စက်မှုဇုန်များတည်ဆောက်ခြင်းကို ရန်ကုန်မြို့တွင်းနှင့် မြို့ပြင် တစ်ပြေးညီဆောင်ရွက်မည်


16 May, 2019

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၄ မြို့မှာ နိုင်ငံတကာအဆင့်မီစက်မှုဇုန်များကို ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်နဲ့ စည်ပင်သာယာနယ်နိမိတ် ပြင်ပ ၁၁ မြို့နယ်မှာ တည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်မှုဇုန်တွေက ရန်ကုန်မြို့နယ်အတွက် ပိုပြီးအရေးကြီးပါတယ်။ ရန်ကုန်မြို့ကို စည်ပင်သာယာပြင်ပမြို့နယ်တွေမှာ နေထိုင်တဲ့သူတွေ လာရောက်အလုပ်လုပ်တာရှိပါတယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ရွှေ့ပြောင်းလာတာလည်းရှိပါတယ်။

အဲဒီလိုအလုပ်သမားတွေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့အခါ နေထိုင်ရေးအခက်အခဲရှိပါတယ်။ စည်ပင်သာယာနယ်နိမိတ်ပြင်ပမြို့နယ်မှာဆိုရင် နေထိုင်ရေးလည်း အဆင်ပြေမှာဖြစ်ပြီး မြို့နယ်တွေလည်း ဖွံ့ဖြိုးတိုးတက်လာပါမယ်။

ရန်ကုန်မြို့တွင်းနဲ့ ရန်ကုန်မြို့ကို ဝန်းရံနေတဲ့ မြို့နယ်တွေ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ကျေးလက်ဒေသတွေပါ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စက်မှုဇုန်တွေ တစ်ပြေးညီတည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါမြို့နယ်တွေမှာ စက်မှုဇုန်များတည်ဆောက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာကာ မြို့နယ်အတွင်းရှိပြည်သူများအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပြီး မြို့နယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှ လူငယ်လူရွယ်တွေ အများဆုံးလာရောက်လုပ်ကိုင်လျက်ရှိပါတယ်။

လက်ရှိ ပြည်တွင်းမှာ စက်မှုဇုန် ၂၉ ခုရှိပြီး အဆိုပါစက်မှုဇုန်များမှာ လမ်း၊ မြေ၊ ရေ၊ ရေဆိုးစွန့်ပစ်မှုနဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိနေသေးတဲ့အတွက် ပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Myawady

Local News Read 512 times