တရုတ်နိုင်ငံမှ တင်သွင်းသည့် စက်မှုကုန်ကြမ်းပစ္စည်းများ ဈေးတက်သဖြင့် ဘင်္ဂလားဒေ့ရှ် အခက်ကြုံနေရ


17 November, 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စက်မှုကုန်ကြမ်းအတွက် တရုတ်နိုင်ငံမှ ရယူသော ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများသည် ကုန်ကြမ်းများ ဈေးတက်သဖြင့် အခက်ကြုံနေကြသည်။ 
တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာ ရင်ဆိုင်နေရပြီး နောက်ထပ် အနည်းဆုံး လေးငါးလ ဆက်လက်ရင်ဆိုင်ရလိမ့်မည်ဟု ခန့်မှန်းထားသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့နေရပြီး ထုတ်လုပ်မှုပမာဏ လျော့ကျနေသဖြင့် ဝယ်လိုအားကို မဖြည့်ဆည်းနိုင်သဖြင့် ပြည်ပပို့ကုန်အတွက် သုံးစွဲရသော စက်မှုကုန်ကြမ်းများ ဈေး ၂ ဆ တက်ကုန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်ပပို့ကုန် ထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍသည် လိုအပ်သည့် စက်မှုကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ၆၀% ခန့် ရယူသည်။
Export Promotion Bureau (EPB) ၏ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ် ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့် သုံးလအတွင်း ကြီးထွားလာခဲ့သည်။

ပြည်ပပို့ကုန်များ ဝယ်လိုအား မြင့်မားနေသဖြင့် တရုတ်ပြည်မှ တင်သွင်းသော သွင်းအားစုကို ဈေးတက်နေသော်လည်း မှာယူသုံးစွဲနေကြရသည်။ 
ဘင်္ဂလားဒေ့ရှ် ပြည်ပပို့ကုန် ကုန်ထုတ်လုပ်ငန်းများသည် သင်္ဘောတန်ဆာခ မတန်တဆ မြင့်တက်သည်ကိုလည်း ပေးချေရသည်။ စက်သုံးဆီ ဈေးတက်သဖြင့် ပြည်တွင်း သယ်ယူပို့ဆောင်စရိတ်များလည်း ‌မြင့်တက်နေသည်။ 
 ထို့ပြင် သင်္ဘောမရသဖြင့် ကုန်ကြမ်းများ ရောက်လာဖို့ ရက်ပိုကြာသည်။ 
 ထုတ်ကုန်များ ပြည်ပသို့ တင်ပို့သည့်အခါ၌လည်း အလားတူ တထေရာတည်း ကြုံရပြန်သည်။
Fatullah Apparels Limited မှ စီအီးအို Fazlee Shamim Ehsan က "တလအတွင်း ကုန်ကြမ်းက ဈေး နှစ်ဆတက်တယ်။ အရင်က သင်္ဘောတင်ဖို့ အရင်က တပတ်ကြာတာ အခု သင်္ဘောရဖို့ တလကျော် စောင့်ရတယ်"

တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်း သွင်းအားစု တစ်မျိုးဖြစ်သော ဓာတုဆိုးဆေးသည် လွန်ခဲ့သည့် တစ်လကျော်က တစ်ကီလို ၁၃ ဒေါ်လာ ပေးရသည်။ ယခု ၂၂ ဒေါ်လာ ဖြစ်နေပြီ။

အချို့ ကုန်ကြမ်းအမျိုးအစားများအဖို့ တရုတ်အစား အိန္ဒိယမှ ရယူနိုင်သည်။ သို့သော် အိန္ဒိယ ပို့ကုန်လုပ်ငန်းတို့က တရုတ်ထက် ၂~၃ ဒေါ်လာ ဈေးပိုယူလေ့ရှိသည်။ ယခု အကျပ်အတည်း ဆက်လက်ဖြစ်ပေါ်နေသဖြင့် သူတို့က ဈေးပိုတင်ပြီး အမြတ်ထုတ်ကြသည်ဟု Ehsan က ပြောပြသည်။
နောက်နှစ် မတ်လအထိ ပုံမှန်ပြန်ဖြစ်ဦးမည်မဟုတ်၊ တရုတ်နိုင်ငံမှာ ဓာတ်အားမလုံလောက်သည့် ပြဿနာ ပြီးဦးမည်မဟုတ်ဟု သူက သုံးသပ်သည်။
 
Square Denims Ltd မှ director (operation) တာဝန်ထမ်းဆောင်သူ Sayeed Ahmad Chowdhury က"စက်မှုကုန်ကြမ်း ဈေးတက်ပုံမျိုးကို ဘင်္ဂလားဒေ့ရှ်သွင်းကုန်သမားတွေအဖို့ မယုံနိုင်စရာ ဖြစ်နေရတယ်။ ဒါပေမဲ့ ကုန်အတွက် ကတိကဝတ်တွေ စောင့်ထိန်းဖို့ ကျွန်တော်တို့ အရမ်းများတဲ့ ဈေးနဲ့ ဝယ်ယူတင်သွင်းနေရဆဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ဆိုးဆေးအရည် တစ်ကီလို ဈေးနှုန်းသည် လွန်ခဲ့သော နှစ်ပတ်တုန်းက ၄.၈၀ ဒေါ်လာဖြစ်ပြီး ယခု ၈.၂၀ ဒေါ်လာ ဖြစ်နေပြီ ဟု သူက ပြောသည်။

Bangladesh Garment Manufacturers and Exporters Association (BGMEA) ဒုဥက္ကဋ္ဌ Md Shahidullah Azim က ရေကြောင်းသယ်ပို့ခသည် ပေ၂၀ ကွန်တိန်နာ တစ်လုံးစာအတွက် ယခင်နှစ်က ဒေါ်လာ  ၂,၅၀၀~၃,၀၀၀ဖြစ်ပြီး ယခု ၁၂,၀၀၀~၁၃,၀၀၀ အထိ ဈေးမြင့်နေကြောင်း ပြောပြသည်။

ထို့ပြင် ပြည်တွင်းသယ်ပို့ခများ ၂၀~၃၀% ဈေးတက်သဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ၅% ပိုများနေသည်ဟု သူက ပြောသည်။

BGMEA ဥက္ကဋ္ဌဟောင်း Kutubuddin Ahmed က တရုတ်နိုင်ငံမှ သွင်းအားစုများ၏ ကုန်ကျစရိတ်များသည် အထည်အလိပ်နှင့် အထည်ချုပ် လုပ်ငန်းကဏ္ဍကို ဒုက္ခတိုးစေသည်ဟု ဆိုသည်။ သင်္ဘောတန်ဆာခများ မြင့်တက်ခြင်း၊ သင်္ဘောမရခြင်း၊ စက်သုံးဆီ ဈေးတက်ခြင်းများ ကမ္ဘာ့ဈေးကွက်ထဲ ဖြစ်ပေါ်နေသဖြင့် ဒုက္ခရောက်ကြရသည်ကို နောက်ထပ်တစ်မျိုး ထပ်တိုးခြင်းဟု သူက ဆိုသည်။

အရင်းအနှီးပြုရသည့် စက်များ၊ သွင်းအားစုများအတွက် ကုန်ကြမ်းများကို အခြားနိုင်ငံသို့ ပြောင်းရွှေ့ရယူဖို့ လောလောဆယ် မဖြစ်နိုင်ချေ။ တရုတ်နိုင်ငံမှ တင်သွင်းသည်ကသာ အဆင်အပြေဆုံးဖြစ်နေသည်ဟု သူက ပြောသည်။ အခြေအနေ ဆက်လက်ရှည်ကြာနေလျှင် အခြားပေးသွင်းသူများထံမှ ရယူလာကြလိမ့်မည်ဟု သူက ပြောသည်။
ပြည်တွင်းတွင် ထုတ်လုပ်ရန်အတွက် တတ်သိကျွမ်းကျင်မှုများ မရှိသောကြောင့် ပြည်ပလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ပြီး စက်ရုံထူထောင်ရမည်ဟု သူက ပြောသည်။ 

တရုတ်နိုင်ငံမှ လိုအပ်သည့် ကုန်ကြမ်းများ တင်သွင်းသည့် ပမာဏစုစုပေါင်းသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃.၅၅ ဘီလျံ ရှိခဲ့သည်။ စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းများနှင့် အရင်းအနှီးပြုသည့် စက်များ ပါဝင်သည်။ 

tbsnews

 

 

 

Global News Read 912 times