ရာသီဥတုပြောင်းလဲမှုဆိုတာဘာလဲ- အရိုးရှင်းဆုံးရှင်းပြချက်


19 October, 2021

လူတွေကြောင့်ကမ္ဘာ့အပူချိန်တွေ တက်လာနေသလို ရာသီဥတု ပြောင်းလဲမှုတွေကြောင့် လူမှုဘဝတွေ ခြိမ်းခြောက်ခံနေရပါပြီ။

သတိမမူခဲ့ကြလို့ လူတွေရော သဘာဝတရားကြီးပါ မကြုံစဖူး အပူလွန်ကဲမှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ မိုးခေါင်ရေရှားမှုတွေ ပိုဆိုးလာသလို ပင်လယ်ရေ မျက်နှာပြင်လည်း ပိုမြင့်တက်လာနေပြီး မျိုးစိတ် အများအပြားလည်း မျိုးသုဥ်း ပျောက်ကွယ်မှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့ပြဿနာကြီး၊ ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ ဖြေရှင်းနိုင်လောက်မယ့် နည်းလမ်းတွေတော့ ရှိနေပါတယ်။

ရာသီဥတု ပြောင်းလဲမှုဆိုတာ ဘာလဲ
ရာသီဥတု ဆိုတာကတော့ နှစ်ပေါင်းများစွာအတွင်း ယေဘုယျအားဖြင့် ဒေသတခုမှာ တနှစ်တာရဲ့ အချိန်အလိုက် ဖြစ်လေ့ရှိတဲ့ ပျမ်းမျှမိုးလေဝသ အခြေအနေတွေပဲ ဖြစ်ပါတယ်။ အဲဒီ ပျမ်းမျှ အခြေအနေတွေမှာ အပြောင်းအလဲတွေ ဖြစ်လာတာကို ရာသီဥတု ပြောင်းလဲမှုဆို ခေါ်ကြတာပဲ ဖြစ်ပါတယ်။

အခု ကြုံတွေ့နေကြရတဲ့ ခပ်မြန်မြန် ရာသီဥတုပြောင်းလဲမှုတွေကတော့ လူသားတွေကြောင့်ပါ။ လူနေအိမ်၊ စက်မှုလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး လောင်စာတွေကို သုံးစွဲကြတာကြောင့် ဖြစ်ပါတယ်။

ဒီလောင်စာတွေ လောင်ကျွမ်းတဲ့ အခါမှာ ဖန်လုံအိမ်အာနိသင် ရှိတဲ့ ဓာတ်ငွေ့တွေ ထွက်လာပါတယ်။ အဲဒီ ဓာတ်ငွေ့တွေထဲမှာ အများစုက ကာဘွန်ဒိုင်အောက်ဆိုက် တွေဖြစ်ပါတယ်။ အဲဒီ ဓာတ်ငွေ့တွေဟာ နေရဲ့ အပူကို စုပ်ယူကြပါတယ်။ အဲဒီအခါမှာ ကမ္ဘာ့ အပူချိန်လည်း တက်လာပါတော့တယ်။

ကမ္ဘာကြီးဟာ အခုဆိုရင် လွန်ခဲ့တဲ့ ၁၉ ရာစုနှစ်ကထက် စာရင် ၁.၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုပူနေပါပြီ။ နောက်ပြီး လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏကလည်း ၅၀ ရာခိုင်နှုန်း တက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို ရှောင်ရှားချင်ကြတယ်ဆိုရင် ကမ္ဘာ့အပူချိန်မြင့်တက်လာနေတာကို လုံးဝ လျှော့ချပစ်ဖို့ လိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ကမ္ဘာ့ကြီး ပူနွေးလာနေမှုကို လာမယ့် ၂၁၀၀ ပြည့်နှစ်အထိ ၁.၅ ဒီဂရီ ဆဲလ်စီးယပ်စ်မှာပဲ ထိန်းထားနိုင်ဖို့ လိုတယ်လို့ ဆိုကြပါတယ်။

အဲဒီလို လိုအပ်တဲ့ ဆောင်ရွက်မှုတွေ မလုပ်ကြဘူးဆိုရင် ကမ္ဘာ့အပူချိန်ဟာ ဒီရာစုနှစ် ကုန်တဲ့အခါမှာ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်မက ပိုပြီး ပူလာမှာ ဖြစ်ပါတယ်။

တကယ်လို့ ဘာဆို ဘာမှ မလုပ်ကြဘူး ဆိုရင်တော့ ကမ္ဘာကြီး ပူနွေးလာမှုက ၄ ဒီဂရီ ဆဲလ်စီးယပ်စ် မက တက်လာနိုင်ပြီး အင်မတန် ဆိုးရွားတဲ့ အပူလှိုင်းတွေနဲ့ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ပင်လယ်ရေ မျက်နှာပြင်တွေ မြင့်တက်လာတာကြောင့် လူသန်းပေါင်းများစွာဟာ အိမ်ခြေတွေ ဆုံးရှုံးရမှာ ဖြစ်ပြီး အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေပါ ပြန်မမြင်ရတော့မယ့်အထိ ပျက်သုဥ်းကုန်ကြမှာ ဖြစ်ပါတယ်။


မိုးလေဝသ အခြေအနေ ဆိုးရွားမှုတွေကလည်း ပိုမို ပြင်းထန်လာနေပါတယ်။ လူ့အသက်တွေနဲ့ လူမှုဘဝတွေကိုပါ ခြိမ်းခြောက်လာနေပါတယ်။ ကမ္ဘာကြီး ပိုမိုပူနွေးလာတာနဲ့ အမျှ တချို့ နေရာဒေသတွေဟာ နေထိုင်လို့ မသင့်လျော်တော့တဲ့ အထိ ဖြစ်သွားနိုင်သလို စိုက်ပျိုးမြေတွေဟာလည်း ကန္တာရတွေ အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

တချို့ဒေသတွေမှာတော့ ဒီလို အဖြစ်နဲ့ ပြောင်းပြန်တွေ ဖြစ်လာနေပါတယ်။ မကြာသေးခင်က တရုတ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်တို့မှာ ကြုံခဲ့ရသလို မိုး အဆမတန်ရွာသွန်းမှုတွေကြောင့် သမိုင်းမှာ မကြုံဖူးသေးတဲ့ ရေကြီးမှုတွေနဲ့ ကြုံခဲ့ကြရပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေဆိုရင် ရာသီဥတု ပြောင်းလဲမှုနဲ့ အညီ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ လုံလောက်တဲ့ ဘဏ္ဍာရေး အင်အား မရှိတဲ့ အတွက် ဆိုးကျိုးတွေကို ပိုမို ခံစားရဖွယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတု ပိုမို ပူပြင်းလာမှုတွေရဲ့ ဒဏ်ကို စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရင်ဆိုင်နေကြရပြီဖြစ်ပြီး ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်။

ပင်လယ်သမုဒ္ဒရာတွေနဲ့ အဲဒီ ထဲမှာ ရှင်သန်နေကြသမျှဟာလည်း ရာသီဥတုပြောင်းလဲမှုရဲ့ ခြိမ်းခြောက်ခံနေရပါပြီ။ သြစတေးလျ ကမ်းလွန်က မဟာသန္တာကျောက်တန်းကြီးဟာ ဆိုရင် ရာသီဥတုပြောင်းလဲမှုကြောင့် သမုဒ္ဒရာ ရေပိုမို ပူနွေးလာခြင်းရဲ့ အကျိုးဆက်အဖြစ် ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်က စပြီး သန္တာကောင်တွေရဲ့ ထက်ဝက်လောက် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာကြီးမှာ ပိုမို ပူနွေးလာ ပိုမို ခြောက်သွေ့လာတာနဲ့ အမျှ တောမီးလောင်မှုတွေကလည်း ခပ်စိတ်စိတ် ဖြစ်လို့ လာနေပါတယ်။ ဆိုက်ဘေးရီးယားက ရေခဲမြေတွေ အရည်ပျော်လာတာကြောင့် အဲဒီထဲမှာ သိုလှောင်ထားကြတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေ လေထုထဲကို တက်လာကြတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ရာသီဥတု ပြောင်းလဲမှုတွေက ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်။

ကမ္ဘာကြီး ပိုမိုပူနွေးလာတာနဲ့ အမျှ တိရစ္ဆာန်တွေမှာလည်း သူတို့ အသက်ဆက် ရှင်သန်ဖို့ အတွက် လိုအပ်တဲ့ အစာနဲ့ ရေ ရရှိဖို့ ပိုမိုခက်ခဲလာကြနိုင်ပါတယ်။ ဥပမာ ပြရရင် ရေခဲပြင်တွေ အရည်ပျော်လာတာနဲ့ အမျှ အဲဒီ ရေခဲပြင်ကို မှီခိုနေကြရတဲ့ ဝန်ရိုးစွန်း ဝက်ဝံတွေလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။ တနေ့ကို ရေလီတာ ၁၅၀ ကနေ ၃၀၀ ကြား သောက်သုံးရတဲ့ ဆင်တွေ အဖို့လည်း ရေကို လုံလုံလောက်လောက် သောက်ရဖို့ တော်တော် အခက်ကြုံလာနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေက လိုအပ်တဲ့ ပြောင်းလဲမှုတွေကို မလုပ်ကြဘူးဆိုရင် အခု ရာစုနှစ်အတွင်းမှာတင် မျိုးစိတ်ပေါင်း ၅၅၀ လောက် ကမ္ဘာကြီးကို နှုတ်ဆက်သွားနိုင်တယ်လို့ ယုံကြည် ယူဆထားပြီ ဖြစ်ပါတယ်။

 

ဘယ်လို အကျိုးသက်ရောက်မလဲ
ရာသီဥတု ပြောင်းလဲမှုရဲ့ ဒဏ်ကို ခံကြရတာခြင်းက ကမ္ဘာ့ဒေသအလိုက် ကွဲပြားခြားနားကြပါတယ်။ တချို့ ဒေသတွေဟာ တချို့ နေရာတွေထက် ပိုမို ပူနွေးကြပါတယ်။ တချို့ ဒေသတွေမှာ မိုးပိုများလာနိုင်သလို တချို့ အရပ်တွေမှာ မိုးခေါင်မှုတွေ ပိုကြုံလာကြရပါတယ်။

တကယ်လို့သာ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမလာအောင် မထိန်းထားနိုင်ရင်

  • မိုးအလွန်များလာပြီး ရေကြီးမှုတွေကို ပိုကြုံလာရနိုင်ပါတယ်
  • အပူလှိုင်းတွေ ပိုပြင်းထန်လာပြီး စိုက်ပျိုးမြေတွေဟာ ကန္တာရအသွင် ပြောင်းသွားနိုင်ပါတယ်
  • ကျွန်းနိုင်ငံတွေဟာ မြင့်တက်လာတဲ့ ပင်လယ်ရေ မျက်နှာပြင်အောက်မှာ ပျောက်ကွယ်သွားနိုင်ပါတယ်။
  • နိုင်ငံအများအပြားမှာလည်း မိုးခေါင်ရေရှားမှုတွေနဲ့ အစာရေစာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။
  • မိုးခေါင်မှုတွေ ကြုံလာရနိုင်သလို  ပိုမိုအင်အားပြင်းတဲ့ မုန်တိုင်းတွေနဲ့ ကြုံလာရနိင်ပါတယ်။
  • အပူပြင်းထန်မှုနဲ့ မိုးခေါင်မှုတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။
     

အစိုးရတွေ ဘာလုပ်နေကြသလဲ
ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖို့ နိုင်ငံအားလုံး စုပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်ဆိုတာ ကမ္ဘာ့နိုင်ငံတေ လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၁၅ က သမိုင်းဝင် ပါရီ သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ စာချုပ်အရ ကမ္ဘာကြီး ပူနွေးလာမှုကို ၁.၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် မပိုသွားအောင် ထိန်းထားကြဖို့ သဘောတူထားကြပါတယ်။

လာမယ့် နိုဝင်ဘာလထဲမှာလည်း ယူကေက ကမ္ဘာ့ခေါင်းဆောင်တွေပါ တက်ရောက်ကြမယ့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီး ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံမှာ ၂၀၃၀ မတိုင်ခင် ကာဗွန်လျှော့ချရေး စီမံချက်တွေ ချမှတ်ဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများက လာမယ့် ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်မှုကို သုည အထိ လျှော့ချပစ်ဖို့ ကတိကဝတ် ပြုထားကြပြီဖြစ်ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ဖန်လုံအိမ် အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှတ်နေတာကို အတတ်နိုင်ဆုံး လျှော့ချဖို့နဲ့ ထုတ်လွှတ်သမျှနဲ့ ညီမျှတဲ့ လေထုထဲက ရှိနေပြီးသား ဖန်လုံအိမ် ဓာတ်ငွေ့တွေကို ပြန်လည် စုပ်ယူ ရှင်းလင်းပစ်ဖို့ လုပ်ရမှာဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီလို လုပ်ဖို့ ဖြစ်နိုင်တယ်လို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် အစိုးရတွေ၊ စီးပွားရေ လုပ်ငန်းကြီးတွေနဲ့ လူတဦးချင်း တယောက်ချင်းအလိုက် ပူးပေါင်း ပါဝင်မှသာ ကြီးမားတဲ့ အပြောင်းအလဲကြီးတခုကို ဖော်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

 

ဘီဘီစီ

 

Tips Read 552 times