လုပ်ငန်းစုကြီး Salim  ဈေးကစားရန် စားအုန်းဆီလှောင်သည်ဟု စွပ်စွဲခံရ


01 March, 2022

လုပ်ငန်းစုကြီး Salim  ဈေးကစားရန် စားအုန်းဆီလှောင်သည်ဟု စွပ်စွဲခံရ


ကမ္ဘာ့စားအုန်းဆီ အများဆုံး ထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီ အကျပ်အတည်း ဖြစ်ပေါ်နေစဉ် အစိုးရက ဈေးကစားရန် ဆီလှောင်သူများကို လိုက်လံရှာဖွေကာ အရေးယူနေသည်။ ဈေးကြီးအောင် ထုတ်မရောင်းဘဲ လှောင်ထားသည့် ကုမ္ပဏီများကို ဖော်ထုတ်အရေးယူလျက် ရှိရာ၌ လုပ်ငန်းစုကြီး Salim Group ကိုလည်း ဆီလှောင်ထားသည်ဟု စွပ်စွဲခဲ့သည်။

Salim Invomas Pratama  သည် Salim Group လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်ပြီး အသင့်ချက်စားခေါက်ဆွဲခြောက်ထုပ်များ ထုတ်လုပ်ရာတွင် ကမ္ဘာ့အကြီးမားဆုံး ခေါက်ဆွဲခြောက်ထုပ် လုပ်ငန်းများထဲတွင် အပါအဝင် ဖြစ်သည်။
စီမံချက်အဖွဲ့က Salim Invomas Pratama ၏ သိုလှောင်ရုံများအတွင်း စားအုန်းဆီ တန်ချိန် ၁,၁၀၀ တွေ့ရှိခဲ့သဖြင့် ဈေးကစားရန် ကုန်လှောင်သည့် အမှုဖြင့် အမှုဖွင့်ထားသည်။ အကယ်၍ ပြစ်မှုထင်ရှားသဖြင့် အပြစ်ပေးခံရလျှင် ထောင် ၅ နှစ် ဖြစ်စေ၊ ဒဏ်ငွေ ရူပီယာ ၅၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၅ သန်း) ဖြစ်စေ စီရင်ချက် ချခံရမည် ဖြစ်သည်။

Salim Invomas Pratama က စွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ဆီများ သိုလှောင်ထားသည်မှာ လာမည့် ရက်ပိုင်းအတွင်း ပေးပို့နိုင်ရန် အသင့်ထားရှိခြင်းသာ ဖြစ်သည်။ အဆိုပါ စားအုန်းဆီများကို ခေါက်ဆွဲခြောက်ထုပ်များ ထုတ်လုပ်ရာတွင် အဓိကအားဖြင့် အသုံးပြုသည်။ Salim Group လက်အောက်ခံ စားသောက်ကုန်လုပ်ငန်းများ ဖြစ်ကြသည့် 
Indofood Sukses Makmur နှင့် Indofood CBP Sukses Makmur တို့ထံ ပေးပို့ရန်ရှိသည့် ဆီများသာ ဖြစ်ကြောင်း ရှင်းပြသည်။ 
"Indofood ရဲ့ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် စက်ရုံတွေထံ ပေးပို့မည့် ဆီများ ဖြစ်ပြီး စက်ရုံများသည် တစ်လလျှင် စားအုန်းဆီ တန်ချိန် ၂,၅၀၀ လိုအပ်သည်" ဟု ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။ 

"ကုမ္ပဏီ၏ ဟင်းချက်ဆီ အမှတ်တံဆိပ်များဖြင့် အထုပ် အရွယ်အစား အမျိုးမျိုး ထုပ်ပိုးပြီး ရောင်းချခြင်းကိုလည်း လုပ်ကိုင်လျက် ရှိသည်" ဟု ကုမ္ပဏီက ပြောကြားသည်။ 


စားအုန်းဆီ အသုံးများသဖြင့် ဈေးတက်

နိုင်ငံတကာ စားအုန်းဆီ ဈေးကွက်တွင် စားအုန်းဆီ ဈေးနှုန်းများ အဆမတန် မြင့်မားနေခဲ့သည်မှာ ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက ဖြစ်သည်။ 
ဟင်းချက်ဆီအဖြစ် သုံးစွဲခြင်းအပြင် ကိုဗစ်ကာလတွင် လက်သန့်ဆေးရည်ထုတ်လုပ်ရန် oleochemical ကို စားအုန်းဆီမှ ထုတ်လုပ်ကြသောကြောင့် စားအုန်းဆီ သုံးစွဲမှုများ မြင့်တက်ခဲ့သည်။ 
အင်ဒိုနီးရှား အစိုးရက မော်တော်ယာဉ်များအတွက် ဒီဇယ်ဆီတွင်လည်း စားအုန်းဆီ ရောနှော၍ ဘိုင်အိုဒီဇယ်အဖြစ်ဖြင့် မသုံးမနေရ သုံးစွဲစေသော အစိုးရမူဝါဒကြောင့်လည်း ပြည်တွင်း စားအုန်းဆီ သုံးစွဲမှု မြင့်တက်သည်။ 

ကိုဗစ် delta မျိုးကွဲ ကူးစက်မှုများ အထွတ်အထိပ် ရောက်သည့် ၂၀၂၁ နှစ်လယ်ပိုင်းတွင် စားအုန်းဆီ ဈေးနှုန်းများ ကျဆင်းခဲ့သည်။ ထိုနောက်ပိုင်းတွင် ဆက်တိုက် ဈေးတက်ခဲ့ရာ ပြီးခဲ့သည့် လတွင် အမြင့်ဆုံး စံချိန်သစ် တင်ခဲ့သည်။ 
ကမ္ဘာ့စားအုန်းဆီဈေးနှုန်းအတွက် စံအမှတ်ဖြစ်သည့် မလေးရှား စားအုန်းဆီကြမ်း ကြိုင်ပွိုင့် ဈေးနှုန်းများသည် မေလတွင် ရယူမည့် စားအုန်းဆီကြမ်းအတွက် တစ်တန်လျှင် ရင်းဂစ် ၅,၆၇၅ (အမေရိကန်ဒေါ်လာ ၁,၃၅၆) ဖြစ်ခဲ့သည်။ 

စားအုန်းဆီ လိုသလောက် ဝယ်မရ

အင်ဒိုနီးရှားတွင် စားအုန်းဆီသန့်ကိုသာ ဟင်းချက်ဆီအဖြစ် အဓိကထား သုံးစွဲကြသည်။ ပြည်တွင်း စားအုန်းဆီသန့် လက်လီဈေးနှုန်းများ မြင့်တက်ခဲ့ပြီး လက်လီအရောင်းဆိုင်များတွင် လက်ကျန်မရှိ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။ အစိုးရမှ ထောက်ပံ့သော ငွေဖြင့် ဈေးချပြီး ရောင်းသော လက်လီဆိုင်များတွင် တန်းစီပြီး စားအုန်းဆီကို သတ်မှတ်ထားသည့် ခွဲတမ်းပမာဏကို ဝယ်ယူကြရသည်။ စူပါမားကက်များတွင် စားအုန်းဆီ ပြတ်လပ်နေသည်။

 


ကမ္ဘာ့ စားအုန်းဆီအများဆုံးထုတ်လုပ်သည့်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့စားအုန်းဆီ ပြည်ပတင်ပို့သည့် နိုင်ငံလည်းဖြစ်သော အင်ဒိုနီးရှားနိုင်ငံ ပြည်တွင်းမှာ စားအုန်းဆီ လိုသလောက် ဝယ်မရ  ဖြစ်နေသည်။
ဟင်းချက်ဆီဈေးတက်ခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်ပြီး လပေါင်း ၂၀ အတွင်း ဇန်နဝါရီလမှာ ငွေဖောင်းပွမှု အမြင့်မားဆုံး ဖြစ်ပေါ်စေခဲ့သည်။

ဈေးကွက် ဝင်ရောက်စွက်ဖက်

ဈေးနှုန်းများ ထိန်းနိုင်ရန် အစိုးရက ကုန်လှောင်သူများကို ဖော်ထုတ်အရေးယူသည်။ စားအုန်းဆီကြမ်း crude palm oil (CPO) တစ်ကီလိုကို အများဆုံး ရူပီယာ ၉,၃၀၀ ထက် မကျော်ရဟု အစိုးရက သတ်မှတ်ပြဌာန်းပြီး ဈေးကွက်ထဲ ဝင်ရောက်စွက်ဖက်သည်။ ထို့ပြင် စားအုန်းဆီ ပြည်ပတင်ပို့သူများသည် ပြည်ပတင်ပို့ရန် အစီအစဉ်ရှိသည့် စားအုန်းဆီကြမ်း စုစုပေါင်းပမာဏ၏ ၂၀%ကို ပြည်တွင်းဈေးကွက်တွင် အစိုးရပြဌာန်းထားသည့် ဈေးနှုန်းဖြင့် မရောင်းမနေရ ရောင်ူချကြရသည်။

စားအုန်းဆီသန့်အတွက်လည်း အစိုးရက ထောက်ပံ့ကြေး စိုက်ထုတ်ကျခံပေးပြီး လက်လီရောင်းဈေး သတ်မှတ်ပေးထားသည်။

ထုတ်လုပ်မှုလျော့ကျ သုံးစွဲမှုမြင့်တက်

Gapki ဟု လူသိများသည့် အင်ဒိုနီးရှား စားအုန်းဆီအသင်း  Indonesian Palm Oil Association မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၁ တွင် စားအုန်းဆီကြမ်း တန်ချိန် ၄၆.၈၉ သန်း ထုတ်လုပ်သည်။ ၂၀၂၀ ထက် ၀.၃၁% လျော့နည်းသည်။
ပြည်တွင်း သုံးစွဲမှုသည် ၆% တိုးခဲ့ပြီး တန်ချိန် ၁၈.၄ သန်း သုံးစွဲခဲ့သည်။ oleochemical ထုတ်လုပ်ရန် သုံးစွဲသည့် စားအုန်းဆီ ပမာဏ ၂၅% တိုးခဲ့သဖြင့် ပြည်တွင်းစားအုန်းဆီသုံးစွဲမှု မြင့်တက်စေခဲ့သည်။ 

ပြည်ပတင်ပို့မှု မြင့်တက်

ပြည်ပသို့ စားအုန်းဆီကြမ်း၊ ဆီအုန်းအစေ့အဆန်ဆီ၊ oleochemical အပါအဝင် စားအုန်းဆီ ထုတ်ကုန်များ တင်ပို့သည့် ပမာဏသည် ၂၀၂၀ ခုနှစ်ထက်  ၆% မြင့်တက်ခဲ့ပြီး တန်ချိန် ၃၄.၂ သန်း တင်ပို့ခဲ့သည်။ တန်ဖိုးအရဆိုလျှင် ၅၂% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅ ဘီလျံဖိုး ရှိပါသည်။
စားအုန်းဆီသည် ကျောက်မီးသွေးနှင့့်အတူ အင်ဒိုနီးရှား၏ ပဓာနကျသော ပို့ကုန်ဖြစ်သည်။
တရုတ်နှင့် အိန္ဒိယ နိုင်ငံများသို့ အဓိကအားဖြင့် တင်ပို့သည်။ ပြီးလျှင် အာဖရိကဈေးကွက်များနှင့်  ဉရောပဈေးကွက်များသည် အဓိကကျသည်။

ဝယ်လိုအားနှင့် ထုတ်လုပ်မှု မမျှတ

အင်ဒိုနီးရှားတွင် အကြီးမားဆုံး ကုမ္ပဏီစုကြီး ဖြစ်သော Astra International ၏ လက်အောက်ခံ လုပ်ငန်းခွဲ Astra Agro Lestari ၏ အကြီးအကဲ 
 Santosa က ပြီးခဲ့သည် ၂ နှစ်တာတွင်  စားအုန်ဆီ ထုတ်လုပ်မှု ပိုများမလာသဖြင့် စားအုန်းဆီကြမ်း လိုအပ်ချက် ဆက်တိုက် မြင့်မားလာသည်ကို ပြည့်မီအောင် ဖြည့်တင်းပေးနိုင်ခဲ့ခြင်းမရှိဟု ပြောကြားသည်။
ဝယ်လိုအားကြောင့် ဈေးနှုန်ူများ မြင့်တက်ကုန်သည်။ လာမည့်လများတွင် တဖြည်းဖြည်းချင်းပြန်ကျသွားနိုင်ဖွယ်ရှိသည်ဟု သူက ခန့်မှန်းသည်။

 

Source: asia.nikkei.com

 

Global News Read 463 times