ဗဟိုဘဏ်မှ အကြွေးဝယ်ကတ်များအတွက် အမြင့်ဆုံးအတိုးနှုန်း သတ်မှတ်


26 April, 2019

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များက Credit Card (အကြွေးဝယ်ကတ်) နဲ့ ဝန်ဆောင်မှုပေးနေတဲ့ ချေးငွေပမာဏအပေါ် ကောက်ခံတဲ့ အမြင့်ဆုံး အတိုးနှုန်းကို တစ်နှစ်လျှင်  (၂၀ ) ရာခိုင်နှုန်း သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

အရင်က Credit Card ဝန်ဆောင်မှုအတွက် တစ်နှစ်အတိုးနှုန်းကို သတ်မှတ်ခဲ့ခြင်းမရှိတဲ့အတွက် ပုဂ္ဂလိကဘဏ်တစ်ခုနဲ့ တစ်ခု အတိုးနှုန်းထားတူညီခြင်းမရှိဘဲ ၂၀ မှ ၂၆ ရာခိုင်နှုန်းအထိ အသီးသီး ကောက်ခံနေကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရပါတယ်။

အခုလို ဗဟိုဘဏ်ရဲ့ အတိုးနှုန်းသတ်မှတ် ထုတ်ပြန်ပေးမှုကို ဘဏ်လုပ်ငန်းရှင်များက ထောက်ခံကြိုဆိုကြပြီး ဒီလို သတ်မှတ်ပေးခြင်းဖြင့် အသုံးပြုသူတွေအတွက်လည်း အတိုးနှုန်းလျော့ကျသွားစေကာ အကျိုးရှိကြောင်း ဘဏ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ထောက်ခံပြောကြားပါတယ်။

CB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ဒီလိုသတ်မှတ်လိုက်တာ ကောင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်း ၁၈၊ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကောက်ကြတာပဲလို့  ပြောပါတယ်။

ဒါ့ပြင် Credit Card အတွင်းရှိ ငွေများကို အသုံးပြုပြီး ၄၅ ရက်အတွင်း ပြန်လည်ဖြည့်တင်းပါက အတိုးပေးရန်မလိုဘဲ နှစ်စဉ်ကြေးသာ ဖြည့်သွင်းဖို့ လိုအပ်တယ်လို့ ၎င်းက ပြောပါတယ်။


စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက အရင်က ၂၄ ရာခိုင်နှုန်းပါ။ (အတိုးနှုန်းက) မများဘူး။ တခြားနိုင်ငံတွေမှာလည်း အတူတူပါပဲလို့ မှတ်ချက်ပြု ပြောကြားပါတယ်။

CB ဘဏ် Credit Card အသုံးပြုနေသူတစ်ဦးက Credit Card သုံးရတာ စင်တာတွေမှာ ပစ္စည်းဝယ်တာ တော်တော်အသုံးဝင်တယ်။ နေရာတော်တော်များများမှာလည်း သုံးလို့ရလာတော့ ပိုကောင်းလာတာပေါ့။

ငွေသားချည်းပဲထုတ်ရင်တော့ အတိုးပေးရတာ များတယ်။ ပစ္စည်းဝင်ရင် တစ်လမှ ၂ ရာခိုင်နှုန်းပဲ ကောက်တယ်။ ငွေထုတ်ရင်တော့ တစ်ခါထုတ်ရင် ၂ ရာခိုင်နှုန်းလောက်ဖြတ်တယ်။ ပြီးတော့ ငွေစစ်ရင်လည်း ဖြတ်တယ်လို့  ပြောပါတယ်။

Credit Card များကို ဘဏ်များက Platinum ကတ်၊ Silver နဲ့ Gold ကတ် သုံးမျိုးထုတ်လုပ်ပေးပြီး ဝင်ငွေရရှိမှုအပေါ်မူတည်ကာ ရွေးချယ်အသုံးပြုနိုင်သလို ဝင်ငွေရဲ့နှစ်ဆကို Credit Card အတွင်း ဘဏ်များက ထည့်သွင်းပေးကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရပါတယ်။

Credit Card အသုံးပြုနေသူတစ်ဦးက စစလုပ်တုန်းက ကိုယ်တင်တဲ့ Amount (ပမာဏ) ရဲ့ နှစ်ဆကို ဘဏ်တွေက သွင်းပေးတယ်။ နောက်ပိုင်းတော့ ပြန်မသွင်းတဲ့သူတွေများလို့ နှစ်ဆမထည့်ပေးတော့ဘဲ တင်သလောက်ပဲပေးတယ်။ ဥပမာ - ကိုယ်က လေးသိန်းလို့တင်ရင် လေးသိန်းပဲပေးတယ်။ တချို့ဆို ကိုယ်တင်တဲ့ပမာဏထက် နည်းရတာမျိုးတွေတောင်ရှိတယ်လို့  ပြောပါတယ်။

The Voice

Banking & Loan Read 543 times