အိုမန် သဘာဝဓာတ်ငွေ့ရည် တစ်နှစ် တန် ၃ သန်းကျော် နှစ်ရှည်ဝယ်ယူရန် ဂျပန်ကုမ္ပဏီများ စာချုပ်ချုပ်ဆို


28 December, 2022

အိုမန် သဘာဝဓာတ်ငွေ့ရည် တစ်နှစ် တန် ၃ သန်းကျော် နှစ်ရှည်ဝယ်ယူရန် ဂျပန်ကုမ္ပဏီများ စာချုပ်ချုပ်ဆို

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဂျပန်ကုမ္ပဏီများသည် Oman LNG နှင့့် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ဝယ်ယူရန်အတွက် ၁၀ နှစ် အခြေခံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ထို့ပြင် အမေရိကန် အခြေစိုက် Venture Global တို့နှင့် အင်္ဂါနေ့(ဒီဇင်ဘာ ၂၇)တွင်  နှစ် ၂၀ သဘောတူညီချက်ဖြင့် သဘာဝဓာတ်ငွေ့ရည် ဝယ်ယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ဂျပန်မှ ထိပ်တန်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း JERA ၊ ကုန်သွယ်မှုလုပ်ငန်း Mitsui & Co နှင့် Itochu Corp တို့သည် Oman LNG ထံမှ စုစုပေါင်း နှစ်စဉ် LNG တန်ချိန် ၂.၃၅ သန်း ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြသည်။

JERA သည် ဂျပန်နိုင်ငံတွင် LNG အများဆုံးတင်သွင်းသူဖြစ်ပြီး Oman LNG ထံမှ တစ်နှစ်လျှင် LNG တန်ချိန် ၀.၈ သန်း ဝယ်ယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်သက်တမ်းမှာ ၁၀ နှစ်ဖြစ်ပြီး ၂၀၂၅ တွင် စတင်အသက်ဝင်မည်။
FOB (free-on-board) ဖြင့် အရောင်းအဝယ်ပြုရန် သဘောတူထားပြီး အတိုင်းအတာတစ်ခုအထိ ပမာဏ အတိုးအလျှော့ လုပ်နိုင်သည်။ ဂျပန်ပြည်တွင်း သုံးစွဲမှုအတွက် LNG ဝယ်ယူရရှိမှုနှင့် လိုအပ်ချက်တို့အရ အတိုးအလျှော့ လုပ်နိုင်မည် ဖြစ်သည်။ 
Mitsui နှင့်  Itochu တို့ကလည်း Oman LNG နှင့် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မပြုကြချေ။
Itochu သည် Oman LNG ထံမှ နှစ်စဉ် တန်ချိန် ၀.၇ သန်း ဝယ်ယူရန် နှစ် ၂၀ ကန်ထရိုက် ချုပ်ဆိုထားပြီး ၂၀၂၅ တွင် သက်တမ်းကုန်ဆုံးမည်။ စာချုပ်အသစ်ချုပ်ဆိုထားပြီး အသေးစိတ်အချက်များကို ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားသည်။

အခြားဂျပန်ကုမ္ပဏီများကလည်း Oman LNG နှင့် စာချုပ်ချုပ်ဆိုရန်  ဆွေးနွေးညှိနှိုင်းနေကြသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အားလုံး အဆင်ပြေသည်ဆိုပါက အိုမန်နိုင်ငံထံမှ  ဂျပန်နိုင်ငံ တင်သွင်းသည့် LNG ပမာဏသည် တစ်နှစ်လျှင် တန် ၃ သန်းအထက်သို့ ရောက်ရှိမည် ဖြစ်သည်။

အိုမန်နိုင်ငံက LNG တစ်နှစ် တန် ၁၁ သန်း တင်ပို့ရန် ဝယ်လက်များကို ကမ်းလှမ်းထားပြီး ဂျပန်ကုမ္ပဏီများက လိုအပ်သလောက်ကို ဝယ်ယူကြခြင်း ဖြစ်သည်။

Oman LNG နှင့် သဘောတူညီချက်များကို ဂျပန်စက်မှုဝန်ကြီး Yasutoshi Nishimura က အိုမန်သို့ သွားရောက်လည်ပတ်စဉ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံထံမှလည်း LNG တင်သွင်းလျက်ရှိရာ ဂျပန်နိုင်ငံ၏ ထိပ်တန်းရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေသူ Inpex Corp သည် တစ်နှစ်လျှင် တန်ချိန် ၁ သန်းတင်သွင်းရန် အမေရိကန်အခြေစိုက် Venture Global LNG နှင့် အနှစ် ၂၀ သဘောတူညီချက်ကို ကြေညာခဲ့သည်။

ဂျပန်နိုင်ငံ၏ စုစုပေါင်း LNG တင်သွင်းမှုသည် တစ်နှစ်လျှင် တန်ချိန် ၇၄ ဒသမ ၃ သန်းရှိသည်။

ယမန်နှစ်က ဂျပန်နိုင်ငံသည် အိုမန်နိုင်ငံမှ LNG တန်ချိန် ၁.၉ သန်း တင်သွင်းခဲ့ပြီး စုစုပေါင်း တင်သွင်းမှု၏ ၂.၆ ရာခိုင်နှုန်းနှင့် အမေရိကန်မှ တန်ချိန် ၇.၁ သန်း တင်သွင်းခဲ့ပြီး စုစုပေါင်း တင်သွင်းမှု၏ ၉ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Energy News Read 2929 times