Tesla စိတ်ကူး တကယ်ဖြစ်လာတဲ့ ကားချာစီ ပုံသွန်းနည်းသစ်


14 December, 2021

Tesla စိတ်ကူး တကယ်ဖြစ်လာတဲ့ ကားချာစီ  ပုံသွန်းနည်းသစ်

ကားချာစီကို ထုတ်လုပ်တဲ့အခါ ဖိပြီး ပုံဖော်ထားတဲ့အပိုင်းတွေကို ဂဟေဆက်ခြင်း၊ အနားစွန်းနှစ်ခု လိပ်ခေါက်ခြင်း၊ ကော်ကပ်ခြင်း စတဲ့ နည်းလမ်းများဖြင့် ဆက်စပ်ပြီး ထုတ်လုပ်ကြတယ်။
Tesla လျှပ်စစ်ကား ထုတ်လုပ်သူ Elon Musk နဲ့ အဖွဲ့သားတွေက ပိုကောင်းမယ့် နည်းလမ်းကို သုံးချင်တယ်။ဆက်စပ်ရမယ့် အပိုင်းအပိုင်းတွေအကုန်လုံးကို တစ်ချီတည်း ပုံသွန်းထုတ်လုပ်နိုင်ရင် ပိုတောင့်တင်းသွားမယ်။ အလေးချိန်လည်း ပိုပေါ့သွားမယ်။ ထုတ်လုပ်စရိတ်လည်း ပိုသက်သာမယ်။
 ဒီတော့ ကားချာစီကို တစ်ဆက်တစ်စပ် တစ်ခုတည်းအဖြစ် ပုံသွန်းပေးနိုင်မယ့်စက်ကို ရှာကြတယ်။
အီတလီနိုင်ငံမြောက်ပိုင်း Brescia မှာ ရုံးချုပ် ထားရှိတဲ့ Idra ဆိုတဲ့ ကုမ္ပဏီကို ရှာဖွေတွေ့ရှိကြတယ်။ ကားအရွယ်အစားလို အရွယ်အစား ကြီးကြီးမားမားတွေကို ပုံသွန်းလောင်းပေးနိုင်တဲ့စက်တွေ Idra မှာ ရှိတယ်။ Tesla ရဲ့ စိတ်ကူးကို အကောင်အထည် ဖော်ပေးနိုင်တဲ့ စက်တွေ ဖြစ်ပါတယ်။ ယခုအခါ  အမေရိကန်၊ ဂျာမနီ၊ တရုတ်တို့မှာ တည်ရှိတဲ့ Tesla ရဲ့ စက်ရုံတွေမှာ တပ်ဆင်ထားရှိပါတယ်။
Tesla ရဲ့ စိတ်ကူးကို လက်တွေ့ဖြစ်လာဖို့ Liu နဲ့ Musk တို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြတယ်။ သူတို့နှစ်ဦးအကြား  ပုဂ္ဂိုလ်ရေးအရ ခင်မင်ခဲ့ကြပါတယ်။

Idra က အီတလီမှ လုပ်ငန်းဖြစ်ပြီး LK Group မှ ပိုင်ဆိုင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ကျဆင်းနေချိန် Idra ကို LK Group က အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ 
LK Group ဖြစ်လာမယ့် ကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ်‌ပေါင်း လေးဆယ်ကျော်တုန်းက Liu Siong Song က ထူထောင်ခဲ့ပါတယ်။ 
Liu Siong Song ရဲ့ မိဘက အင်ဒိုနီးရှားမှာ နေထိုင်တဲ့ တရုတ်မျိုးနွယ်တွေ ဖြစ်ပါတယ်။

Liu က ကလေးအရွယ်မှာ ဖခင်ရဲ့ ကားပြင်လုပ်ငန်းမှာ ကားအစိတ်အပိုင်းတွေ ဖြုတ်တာ တပ်တာ တို့ကို စိတ်ဝင်တစား လေ့လာခဲ့ပါတယ်။ တရုတ်ပြည်မှာ ကောလိပ်တက်ခဲ့ပြီး ဟောင်ကောင်မှာ အခြေချပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဈေးပေါတဲ့ ကစားစရာ ကားတွေနဲ့ နာရီတွေ ထုတ်လုပ်တဲ့ လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ‌ ကစားစရာ ပုံသွန်းလောင်းတဲ့ စက်ကို ထုတ်လုပ်ခဲ့ပြီး ပုံသွန်းလောင်းစက်တွေ ထုတ်လုပ်တဲ့ လုပ်ငန်းကိုပါ လုပ်ကိုင်ခဲ့ရာ စီးပွားတက်လာပါတယ်။ LK Group ဖြစ်ပေါ်လာခဲ့ပါတယ်။
စစချင်းမှာ မော်တော်ဆိုင်ကယ် စက်ရုံတွေအတွက် ပုံသွန်းလောင်းစက်တွေ ထုတ်လုပ်ပါတယ်။ ထို့နောက် စမတ်ဖုန်းစက်ရုံတွေအတွက် ပုံသွန်းလောင်းစက်တွေ ထုတ်လုပ်ပါတယ်။ ယခုအခါ  ကားစက်ရုံတွေအတွက် ပုံသွန်းလောင်းတဲ့ စက်တွေ ထုတ်လုပ်ပါတယ်။

 LK နဲ့  Tesla တို့က Tesla ကားအတွက် လိုအပ်တဲ့ ပုံသွန်းလောင်းစက် လုပ်ပေးဖို့ တစ်နှစ်ကျော် အတူတွဲပြီး လုပ်ကိုင်ခဲ့ကြပါတယ်။  ၂၀၁၉ မှာ Idra က Tesla အဖွဲ့သားတွေရဲ့ စိတ်ကူးအတွက် စက်တွေကို Tesla ရဲ့ ကားစက်ရုံမှာ တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ 

"တစ်ခါတစ်ခါမှာ သူတို့က ကျွန်တော်တို့ကို ဒီလို လုပ်ပေးလို့ ရမလား၊ ဟိုလို လုပ်ပေးပါလား ပြောတယ်။ သူတို့ဘက်မှာ တစ်ခါပြင်ချင်တိုင်း ကျွန်တော်တို့ရဲ့ စက်တွေမှာ ပြောင်းလဲပေးရတယ်" လို့ Liu က New York Times ကို ပြောပြပါတယ်။
တစ်ချိန်တစ်ခါတုန်းက ကစားစရာကား ပုံသွန်းလောင်းတဲ့စက်တွေနဲ့ လုပ်ကုိင်ခဲ့တဲ့အခြေခံ သဘောတရားဖြင့် ယခုအခါ တကယ့်လျှပ်စစ်ကားတွေအတွက် ချာစီကို ပုံသွန်းလောင်းတဲ့စက်တွေနဲ့ လုပ်ကိုင်နေပါပြီ။ ကားရှေ့ပိုင်းတစ်ခုလုံးကို တစ်ခါတည်း အပြီးအစီး ပုံသွန်းလောင်းတယ်။ ကားနောက်ပိုင်းကိုလည်း အလားတူ ပုံသွန်းလောင်းပြီး ဆက်စပ်ပေးလိုက်ပါတယ်။

 LK Group က တရုတ်နိုင်ငံမှ ကားထုတ်လုပ်‌ေရးလုပ်ငန်း ၆ ခုထံမှ ပုံသွန်းစက်တွေ အမှာစာ ရထားပါတယ်။ ဒါပေမဲ့ သူတို့မှာ ပုံသွန်းစက်အတွက် လိုအပ်တဲ့ ဒီဇိုင်းကို ထုတ်ပေးနိုင်လောက်အောင် တတ်ကျွမ်းတဲ့သူ မရှိတဲ့အတွက် အခက်အခဲ ရှိနေတယ်။ "တရုတ်ကားထုတ်လုပ်သူတွေက သူတို့အတွက် စက်ထုတ်လုပ်ပေးဖို့ ကျွန်တော်တို့ဆီ မှာကြားကြတယ်။ ဒါပေမဲ့ အများစုက ဒီဇိုင်းကို မပြီးကြသေးဘူး။ တရုတ်ပြည်မှာ တတ်ကျွမ်းပြီး အရည်အချင်း ပြည့်မီတဲ့ ဒီဇိုင်းသမား ရှားတယ်" လို့ Liu ကပြောကြားပါတယ်။
 ဒါပေမဲ့ လောလောဆယ် ကြုံနေရတဲ့ ယာယီပြဿနာ တစ်ခုသာ ဖြစ်ပါတယ်လို့ Liu က သုံးသပ်ပါတယ်။

 

 


 

How To Read 733 times