ကမ္ဘောဒီးယားနိုင်ငံ၏ အတုယူဖွယ် မီတာခလျော့ချခြင်းအစီအစဉ်


06 March, 2018


လာမယ့် ဧပြီလကနေစလို့ ၂၀၂၀ ခုနှစ်အထိ ဓာတ်အားခတွေကို နှစ်စဉ် လျှော့ချသွားဖို့် အစီအစဉ် ၇ မျိုး ရေးဆွဲထားတယ်လို့ လျှပ်စစ်အာဏာပိုင်ဖြစ်တဲ့ Electricity Authority of Cambodia (EAC) က ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီယားဟာ အိမ်နီးနားချင်း နိုင်ငံတွေထံမှ တင်သွင်းတဲ့ လျှပ်စစ်ဓာတ်အားကို အားကိုးနေရတာ ဖြစ်ပြီး ဒေသတွင်းမှာ ဓာတ်အားခ မြင့်မားတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။

 အခုလို ပြည်ပမှ တင်သွင်းနေရတာကို အကြောင်းပြပြီး ဓာတ်အားခကို ပိုတောင်းခြင်း မပြုဘဲ လျှော့ချသွားဖို့ စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ 

Ministry of Mines and Energy ရဲ့ ပြောရေးဆိုခွင့် ရှိသူ Victor Jona က အခုလို အစီအစဉ်ကြောင့် အိမ်ထောင်စုပေါင်း ၁.၈ သန်းခန့် အကျိုးကျေးဇူး ရရှိကြမယ်လို့ ဆိုပါတယ်။ 

‘‘ကျွန်တော်တို့က အမျိုးသား ဓာတ်အားကွန်ရက်ထံမှ ရယူသုံးစွဲတဲ့အပေါ်မှာ အခြေခံပြီး ရည်မှန်းထားပါတယ်။ စီရင်စူ ၂၅ ခုမှာ ၁၈ ခု အကျုံးဝင်ပါတယ်’’ လို့ သူက ရှင်းပြပါတယ်။ 

ဓာတ်အားခ လျှော့ချတာကို အိမ်ထောင်စု တစ်လသုံးစွဲမှုအပေါ် အခြေခံထားတယ်လို့ သူက ရှင်းပြပါတယ်။

ဥပမာအားဖြင့် တစ်လတာ ဓာတ်အားသုံးစွဲမှုဟာ ၁၀ ကီလိုဝပ်နာရီ အောက်မှာ ရှိတဲ့ အိမ်ထောင်စုတွေဟာ မီတာခ တစ်ကီလိုဝပ်နာရီအတွက် ၄၈၀ ရီရယ်ပဲ ပေးရတဲ့အထိ လျော့ကျသွားမှာ ဖြစ်ပါတယ်။

ယခုနှုန်းထားက ၈၀၀ ရီရယ် ဖြစ်ပါတယ်။ ဒီတော့ ထက်ဝက်နီးပါး လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

တစ်လတာ ဓာတ်အားသုံးစွဲမှုဟာ ၅၀ ကီလိုဝပ်နာရီ အောက်မှာ ရှိတဲ့ မိသားစုဆိုရင်တော့ တစ်ကီလိုဝပ်နာရီအတွက် ယခု ၈၅၀ ရီရယ်မှ ၆၁၀ ရီရယ် ဖြစ်သွားမှာ ဖြစ်ပါတယ်။ 

ဓာတ်အားခတွေ လျှော့ချဖို့ကို ၂၀၁၅ ခုနှစ်ကတည်းက ဆုံးဖြတ်ခဲ့ပြီး အစီအစဉ်တွေ ရေးဆွဲခဲ့ကြတယ်လို့ EAC က ပြောကြားခဲ့ပါတယ်။

ဘယ်ရွေ့ဘယ်မျှ လျှော့ချမယ် ဆိုတာကိုတော့ ယခုနှစ်မှ ထုတ်ပြန်ကြေညာပေးလိုက်တာ ဖြစ်ပါတယ်။

အိမ်ထောင်စုတွေအတွက် များများစားစား လျှော့ချပေးထားပေမဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းတွေကိုတော့ လျှော့ချပေးတဲ့ ပမာဏက တစ်ကီလိုဝပ်နာရီအတွက် ၂ ရီရယ်အောက်မှာပဲ ရှိတာမို့ နည်းပါးပါတယ်။

ဒါပေမဲ့ EAC မှ တာဝန်ရှိပုဂ္ဂိုလ် နိုရင်က လျှော့ချတဲ့ ပမာဏက နည်းတယ်ဆိုပေမဲ့ သုံးစွဲတဲ့ လျှပ်စစ် ပမာဏ များပြားတာကြောင့် စုစုပေါင်းလိုက်ရင် လျော့ကျသွားတာ သိသာလိမ့်မယ်။အချိန်ကြာလာတာနဲ့အမျှ ပိုသိလာမယ်လို့ ရှင်းပြပါတယ်။ 

‘‘ကျွန်တော်တို့ တစ်နှစ်ထက်တစ်နှစ် နည်းနည်းစီ လျှော့ချပေးခဲ့တယ်။

ပြီးခဲ့တဲ့ နှစ်အတန်ကြာတုန်းကနဲ့ ယှဉ်ကြည့်ရင် လျော့ကျတာ သိသာပါတယ်။ ၂၀၁၀ ခုနှစ်ကစလို့ တစ်ကီလိုဝမ်နာရီကို ၃၅၀ ရီရယ်အောက်မှာ ပဲ ရှိပါတယ်’’

အစိုးရက အနည်းဆုံးလုပ်ခ လစာတွေကို နှစ်စဉ်တိုးမြှင့်သတ်မှတ်ပေးနေတာကြောင့် ထုတ်လုပ်မှုစရိတ် မြင့်တက်လာနေတာမှာ ယခုလို ဓာတ်အားခ လျှော့ချသတ်မှတ်ပေးတာဟာ ထုတ်လုပ်မှုစရိတ်ကို အနည်းနဲ့အများ သက်သာစေမှာ ဖြစ်ပါတယ်။ 

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ အထောက်အပံ့တွေကို ကိုင်တွယ်ရတဲ့ Council for the Development of Cambodia ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Sok က လာမယ့် ခြောက်လမတိုင်ခင်မှာ ဈေးသက်သာတဲ့ လျှပ်စစ်ဓာတ်အားကို ရရှိလမ့်မယ်လို့ Nikkei Asian Review နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ 

Sok က ရှင်းပြတာမှာ ဓာတ်အားထုတ် စက်ရုံအသစ်တွေ ရှိလာပြီး ဟိုက်ဒြိုဂျင်၊ ကျောက်မီးသွေး စတဲ့ ဓာတ်အားထုတ် စက်ရုံတွေ စတင်လည်ပတ်ပြီ ဖြစ်လို့ စက်ရုံတွေအတွက် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မယ်။

‘‘အခုနှစ် ၂၀၁၈ ခုနှစ်ကစလို့ ပြည်တွင်းမှာ ဖူလုံအောင် ထုတ်ပေးနိုင်မယ်’’ 
ကမ္ဘောဒီးယားဟာ လျှပ်စစ်ဓာတ်အားကို ထိုင်းနဲ့ ဗီယက်နမ်တို့ထံမှ တင်သွင်းနေခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်စန်က ယခုနှစ်မှာ အနည်းဆုံးလုပ်ခကို တစ်လ ကန်ဒေါ်လာ ၁၇၀ ပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၁၁ ခုနှစ်ထက် ၃ ဆ ဖြစ်သွားတယ်။

၂၀၁၁ ခုနှစ်တုန်းက အနည်းဆုံးလုပ်ခ နည်းပါးတာကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်နဲ့ တရုတ်တို့မှ အထည်ချုပ်လုပ်ငန်းတွေ ကမ္ဘောဒီယားမှာ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။

အခုလို အနည်းဆုံးလုပ်ခလစာတွေ နှစ်တိုင်း တိုးမြှင့်ပြဋ္ဌာန်းပေးနေတာကြောင့် လုပ်သားစရိတ်သက်သာတဲ့ အားသာချက် လျော့ကျသွားစေပါတယ်။

ဒါပေမဲ့ Sok က ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုပါတယ်။ လုပ်သားတွေ လစာပိုများရင် သူတို့ ပိုပျော်တယ်။ ဒီတော့ ကုန်ထုတ်စွမ်းအား ပိုတက်လာမယ်လို့ ရှင်းပြပါတယ်။

ဒါပေမဲ့ အခုလို တိုးမြှင့်သတ်မှတ်ပေးနေတာကြောင့် အထည်ချုပ်ကဏ္ဍအတွက် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်အား ကျဆင်းတယ်လို့ သူက ပြောပါတယ်။

‘‘ကျွန်တော်တို့က ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုလိုအပ်လျက် ရှိတယ်။ ဒါကြောင့် ထုတ်လုပ်မှုစရိတ် စုစုပေါင်းမှာ လျော့ကျအောင် ထိန်းပေးထားဖို့ ကြိုးစားပါတယ်’’

ကမ္ဘောဒီးယားမှာ ကန်ဒေါ်လာကို အသုံးများကြတယ်။ လက်လီဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေက နိုင်ငံသုံးငွေကြေးထက် ကန်ဒေါ်လာကို သုံးဖို့ ပိုလိုလားကြတယ်။

အဲဒီအချက်ဟာ ပြည်ပလုပ်ငန်းရှင်တွေ နှစ်သက်တဲ့အချက် ဖြစ်ပါတယ်။ ငွေလဲနှုန်း အတက်အကျတွေကို ထည့်စဉ်းစားစရာ မလိုတော့ဘူး။

Sok က ‘‘ကျွန်တော်တို့ရဲ့ စီးပွားရေးက ဒေါ်လာလွှမ်း စီးပွားရေးတစ်ရပ် ဖြစ်နေတယ်။ ဒီအတိုင်း ဆက်ရှိနေဦၤးမယ်။ အဲဒီလို မရှိတော့မှာကို ပူစရာ မလိုဘူး’’ လို့ ပြောပါတယ်။

How To Read 3595 times