နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမရှိသည့် ချင်းပြည်နယ်အတွက် ရင်းနှီးမြှုပ်နှံမှုပွဲပြုလုပ်


21 February, 2019

၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမရရှိသေးသည့် ချင်းပြည်နယ်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်ကုန်များပြပွဲကို မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်း၍ ရန်ကုန်မြို့ Myanmar Convention Center ၌ မတ်လအတွင်းပြုလုပ်သွားမည်ဖြစ်ပါတယ်။

ပထမနေ့တွင် ချင်းပြည်နယ်နှင့်ပတ်သက်သည့်ရင်းနှီးမြှုပ်နှံမှုအလားအလာ အခြေအနေများကိုဆွေးနွေးခြင်း၊ မျက်နှာစုံညီဆွေးနွေးပွဲများနှင့် ချင်းပြည်နယ်ရှိဒေသထွက်ကုန်များကို ပြသသွားမည်ဖြစ်ပြီး ဒုတိယနေ့တွင်လဲ ဆက်လက်ပြသသွားရန် စီစဉ်ထားပါတယ်။

“ခရီးသွားကဏ္ဍ ၊ စိုက်ပျိုးရေးကဏ္ဍနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ကဏ္ဍတွေက အဓိက ကဏ္ဍကြီး (၃) ခုပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ပြပွဲလုပ်လိုက်ရင်တော့ အများကြီးပေါ်လာနိုင်တယ် ဥပမာ ချင်းပြည်နယ်က ထွက်တဲ့ ရက်ကန်းလုပ်ငန်းပေါ့။ အဝတ်အထည်တွေ ဆိုလည်း တော်တော်လေးကိုလူကြိုက်များတယ်ပေါ့နော်” ။

“ ကျန်တဲ့အိမ်တွင်းလက်မှုလုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ ပြပွဲလုပ်တဲ့အချိန်မှာ ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်နိုင်မယ်လို့ သုံးသပ်ထားပါတယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။ ချင်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများစွာရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် တိမ်မြှုပ်နေခြင်းဖြစ်သည် ဟုဆိုပါတယ်။

ချင်းပြည်နယ်တွင် ရင်းနှီးမြှုုပ်နှံမှုလုပ်ကိုင်ရန် အလားအလာရှိလုပ်ငန်းများအနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ ဆိုလာစွမ်းအင်ဖြင့်ထုတ်လုပ်ခြင်း၊ ခရီးသွားလည်ပတ်နိုင်မည့်ဒေသများရှိခြင်း၊ ထောပတ်သီး၊ ကော်ဖီ၊ ပိုးစာ စသည့် စိုက်ပျိုးရေးလုပ်ငန်းများ ရှိနေပါတယ်။

“ရေတိုမှာ လက်ရှိ ရှိပြီးသားလုပ်ငန်းက ကော်ဖီလုပ်ငန်းရှိတယ်၊ ဝဥလုပ်ငန်းရှိတယ်၊ စိုက်ပျိုးရေးနဲ့ပတ်သတ်ရင်ပေါ့နော်။ နောက်ပြီး ပလက်ဝဘက်မှာဆို နှမ်းတော်တော်ထွက်ပါတယ်။ ဂမုန်းထွက်တယ် တရတ်ပြည်ဘက်ကို နှစ်စဉ်တန်နဲ့ချီ လေး ၊ ငါး ၊ဆယ်စီးလိုက် သွားတာပေါ့နော်။ လက်ရှိအဲ့ဒီဟာတွေက တစ်ဦးချင်းလုပ်နေတာဖြစ်တယ် ” ။

“တစ်ဦးချင်းလုပ်နေတာမဟုတ်ဘဲနဲ့ contract farming ပုံစံမျိုး လုပ်ငန်းရှင်တစ်ယောက်က input တွေထည့် အချိုးကျပြန်ပြီးခွဲဝေတဲ့စနစ်မျိုး လုပ်မယ်ဆိုရင်တော့ စိုက်ပျိုးရေးမှာလည်း အများကြီးအလားအလာကောင်းတယ်၊ နွားနောက်မှာလည်း အဲဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတယ်” ဟု ချင်းပြည်နယ် ကုန်သည်လုပ်ငန်းရှင်များနှင့် စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးကျင်လမ်းမန် က  ပြောပါတယ်။

ထို့အပြင် ခရီးသွားကဏ္ဍ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းများတွင် ပြည်တွင်းမှ အလည်အပတ်ခရီးသွားများကြောင့် စိတ်ဝင်စားမှုများ ပိုမိုရှိနေပါတယ်။ လက်ရှိချင်းပြည်နယ်၌ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ကမ္ဘာ့ဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် အစိုးရတို့မှ ဆောင်ရွက်ပေးထားသည်များရှိပြီး လေယာဉ်ကွင်းတစ်ခုကိုပါ တည်ဆောက်လျက်ရှိကြောင်း ဦးကျင်လမ်းမန် ထံမှ သိရပါတယ်။

ချင်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုအဖြစ် နောက်ဆုံးအနေနဲ့၂၀၁၃ ခုနှစ်တွင် သတ္တုရှာဖွေရေးလုပ်ငန်းတစ်ခုရှိခဲ့ပြီး ၎င်းလုပ်ငန်းမှာလည်း ဆက်လက်လုပ်ကိုင်ခြင်းမရှိခဲ့သောကြောင့် ချင်းပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိသည်မှာ ၆ နှစ်ခန့် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမှာလည်း ချင်းပြည်နယ်အတွက် ဟိုတယ်လုပ်ငန်းတစ်ခုသာ ဝင်ရောက်ထားသည်ဟု ဦးအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

BETV Daily News

Investment/Divestment Events & Exhibition Read 445 times