ရွှေလီ - ဝမ်တင်ဂိတ်ပေါက်မှ တရုတ်ပြည်ဘက်ကို ဝင်ရောက်လာတဲ့ ကုန်တင်ကားများအနေနဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတရုတ်ပြည်လမ်းမကြီးများကို အသုံးပြုကာ ရွှေလီ/ကျယ်ဂေါင်ဂိတ်ပေါက်မှ မြန်မာပြည်ဘက်သို့ ရွှေလီအစိုးရက ပြန်လည် ထွက်ခွာခွင့်ပြုလိုက်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ကြည်ကြည်ခိုင်က ပြောကြားပါတယ်။
မြန်မာကုန်တင်ယာဉ်များက တရုတ်ပြည်ဘက်က သတ်မှတ်ထားတဲ့ ယာဉ်ဖြတ်သန်းခွင့်ပြုချက်ကို သက်ဆိုင်ရာဌာနများထံ လျှောက်ထားတောင်းခံရမှာဖြစ်ပြီး သတ်မှတ် အခွန်အခများကို လျှောက်ထားသူက ပေးဆောင်ရမှာဖြစ်တယ်လို့ ယင်းကုန်စည်ဒိုင်ထံမှ သိရပါတယ်။
“ဝမ်တင်ကနေဝင် အသီးကွင်းထဲမှာ အသီးချပြီး ကျယ်ဂေါင်တို့ ရွှေလီတို့မှာ ကုန်တင်ဖို့ရှိရင် တရုတ်ပြည်ထဲကနေ ပေးမပတ်ဘူး။ ပြန်ထွက်ပြီးမှ မူဆယ်ကနေ ပြန်ဝင်ရတာ။ အခု အသီးကားတွေချပြီး ကုန်တင်စရာရှိရင် တရုတ်ပြည်ထဲကနေ ပတ်သွားလို့ရပြီဆိုပြီး ခွင့်ပြုပေးလိုက်တာ” လို့ ဒေါ်ကြည်ကြည်ခိုင်က ဆိုပါတယ်။
ယခင်က မြန်မာကုန်တင်ယာဉ်များကို တရုတ်ပြည်ထဲသို့ ဝင်ထွက်သွားလာခွင့် မပြုတဲ့အတွက် ရွှေလီနဲ့ ကျယ်ဂေါင်မှာ ကုန်တင်မယ့်ကားများဟာ မူဆယ် ၁၀၅ မိုင်အပေါက်မှ ပြန်ဝင်ရန် ယာဉ်ကြော ပိတ်ဆို့တဲ့အတွက် တစ်ပတ်ခန့် စောင့်ဆိုင်းရပါတယ်။
ခွာညိုသစ်သီးပွဲရုံကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခင်နောင်က “သူတို့ဘက်ကတော့ တရားဝင် ခွင့်ပြုပြီးပြီ။ ယာဉ်တွေကတော့ စမသွားသေးဘူး။ ဒီရက်ပိုင်းအတွင်း စသွားမှာပါ။ ဒီဘက်က ဝင်ခွင့်ကတ်တွေ ပြင်ဆင်ရဦးမယ်” လို့ ပြောပါတယ်။
မြန်မာကုန်တင်ယာဉ်များ စတင်သွားလာနိုင်ရန် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက မေလ ၁၂ ရက်နေ့မှာ လမ်းကြောင်းများကို လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
အခုလို မြန်မာကုန်တင်ယာဉ်များကို ဝင်ထွက်သွားလာခွင့်ပြုလိုက်တဲ့အတွက် ရွှေလီ - ဝမ်တင် ဝင်ထွက်ဂိတ်မှာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်မှာဖြစ်ပြီး မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုကို လျင်မြန်စေမယ်လို့ သစ်သီးကုန်သည်များက သုံးသပ်ပြောကြားပါတယ်။
The Voice