်းမဲ့နေပါတယ်။ 

အကြီးမားဆုံး လိုအပ်ချက် ရှိနေတဲ့ တရုတ်ပြည်မှာပဲ ကွန်တိန်နာတွေကို ဆက်လက်ထုတ်လုပ်ပေးနေရမှာ ဖြစ်ပြီး ကမ္ဘာ့ကွန်တိန်နာ ထုတ်လုပ်မှုကိုလည်း တရုတ်ကုမ္ပဏီ သုံးခုက ဆက်လက်ကြီးစိုးထားဦးမှာ ဖြစ်ပါတယ်။ 

www.freightwaves.com
 

How To Read 1090 times