ရန်ကုန်သင်္ကြန်မဏ္ဍပ် များ စတင်ဆောက်လုပ်နေပြီး လေးရက်အတွက် ရေကစားလက်မှတ်ခသည် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခွဲအထိ ရှိနေကြောင်း သိရပါသည်။
ရေကစားမဏ္ဍပ်များကို ဧပြီ ၁ ရက်တွင် ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးနေပြီး ပါမစ်ရရှိသူများ က မဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ တစ်ပြိုင်တည်း ဆောင်ရွက်နေပြီဖြစ်သည်။
သင်္ကြန်မတိုင်မီ နှစ်ရက်လောက်အလိုမှာ အပြီးဆောက်လုပ်ပြင်ဆင်ထားနိုင်ဖို့ ပြုလုပ်နေပြီး ယခုနှစ်ကတွင် ပြည်လမ်းမှာ မဏ္ဍပ်ပိုများတာကြောင့် စည်ကားမည်ဟု ပြည်လမ်း အင်းလျားကန်ရှေ့တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေသည့် ကန်ထရိုက်တစ်ဦးက ပြောခဲ့ပါသည်။
ပြည်လမ်းတွင် သင်္ကြန်မဏ္ဍပ်ခြောက်ခု ဆောက်လုပ်ခွင့်ပြုထားပြီး လက်ရှိအချိန်အထိ မဏ္ဍပ်ငါးခု စတင်ဆောက်လုပ်နေကြောင်း သိရပါသည်။
သင်္ကြန်မဏ္ဍပ် ရေကစားခွင့် လက်မှတ်များကိုလည်း သက်ဆိုင်ရာမဏ္ဍပ်များက အပြိုင်အဆိုင် ရောင်းချနေပြီဖြစ်ကာ ရေကစားမဏ္ဍပ်၏ ရိုးရိုးလက်မှတ်ခနှုန်းသည် တစ်ရက်လျှင် ကျပ်တစ်သောင်းမှ လေးသောင်းအထိ လည်းကောင်း၊ လေးရက်အတွက်ကျပ်ငါးသောင်းအထိ လည်းကောင်း ရောင်းချနေကြောင်း သိရပါသည်။
ထို့အပြင် လေးရက်အတွက် သီးသန့် VIP လက်မှတ်များကို ဝန်ဆောင်မှုနှင့် နေရာပေါ်မူတည်၍ ကျပ်ခုနစ်သောင်းမှ တစ်သိန်းခွဲအထိ ဈေးနှုန်းသတ်မှတ်ထားသည်။
သို့သော် အဆိုပါလက်မှတ် ဈေးနှုန်းများသည် ယခင်နှစ်များက ရောင်းချခဲ့သည့် ဈေးနှုန်းနှင့် သိသာစွာ ပြောင်းလဲမှုမရှိကြောင်း ကန်ထရိုက်အချို့က ဆိုသည်။
ဒီနှစ်က လက်မှတ်ကြိုပြီး ဘွတ်ကင်လုပ်တာတွေ များပြားလှသောကြောင့် ရိုးရိုးလက်မှတ်ဆိုလျှင် အစောင် ၄၀၀ ရောင်းဖို့ မှန်းထားတာကြောင်း၊ လက်ရှိအခြေအနေအရ ခန့်မှန်းချက်ထက် ကျော်လွန်ပြီး ဝယ်ယူတာမျိုးတောင်ရှိလာနိုင်မည်ဟုထင်ကြောင်း ပြည်လမ်းရှိ God Theatre ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ယခုနှစ်တွင် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၃၀ ကျော် ခွင့်ပြုပေးထားကြောင်း သိရပါသည်။
7day daily