တရုတ်နိုင်ငံ ဇွန်လ ရေနံတင်သွင်းမှု ရုရှားရေနံ စံချိန်တင် တိုးမြှင့်၊ ဆော်ဒီရေနံ လျော့ကျ


14 July, 2022

တရုတ်နိုင်ငံ ဇွန်လ ရေနံတင်သွင်းမှု ရုရှားရေနံ စံချိန်တင် တိုးမြှင့်၊ ဆော်ဒီရေနံ လျော့ကျ

တရုတ်နိုင်ငံသည်  ဇွန်လတွင် ရေနံစိမ်း တင်သွင်းမှု စုစုပေါင်း ပမာဏ လျော့ကျခဲ့ပါသည်။ အရှေ့အလယ်ပိုင်းနှင့် အနောက်အာဖရိကတို့မှ ရေနံ တင်သွင်းမှုများ လျှော့ချခဲ့ပြီး ဈေးနှုန်းနိမ့် ရုရှားရေနံစိမ်း တင်သွင်းမှုကို စံချိန်တင် တိုးမြှင့်လိုက်ကြောင်း ရေနံတင်သင်္ဘောနှင့် ကုန်သည်များထံမှ သိရသည်။

ရုရှားသည် ဆော်ဒီအာရေးဗီးယားကို ကျော်လွန်ကာ  တရုတ်နိုင်ငံသို့ အများဆုံး ပေးသွင်းသူအဖြစ် ဒုတိယမြောက်လ ဆက်လက်ရပ်တည်နေကြောင်း ရေနံတင်သင်္ဘောခရီးစဉ်များ ကျွမ်းကျင်သူ Vortex, Kpler နှင့် Refinitiv တို့၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ တရုတ်နိုင်ငံသည် ရုရှားရေနံ အများဆုံး တင်သွင်းနေသည့် နိုင်ငံဖြစ်ပါသည်။ 
 COVID-19 တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများကြောင့် ပြည်တွင်းဝယ်လိုအား နှေးကွေးနေသည့်အပြင် တရုတ်အစိုးရက လောင်စာဆီ ပြည်တွင်းဖူလုံစေရေးအတွက် ပြည်ပတင်ပို့မှုများ ကန့်သတ်လျှော့ချထားသဖြင့် ဝင်ငွေ လျော့ကျလျက် ရှိစဉ် တရုတ်ပြည်တွင်း ရေနံချက်လုပ်ငန်းများအဖို့  ဈေးနှုန်းနိမ့် ရုရှားရေနံကို ရရှိကြသဖြင့် ကုန်ကျစရိတ် လျှော့ချနိုင်ကြသည်။ 

တရုတ်နိုင်ငံသည် ရုရှားရေနံကို ရေကြောင်းနှင့် ပိုက်လိုင်း နည်းလမ်းနှစ်သွယ်ဖြင့် ရယူလျက် ရှိသည်။ ဇွန်လတွင် ရုရှားရေနံ တစ်ရက် စည် ( barrels per day - bpd) စုစုပေါင်း ၂ သန်းခန့် ရယူခဲ့သည်။ တရုတ်နိုင်ငံ ရေနံစိမ်း လိုအပ်ချက်၏ ၁၅% ကို ရုရှားရေနံဖြင့် ဖြည့်တင်းသည်။ ဇွန်လပမာဏသည် မေလစံချိန်ပမာဏနှင့် အတူတူ ဖြစ်သည်ဟု Vortex, Kpler နှင့် Refinitiv တို့က ပြောကြားကြသည်။ 

Refinitiv ၏ တွက်ချက်ခန့်မှန်းချက်အရ ဇွန်လတွင် ဆော်ဒီအာရေဗျထံမှ ရေနံတင်သွင်းသည့် ပမာဏသည် ၂ နှစ်တာ ကာလအတွင်း အနိမ့်ဆုံး ရောက်ရှိခဲ့ပြီး bpd ၁.၃ သန်း တင်သွင်းခဲ့ပါသည်။
ရုရှားရေနံ ရေကြောင်းဖြင့် ဇွန်လတွင် bpd ၁.၀၄~၁.၁၅ သန်း တင်သွင်းခဲ့ပြီး ‌မေလတွင် bpd ၁.၁ သန်းဝန်းကျင် တင်သွင်းခဲ့ပါသည်။
East Siberia-Pacific Ocean Pipelines (ESPO) နှင့်  Kazakhstan-China ပိုက်လိုင်း တို့ဖြင့် ရုရှားရေနံ bpd  ၈၈၀,၀၀၀ တင်သွင်းခဲ့ပါသည်။ 
 
အိန္ဒိယနှင့် တရုတ်တို့သည် ရုရှားရေနံကို မေလမှစ၍ ပိုမိုတင်သွင်းခဲ့ကြသည်။ နှစ်နိုင်ငံ စုစုပေါင်း တင်သွင်းသည့် ပမာဏသည် မေလတွင် ဧပြီလထက် bpd  ၁ သန်း ပိုများခဲ့ပါသည်။ နှစ်နိုင်ငံ တင်သွင်းသည့် ပမာဏသည် ရုရှားရေနံ တင်ပို့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံ ရှိသည်။ 

တရုတ်နိုင်ငံတွင်  ESPO မှ ရေနံ အများဆုံးတင်သွင်းသည်မှာ Sinopec Corp  ဖြစ်ပါသည်။ ရုရှား၏ အထင်ကရ flagship  ရေနံအမျိုးအစားဖြစ်ပြီး အရှေ့ဖျားရှိ Kozmino ဆိပ်ကမ်းမှ တင်ပို့ပါသည်။ Vortexa မှ ဆန်းစစ်သူ Emma Li က ဇွန်လတွင် ESPO မှ ၁၂ သုတ် တင်ပို့ခဲ့ပြီး  ESPO ရေနံ ရေကြောင်းတင်ပို့ မှု စုစုပေါင်း၏ သုံးပုံတစ်ပုံ ဖြစ်ကြောင်း ပြောကြားသည်။

မေလတွင် Sinopec သည် ၁၅ သုတ် သယ်ယူခဲ့ကြောင်း စစ်ပွဲမတိုင်ခင်ကထက် ၃ ဆ ဖြစ်ကြောင်း  Li က  ပြောကြားသည်။ 

Sinopec သည် မေလနှင့် ဇွန်လ စုစုပေါင်း စည် သန်း ၂၀ ဝယ်ယူခဲ့သည်။ FOB Kozmino ဈေးနှုန်းဖြင့် ရောင်းချခဲ့ရာတွင် Dubai crude benchmark  အောက် တစ်စည်လျှင် $20  သက်သာသည်။
တရုတ်အကောက်ခွန်ဌာနက တင်သွင်းသည့် အချက်အလက်များကို ဇူလိုင်လ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာပေးမည် ဖြစ်သည်။ 

 Vortexa နှင့် Kpler တို့၏ အဆိုအရ ဥရောပရေနံချက်စက်ရုံများသို့ ပေးပို့နေကျ ဖြစ်သော  Urals ရေနံစိမ်းကိုလည်း တရုတ်ရေနံချက်စက်ရုံများက တင်သွင်းကြသည်။ ဇွန်လတွင် bpd ၂၅၀,၀၀ ဝန်းကျင် တင်သွင်းခဲ့ပါသည်။ ရေနွေးကြမ်းအိုးဟု ခေါ်တွင်သည့် ပုဂ္ဂလိက ရေနံချက်လုပ်ငန်းများသည် Urals ရေနံကို ပိုမိုဝယ်ယူနေကြသည့်အပြင် အိန္ဒိယနိုင်ငံမှ ရေနံချက် စက်ရုံများကလည်း ပိုမိုဝယ်ယူကြသည်။ 

တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနှင့် အီရတ်တို့မှ ရေနံကို ၄၀% အထိ လျှော့ချနိုင်ဖွယ် ရှိသည်ဟု  Vortexa နှင့်  Refinitiv တို့က ခန့်မှန်းထားကြသည်။ 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U
Source: brecorde

Energy News Read 3738 times