မြန်မာကို ဖြတ်သန်းထားတဲ့ တရုတ်ကုန်သွယ်ရေးလမ်းကြောင်းသစ်စမ်းသပ်အောင်မြင်


05 September, 2021

မြန်မာကို ဖြတ်သန်းထားတဲ့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး လမ်းကြောင်းသစ် အကောင်အထည်ဖော်ဖို့ ပထမဆုံးအနေဖြင့် ကုန်တွင်းလမ်းကြောင်းကို စမ်းသပ်ခဲ့ပြီး တရုတ်အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့တာကို တွေ့ကြရတယ်။  အရှေ့တောင်အာရှကို နိုင်ငံရေးနဲ့ စီးပွားရေး ဩဇာညောင်းဖို့ Belt and Road Initiative မှတစ်ဆင့်တရုတ်နိုင်ငံက ဆက်လက်အကောင်အထည်ဖော်နေတာဖြစ်တယ်လို သုံးသပ်ကြတယ်။  

တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်သန်းထားတဲ့ ကုန်တွင်း ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို ပထမဆုံးအနေဖြင့်  အစမ်းသုံးကြည့်ခဲ့တာ ဖြစ်ပါတယ်။  
၎င်းကုန်းတွင်း ကုန်သွယ်ရေးလမ်းကြောင်း အစိတ်အပိုင်း ပါဝင်ဖွဲ့စည်းထားတဲ့ တရုတ်-မြန်မာ စင်္ကြံက အန္ဒိယသမုဒ္ဒရာနဲ့ တရုတ်ပြည် ကုန်းတွင်းပိုင်းကို အချိတ်အဆက်ပြုထားဖို့ ဒီဇိုင်း ထုတ်ထားတယ်။ ကုန်သွယ်ရေးကို မြှင့်တင်ပေးဖို့ အထောက်အကူ ဖြစ်စေတဲ့အပြင် မြန်မာနိုင်ငံအပေါ် ဩဇာညောင်းထားနိုင်တာကိုလည်း ကမ္ဘာ့စင်မြင့်ထက်မှာ  ပြသပေးနေမှာ ဖြစ်ပါတယ်။ 

သမားရိုးကျ ပင်လယ်ရေကြောင်းလမ်းတွေကို တရုတ်နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ အသုံးပြုပြီး ကြီးမားတဲ့ ဧရိယာဖြစ်တဲ့ ကုန်တွင်းပိုင်းကျကျ အနောက်ပိုင်းကိုတော့ မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ရေကြောင်းလမ်းတွေကို အချိတ်အဆက် ပြုပါတယ်။

သင်္ဘောများအနေဖြင့် တောင်တရုတ်ပင်လယ်ဘက်မှ တစ်ကွေ့တစ်ပတ် သွားပြီး တရုတ်နိုင်ငံ ပင်လယ်ကမ်းခြေဒေသကနေ တစ်ဆင့် ကုန်တွင်းပိုင်းပြည်နယ်တွေထံ အချိတ်အဆက်ပြုထားတာ ရက်ရှည်ကြာတဲ့ လမ်းကြောင်းတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံကနေ ဖောက်ထွက်တဲ့အတွက် ရက်ပေါင်း ၂၀ မှ ၂၂ ရပ်အထိ ပိုမြန်ဆန်သွားစေတယ်။  အိန္ဒိယသမုဒ္ဒရာကို အလှမ်းမီသွားတဲ့အတွက် အရှေ့တောင်အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသတွေနဲ့ ကုန်သွယ်ရေးကို အထောက်အကူ ဖြစ်စေပါတယ်။ 

အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံက အခြေခံအဆောက်အအုံ ချိတ်ဆက်မှုကို အလေးအနက်ထားပြီး အကောင်အထည်ဖော်လျက် ရှိပါတယ်။ 

ထိုင်းနဲ့ လာအို နိုင်ငံတို့ကို တရုတ်နိုင်ငံနဲ့ ရထားလမ်းဖြင့် ချိတ်ဆက်ထားဖို့အတွက်လည်း ရထားလမ်းတွေ ဖောက်လုပ်ပါတယ်။ ဗီယက်နမ်နဲ့လည်း စီးပွားရေးစင်္ကြံ ထူထောင်ဖို့ တွန်းအားပေးနေပေမဲ့ တိုးတက်မှု မဆိုစလောက်သာ ဖြစ်ထွန်းပါတယ်။ 

ပြီးခဲ့တဲလမှာ ပထမဆုံးအကြိမ် စမ်းသပ်မှုကို တရုတ်-မြန်မာစင်္ကြံမှာ ပြုလုပ်ခဲ့တယ်။ အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ကွန်တိန်နာ အလုံး ၆၀ ဝန်းကျင်ကို တရုတ်နယ်စပ် ချင်းရွှေဟော်သို့ ကုန်းလမ်းဖြင့် ပို့ဆောင်ခဲ့တယ်။ ထိုမှတစ်ဆင့် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ လင်ချမ်းမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့တယ်။ ထို့မှတစ်ဆင့် ရထားဖြင့် စီချွမ်ပြည်နယ် ချန်ဒူမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့တယ်။ 

ကနဉီးသတင်း ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ
"တရုတ်- မြန်မာလမ်းကြောင်းသစ်" ရထားလမ်းပိုင်း ဖွင့်လှစ်


အန္ဒိယသမုဒ္ဒရာမှ ရောက်ရှိလာတဲ့ ကွန်တိန်နာတွေကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ပေးပို့ခဲ့တဲ့ ပထမဆုံးအသုတ် ဩဂုတ်လကုန်မှာ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း Yicai Global မီဒီယာမှာ သတင်းဖော်ပြခဲ့ပါတယ်။ 
စမ်းသပ်ပေးပို့မှု  စီချွမ်ပြည်နယ် မြို့တော် ချန်ဒူသို့ ရောက်ရှိလာတဲ့ ကွန်တိန်နာတွေကို စင်ကာပူဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ရန်ကုန်-လင်ချမ်း-ချန်ဒူ လောဂျစ်စတစ် လမ်းကြောင်းတစ်လျှောက် ပို့ဆောင်ခဲ့တယ်။ လမ်းကြောင်းမှာ ပင်လယ်ရေကြောင်း၊ ကားလမ်းနဲ့ ရထားလမ်းတို့ကို ဆက်စပ်အသုံးပြုထားတယ်။ အဲဒီလမ်းကြောင်းဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအတွက် နိုင်ငံတကာ လောဂျစ်စတစ်လမ်းကြောင်း တစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားတယ်။ 
ခရီးလမ်းကြောင်း တိုတဲ့အတွက် အချိန်လည်း ပိုတိုသွားတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)မှာ တည်ရှိတဲ့ Jebel Ali  ဆိပ်ကမ်းမှာ ကုန်စည်များကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ချန်ဒူ သို့မဟုတ် ချုံကင်းကို ပို့ဆောင်ရာမှာ ယခင်သင်္ဘောရေကြောင်းဖြင့် ပေးပို့တာထက် အချိန် ၂၇ ရက် ပိုစောပြီး ရောက်ရှိပါတယ်။ 
လင်ချမ်းကနေ ရန်ကုန် ဆိပ်ကမ်းတို့အကြား ကုန်စည်ပို့ဆောင်မှုကို ၇၂ နာရီဖြင့် ကားလမ်းအသုံးပြုပြီး ပို့ဆောင်နိုင်တယ်။ လင်ချမ်းနဲ့ ချန်ဒူတို့အကြား ရထားလမ်း အသုံးပြုပြီး ၇၂ နာရီဖြင့် ပို့ဆောင်နိုင်တယ်။ 

နောက်တစ်ကြိမ် စမ်းသပ်ပို့ဆောင်မှုကို ယခုလမ်းကြောင်းအတိုင်း ပြုလုပ်မှာ ဖြစ်ပြီး လုပ်ငန်းပုံမှန်လည်ပတ်မှုကို လာမယ့်နှစ်မှာ စတင်နိုင်မယ်လို့ မျှော်မှန်းထားတယ်။ နောက်ထပ်တစ်ကြိမ် စမ်းသပ်ပို့ဆောင်တာမှာ အသုတ် သုံးသုတ် ခွဲပြီး ပို့ဆောင်မှာ ဖြစ်ပြီး တစ်သုတ်ကု ကွန်တိန်နာ အလုံး ၆၀ စီ ပါဝင်မှာ ဖြစ်ပါတယ်။ 
လမ်းကြောင်းကို စမ်းသပ်နေပြီး ကြီးမားတဲ့ အခက်အခဲများကို ရင်ဆိုင်ရတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့အကြား ပိုနီးကပ်တဲ့ စီးပွားရေး အချိတ်အဆက်များ ပုံသွန်းပေးဖို့ အလွန်အရေးပါတဲ့ ကဏ္ဍမှ ပါဝင်နေတယ်လို့ လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက Yicai Global ကို ပြောပြခဲ့တယ်။ 
 

Local News Read 1857 times