မြန်မာရထားလမ်းကွန်ရက်ဖြင့် အိန္ဒိယသမုဒ္ဒရာတံခါးပေါက်သို့ တရုတ်နိုင်ငံ လမ်းကြောင်းဖော်ဆောင်


21 October, 2022

 မြန်မာရထားလမ်းကွန်ရက်ဖြင့် အိန္ဒိယသမုဒ္ဒရာတံခါးပေါက်သို့ တရုတ်နိုင်ငံ လမ်းကြောင်းဖော်ဆောင်

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအား အကူအညီများ ဖြတ်တောက်လိုက်သောအခါ လစ်ဟာနေသည့်နေရာကို ဝင်ယူရန် တရုတ်သည် ၎င်း၏ Belt and Road အခြေခံအဆောက်အအုံ တည်ဆောက်ရေး အစပျိုးမှု ‌ခေါင်းစဉ်အောက်တွင် ခြေလှမ်းသွက်သွက် လှမ်းသည်။

သို့သော် တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကို စိုးရိမ်မှု ကြီးထွားလာနေခြင်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ China-Myanmar Economic Corridor CMEC စီမံကိန်း၏  တိုးတက်မှုကို ခြောက်လှန့်နေခဲ့သည်။ အကယ်စင်စစ် မြန်မာနိုင်ငံတွင် နိုင်ငံခြားကြွေးမြီ အနည်းငယ်သာရှိသည်။ စုစုပေါင်းနိုင်ငံဝင်ငွေ၏ ၁၇% နှင့် ညီမျှသော နိုင်ငံခြားကြွေးမြီပမာဏသာ ရှိသည်။လာအိုတွင် ၉၅% နှင့် ကမ္ဘောဒီးယားတွင် ၇၁% ရှိနေကြောင်း ကမ္ဘာ့ဘဏ်မှ သိရသည်။ တရုတ်နိုင်ငံထံမှ ရယူထားသော ချေးငွေသည် နိုင်ငံခြားကြွေးမြီ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းသာ ရှိသည်။

.

တရုတ်နိုင်ငံအနောက်ခြမ်းမှ မြန်မာနိုင်ငံသို့ ဆက်သွယ်ပေးသည့် ရထားလမ်းကွန်ရက်အပိုင်းကို မကြာသေးခင်က လများအတွင်း စတင်လည်ပတ်ပြီးနောက် စီမံကိန်း၏ ၎င်းအပိုင်းသည် အပြည့်အ၀ ရှေ့ဆက်လှမ်းနေသည်။

၎င်းတိုးတက်ဖြစ်ပေါ်မှုသည် တရုတ်အစိုးရအတွက် အလွန်အရေးပါသည်။ အကြောင်းမှာ  အိန္ဒိယ သမုဒ္ဒရာသို့ သွားလမ်းလာလမ်း သာဖို့ အရေးပါသော လမ်းကြောင်းကို ဖွင့်ပေးနိုင်မည့် အလားအလာ ရှိနေသောကြောင့်ဖြစ်သည်။

.

၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အီလက်ထရွန်းနစ်၊ မော်တော်ကားနှင့် အခြားကုန်ပစ္စည်းများ ပါဝင်သော ကွန်တိန်နာ အလုံး ၆၀ ကို တင်ဆောင်လာသည့် ကုန်တင်ယာဉ်များ မန္တလေးမြို့သို့ ဆိုက်ရောက်သည်။

၎င်းကုန်စည်ပို့ဆောင်မှုသည်  မေလနှောင်းပိုင်းတွင် တရုတ်နိုင်ငံ ချုံကင်းမြို့မှ ရထားဖြင့်  စတင်ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ကန်သို့ ဆိုက်ရောက်သည်။ ထိုနောက် ရထားပေါ်မှ ကွန်တိန်နာများကို ကုန်တင်ကားများပေါ်တွင် တင်ဆောင်ကာ ရှမ်းပြည်နယ် နယ်ခြားမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

.

၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခဲ့သည့် တရုတ်နိုင်ငံအနောက်ပိုင်း လင်ကန် နှင့် ဒါလီ ကြားရှိ မီးရထားလမ်းဖြင့် လမ်းကြောင်းသစ်ကို ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းလမ်းကြောင်းသစ်သည် သယ်ယူပို့ဆောင်ရေး အကွာအဝေးနှင့်အချိန်ကို တိုစေသည်။ ထို့ပြင် တရုတ်ပြည် ကုန်းတွင်းပိုင်းမှ အရှေ့အလယ်ပိုင်း‌ဒေသနှင့် ဥရောပတို့ထံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ပို့‌ဆောင်မှုကို လမ်းပေါက်မည် ဖြစ်သည်။ 

နောက်ထပ် စမ်းသပ်ပို့ဆောင်မှုတစ်ခုကို ၂၀၂၁ ဩဂုတ်လတွင် ဆောင်ရွက်ခဲ့ပါသည်။ ကုန်စည်များကို ပင်လယ်ရေကြောင်းဖြင့် စင်ကာပူမှ ရန်ကုန်သို့ ပို့ဆောင်သည်။ ထို့နောက် ထရပ်ကားများဖြင့် တရုတ်နိုင်ငံ လင်ကန်သို့ ပို့ဆောင်သည်။ ထိုမှတစ်ဆင့် ရထားဖြင့် စီချွမ်ပြည်နယ် မြို့တော် ချန်ဒူသို့ အဆုံးသတ် ဆိုက်ရောက်သည်။

 

နိုင်ငံပိုင် China Railway Group သည် ဤတိုးတက်ဖြစ်ပေါ်မှုများ၏ နောက်ကွယ်တွင် အဓိက မောင်းနှင်သူဖြစ်သည်။

ဒါလီမှ ရွှေလီအထိ ၃၃၀ ကီလိုမီတာရှည်သော ရထားလမ်းကို ၎င်းလုပ်ငန်းစုက ဖောက်လုပ်သည်။ ၎င်းသည် မြန်မာနိုင်ငံမှတစ်ဆင့် ကုန်းလမ်းပို့ဆောင်မှုအတွက် တရုတ်နိုင်ငံ၏ အရေးကြီးဆုံး တံခါးပေါက်ဖြစ်သည်။

၁၄ နှစ်ကြာ ဖောက်လုပ်ခဲ့သော ရထားလမ်းပိုင်းကို ဇူလိုင်လတွင် စတင်အသုံးပြုခဲ့သည်။ 

.

 China Railway သည် မြန်မာနိုင်ငံအတွင်းမှ စီမံကိန်းများတွင်လည်း ပါဝင်နေသည်။ ၎င်းက ၂၀၁၈ ခုနှစ်တွင် မြန်မာ့မီးရထားနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး မူဆယ်နှင့် မန္တလေးအကြား ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို ပြုလုပ်ခဲ့သည်။ အဆိုပါ ရထားလမ်း စီမံကိန်းတွင် ဘူတာရုံ ၃၆ ခု၊ တံတား ၁၂၄ စင်းနှင့် ဥမင်လိုဏ်ခေါင်း ၆၀ ပါဝင်ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယသမုဒ္ဒရာကမ်းခြေမှ  အထူးစီးပွားရေးဇုန်ဖြစ်သည့် ကျောက်ဖြူသို့ ရထားလမ်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နောက်ထပ်နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

.

တရုတ်အစိုးရပိုင် လုပ်ငန်းစု CITIC Group သည် ကျောက်ဖြူတွင် အကြီးစား ဆိပ်ကမ်းနှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နေသည်။

ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု အကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အပြီးသတ်ရန် မျှော်လင့်ထားသည်။ ဩဂုတ်လတွင် ဒေသခံပြည်သူများအတွက် သတင်းအချက်အလက်ဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ 

အဆိုပါ စီမံကိန်းများသည်  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ China-Myanmar Economic Corridor CMEC ဖော်ဆောင်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် အနောက်ဘက် ဒေသများကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။ Belt and Road Initiative ၏ ပိုအရေးပါသော အပိုင်းကဏ္ဍတစ်ရပ် ဖြစ်လာမည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ပို့ကုန်များ မြှင့်တင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအတွက် နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ် အချက်အချာ ဖြစ်လာမည်ဖြစ်သည်။

.

CMEC ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျသည့် ဓာတ်ငွေ့သုံး ၁၃၅ မဂ္ဂါဝပ်ရှိ ဓာတ်အားစက်ရုံကို မကြာသေးခင်က ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထင်သာမြင်သာရှိ‌သော တိုးတက်မှု အနည်းငယ်သာ ရှိ‌ပေသေးသည်။

.

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးတိုးတက်မှုများနှင့် တရုတ်မလိုလားသည့် အမြင်သဘောထားများကို ပိုမိုဂရုစိုက်လာခဲ့သည်ဟု Institute for Strategy and Policy Myanmar မှ သုတေသီတစ်ဦးက ပြောကြားသည်။ 

သဘောထားအမြင်များကို စစ်တမ်းကောက်ယူမှုတွင် ဖြေဆိုသူ ၈၃ ရာခိုင်နှုန်းက စီးပွားရေးစင်္ကြံသည် မြန်မာနိုင်ငံထက် တရုတ်နိုင်ငံကို ပိုမိုအကျိုးရှိမည်ဟု ပြောဆိုကြပြီး ၁၂ ရာခိုင်နှုန်းက နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည်ဟု ဖြေဆိုသည်။

Source Asia Nikkei

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Export, Import Investment/Divestment Read 350 times