အမေရိကန် ပိတ်ဆို့အရေးယူမှုများကြောင့် တရုတ်ချစ်ပ်လုပ်ငန်း ပြန်လည်မွေးဖွားလာမည်


02 April, 2023

 အမေရိကန် ပိတ်ဆို့အရေးယူမှုများကြောင့် တရုတ်ချစ်ပ်လုပ်ငန်း ပြန်လည်မွေးဖွားလာမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် တရုတ်နိုင်ငံ၏ ချစ်ပ်လုပ်ငန်း ပြန်လည်မွေးဖွားလာမည်ဟု Huawei ၏ အလှည့်ကျ ဥက္ကဋ္ဌ Mr. Xu Zhijun (Eric Xu) က ပြောကြားလိုက်သည်။

 .

 Huawei သည် အခြားသောပြည်တွင်းကုမ္ပဏီများနှင့်အတူ 14 nanometers နှင့်အထက်ရှိသော  အရွယ်အစားဖြင့် ချစ်ပ်ပြုလုပ်ရန် လိုအပ်သော အီလက်ထရွန်းနစ် ချစ်ပ်ဒီဇိုင်းကိရိယာများကို ပူးပေါင်းဖန်တီးခဲ့သည်ဟု Eric Xu က ပြောကြားသည်။

.

 

Huawei ၏ အလှည့်ကျ ဥက္ကဋ္ဌ Mr. Xu Zhijun (Eric Xu)

 

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အမေရိကန် အစိုးရသည် တရုတ်နိုင်ငံနှင့် တရုတ်ကုမ္ပဏီများအား ပိတ်ဆို့အရေးယူမှုများနှင့် ပို့ကုန်ကန့်သတ်ချက်များ ပြဋ္ဌာန်းခဲ့သည်။

.

တရုတ်နိုင်ငံသည် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် အဆင့်မြင့် ချစ်ပ်များ အသုံးပြုနိုင်မည်ကို အမေရိကန်က စိုးရိမ်လျက်ရှိသည်။

 

ထို့နောက် အမေရိကန်အစိုးရသည် ဉာဏ်ရည်တုနှင့် ပိုမိုအဆင့်မြင့်သော နည်းပညာ သုံးစွဲမှုများအတွက် အရေးပါသည့် ချစ်ပ်များ တရုတ်ပြည်သို့ တင်ပို့ခြင်း မပြုရန် ယမန်နှစ်က ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ခဲ့သည်။

.

“တရုတ်ရဲ့ ချစ်ပ်လုပ်ငန်းကဏ္ဍဟာ ဒီအတိုင်း ငုတ်တုတ်ထိုင်နေမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။  ဝိုင်းပြီး ကြိုးစားကြမှာပါ။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ထူကိုယ်ထ ကြိုးစားကြမှာပါ" ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Eric Xu က ပြောကြားခဲ့သည်။

"Huawei အဖို့မှာ တရုတ်နိုင်ငံ ချစ်ပ်လုပ်ငန်းကဏ္ဍရဲ့  ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ့်အားကိုယ်ကိုးကာ ကိုယ်ထူကိုယ်ထ ကြိုးပမ်းမှုများကို ကျွန်တော်တို့ ပံ့ပိုးကူညီမှု ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

.

၂၀၁၈  ခုနှစ်တွင် Huawei သည် အမေရိကန် အစိုးရ၏ Entity List ဟုခေါ်သည့် အမည်းစာရင်းတွင် စာရင်းသွင်းခံရသည်။ သို့ဖြစ်ရာ အမေရိကန်ကုမ္ပဏီများကို တရုတ်ကုမ္ပဏီ Huawei ထံ နည်းပညာရောင်းချခြင်းမှ တားမြစ်ထားသည်။ ပိတ်ပင်သည့်အထဲ 5G ချစ်ပ်အပါအဝင် 5G ထုတ်ကုန်များ ပါဝင်သည်။ သို့ဖြစ်ရာ Huawei သည် 5G စမတ်ဖုန်းများ ထုတ်လုပ်ခြင်း မပြုနိုင်တော့ချေ။

.

.Huawei ၏ Xu မှ အဆိုပါ လုပ်ရပ်များသည် တရုတ်နိုင်ငံ၏ ပြည်တွင်းချစ်ပ်လုပ်ငန်းကဏ္ဍကို အဟန့်အတား ဖြစ်စေမည့်အစား မြှင့်တင်ရာရောက်နိုင်သည်ဟု ပြောကြားသည်။

."တရုတ်ရဲ့ ချစ်ပ်လုပ်ငန်းကဏ္ဍဟာ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ ပြန်လည်မွေးဖွားလာမယ်လို့ ယုံကြည်ပါတယ်၊ အလွန်ခိုင်မာပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ချစ်ပ်လုပ်ငန်းကဏ္ဍ အကောင်အထည် ပေါ်လာမှာပါ" ဟု Xu က ပြောကြားသည်။

.

အမေရိကန်၏ နောက်ဆုံးကန့်သတ်ချက်များသည် တရုတ်နိုင်ငံ၏ ဆီမီးကွန်ဒတ်တာလုပ်ငန်းကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

.

.လက်ရှိ စည်းမျဉ်းများအရ အမေရိကန်နည်းပညာကို အသုံးပြုထားသည့် အချို့သောကိရိယာများ သို့မဟုတ် ချစ်ပ်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်မပြုပါ။

အခြားနိုင်ငံ၌ ချစ်ပ်ကို ထုတ်လုပ်ခြင်းဖြစ်သော်လည်း ချစ်ပ်ထုတ်လုပ်သည့်လုပ်ငန်းစဉ်တစ်လျှောက်တွင်  အမေရိကန် နည်းပညာ၊ အမေရိကန် စက်ကိရိယာများနှင့် မကင်းနိုင်ပါ။

တရုတ်နိုင်ငံ၏ ပြည်တွင်းချစ်ပ်လုပ်ငန်းကဏ္ဍသည် နိုင်ငံခြားနည်းပညာများအပေါ်  အကြီးအကျယ် မှီခိုထားသည်။ ထို့ပြင် အမေရိကန်၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှ ချစ်ပ်လုပ်ငန်းများကို ယှဉ်နိုင်သည့်လုပ်ငန်း တရုတ်နိုင်ငံမှာ မရှိချေ။

 ယခုအခါ တရုတ်ကုမ္ပဏီများသည် ပြည်တွင်း၌ ဆီမီးကွန်ဒတ်တာများ ထုတ်လုပ်နိုင်ရန် အတွက် လိုအပ်သော ကိရိယာများကို တီထွင်ဖန်တီးနိုင်ရန် ကြိုးစားနေကြသည်။

.

Huawei နှင့် အခြားပြည်တွင်းကုမ္ပဏီများသည် 14 nanometers နှင့်အထက်ရှိသော  အရွယ်အစား ဆီမီးကွန်ဒတ်တာများ ပြုလုပ်ရန် လိုအပ်သော အီလက်ထရွန်းနစ် ချစ်ပ်ဒီဇိုင်းကိရိယာများကို ပူးပေါင်းဖန်တီးခဲ့သည်။

အဆိုပါကိရိယာများကို အသုံးပြုခွင့် ရရှိရန် ယခုနှစ်အတွင်း စစ်ဆေးအတည်ပြုမည်ဖြစ်သည်။

 

အလှည့်ကျဥက္ကဋ္ဌ Xu က အဆိုပါကိရိယာများသည် Huawei လုပ်ငန်းအတွက် အသေးအမွှားမျှသာ အဓိပ္ပာယ်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။  ပြည်တွင်းဖြစ် ကိရိယာများ ချစ်ပ်ထုတ်လုပ်ရေးအတွက် ရရှိဖို့အတွက်သာ အဓိပ္ပာယ်ရှိမည်ဟု သူက ဆိုသည်။

.

14 nanometer ကိန်းဂဏန်း အတိုင်းအတာသည် ချစ်ပ်တစ်ခုပေါ်ရှိ ထရန်စစ္စတာ transistor တစ်ခုစီ၏ အရွယ်အစားကို ရည်ညွှန်းသည်။

ထရန်စစ္စတာ သေးငယ်လေ၊ ၎င်းတို့ကို ချပ်စ် တစ်ခုတည်းတွင် ပိုများများ ထည့်သွင်းပြီး ထုပ်ပိုးနိုင်လေ ဖြစ်သည်။

ချစ်ပ်တွင် ထရန်စစ္စတာ အရေအတွက် ပိုများလျှင် ချစ်ပ်သည် ပိုအစွမ်းထက်သည်။ ချစ်ပ် အလုပ်လုပ်တာ ပိုသွက်သည်။ စွမ်းအင်သုံးစွဲမှု ပမာဏလည်း လျော့ကျသည်။ 

ဥပမာအားဖြင့် iPhone 11 တွင် သုံးထားသည့် A13 Bionic ချစ်ပ်သည် 7nm ဖြင့် ပြုလုပ်ထားသည်။ ထရန်စစ္စတာခုရေ ၈.၅ ဘီလီယံ ပါသည်။ 

iPhone 14 Pro တွင် 4nm ဖြင့် ပြုလုပ်ထားသော A16 Bionic  ချစ်ပ်အတွဲစုံကို သုံးထားသည်။ ၎င်းတွင် ထရန်စစ္စတာခုရေ ၁၆ ဘီလီယံ ပါဝင်သည်။

နောက်ထွက်မည့် iPhone 15 Pro နှင့် iPhone 15 Ultra တို့တွင် A17 Bionic ချစ်အတွဲစုံကို သုံးစွဲမည်။ 3nm ဖြင့် ပြုလုပ်ထားသည်။ ထရန်စစ္စတာ ၂၀ မှ ၂၄ ဘီလီယံအထိ ပါဝင်မည် ဖြစ်သည်။

 ပုံမှန်အားဖြင့် နာနိုမီတာအရွယ်အစားကို လျှော့ချခြင်းသည် စွမ်းပကား ပိုကောင်းပြီး ထိရောက်မှု ပိုရှိသော ချစ်ပ်များကို ထုတ်ပေးနိုင်သည်။

.

Huawei သည် ချစ်ပ်များကို ပိုမိုအဆင့်မြင့်သော အသုံးပြုခြင်းများတွင် သုံးစွဲရသည်ဖြစ်သဖြင့်  ပိုမိုသေးငယ်သော နာနိုမီတာ အရွယ်အစားရှိသော ချစ်ပ်များကိုသာ လိုအပ်ပါသည်။ ၎င်းအရွယ်အစား ချစ်ပ်များသည် အမေရိကန်အစိုးရ၏ ပိတ်ပင်မှုများကြောင့် Huawei မရနိုင်သည့် ချစ်ပ်များ ဖြစ်ပါသည်။

 

 ၂၀၂၀  ခုနှစ်ကတည်းက ချမှတ်ထားသည့် လက်ရှိ အမေရိကန် ပို့ကုန်စည်းမျဉ်းများက အမေရိကန် နည်းပညာကို အသုံးပြုထားသော ချစ်ပ်ပုံသွင်း စက်ရုံများသည်  Huawei ထံ နောက်ဆုံးပေါ် ဆီလီကွန်ဆီ ပို့ဆောင်ခြင်းမှ တားမြစ်ထားပါသည်။ သို့ဖြစ်ရာ ထိုင်ဝမ်မှ ချစ်ပ်စက်ရုံများသည် Huawei အတွက် ချစ်ပ်ထုတ်လုပ်ပေးသွင်းခွင့် မရှိပါ။ 

 ထို့ပြင်ဆီလီကွန်ဝေဖာပြားများပေါ်တွင် လူ၏ဆံပင်ထက် ပိုမိုပါးလွှာသော ဆားကစ်ပတ်လမ်းပုံစံများကို ထွင်းထုပေးနိုင်သည့်  အလွန်အမင်းသေးနုတ်သည့်ခရမ်းလွန်ရောင်ခြည် extreme ultraviolet (EUV)သုံးစွဲသော ပုံထွင်းစက်  lithography များကို တရုတ်နိုင်ငံ ဝယ်ယူခွင့်မပြုဟု တားမြစ်ပိတ်ပင်ထားပါသည်။

သို့ဖြစ်ရာ ပုံထွင်းစက်ကို တရုတ်နိုင်ငံသည် ကိုယ့်ဒူးကိုယ်ချွန်ပြီး ထုတ်လုပ်ဖို့ လိုအပ်ပါသည်။

.

တရုတ်နိုင်ငံမှ အကြီးမားဆုံး ချစ်ပ်ပုံသွင်း လုပ်ငန်း  Semiconductor Manufacturing International Corporation SMIC သည် နောက်ကျကျန်ရစ်သည်။

ကမ္ဘာ့ထိပ်တန်း ချစ်ပ်ပုံသွင်းလုပ်ငန်းကြီးများဖြစ်သည့် Samsung Foundry နှင့် Taiwan Semiconductor Manufacturing Company Limited  TSMC တို့သည် 3 nm (nanometer) ဖြင့် ချစ်ပ်များ အမြောက်အမြား ထုတ်လုပ်နေကြသည်။ SMIC သည် EUV lithography စက် မရနိုင်သဖြင့် 14nm အောက် အရွယ်အစားသို့ မဆင်းနိုင်ချေ။ 14nm နှင့် အထက်ကိုသာ လုပ်ကိုင်ပေးနိုင်သည်။ 

14nm နှင့် အထက်ချစ်ပ်များကို စမတ်ဖုန်းကဲ့သို့သော အီလက်ထရွန်းနစ် ကိရိယာများတွင် မသုံးကြပါ။ မော်တော်ယာဉ်များတွင် သုံးကြပါသည်။ 

.

 Huawei သည် နောက်ဆုံးထုတ် P60 စမတ်ဖုန်းမော်ဒယ်များတွင် 4nm Snapdragon 8+ Gen 1 ချစ်အတွဲစုံကို သုံးစွဲပါသည်။ 4G ကိုသာ အလုပ်လုပ်ပါသည်။  5G ကို အလုပ်လုပ်ပါက Huawei ထံ ရောင်းချခွင့် မရှိသဖြင့် 5G ကို လုပ်ကိုင်ပေးနိုင်ခြင်း မရှိအောင် တမင်ထုတ်လုပ်ထားပါသည်။

.

Huawei သည် အမေရိကန်အစိုးရ၏ ပိတ်ပင်မှုများကြောင့် အထိနာနေဆဲ ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် အသားတင်အမြတ်သည် ၂၀၂၁ ခုနှစ်ထက် ၆၉% လျော့နည်းခဲ့ပြီး Huawei သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး လျော့နည်းခဲ့ခြင်း ဖြစ်သည်။

Source CNBC

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Global News Read 320 times