ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုး ဆောက်လုပ်ရေး စီမံကိန်း အကြီးစားများ အေးတိအေးစက် ရပ်ဆိုင်းနေဆဲ


24 July, 2022

ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုး ဆောက်လုပ်ရေး စီမံကိန်း အကြီးစားများ အေးတိအေးစက် ရပ်ဆိုင်းနေဆဲ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး ဆယ့်ခုနစ်လအကြာတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ၏ တိုးတက်မှု အလားအလာကောင်းများ ရှိသည်ဟု တစ်ချိန်တုန်းက ရှုမြင်ခဲ့သော အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ မပြီးစီးသေးဘဲ ရပ်ထားကြရဆဲ ဖြစ်သည်။

 စီးပွားရေးအနာဂတ်အပေါ်  အုံ့ဆိုင်းထားသော တိမ်မည်းများ မရှင်းလင်းမချင်း ဤစီမံကိန်းများကို ပြန်လည်စတင်ရန် မဖြစ်နိုင်သေးချေ။

 

ထို စီမံကိန်းများထဲ ဂျပန်ရင်းနှီးမြှုပ်နှံသူများလည်း ပါဝင်နေသည်ဟု Asia nikkei က သတင်းဆောင်းပါး တင်ပြခဲ့ပြီး ဂျပန်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းကြီး အချို့ကို ကောက်သင်းကောက်ပြီး တင်ပြထားသည်။ 

ဂျပန်ရင်းနှီးမြှုပ်နှံသူများ ကျောထောက်နောက်ခံပြုထားသော စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁.၃ ဘီလီယံခန့်ရှိသော အကြီးစားစီမံကိန်းကြီးသုံးခုထက်မနည်းသည်  စီးပွားဖြစ်အိမ်ခြံမြေများအတွက် အဓိကဝင်ငွေရင်းမြစ်ဖြစ်သော နိုင်ငံခြားသား ခရီးသွားများနှင့် လူလတ်တန်းစားစားသုံးသူများ၏ အသုံးစရိတ်  ခန်းခြောက်သွားသဖြင့် အေးတိအေးစက်ဖြင့် ရပ်ဆိုင်းသွားရသည်။

အဆိုပါ စီမံကိန်းများထဲမှ တစ်ခုသည် ရန်ကုန်မြို့လယ်ရှိ ယခင်စစ်ပြတိုက်ဟောင်းတွင် တည်ဆောက်နေသည့် Y Complex ဖြစ်သည်။
ယခုအခါ အဆောက်အဦအသစ်၏ မြောက်ဘက်တစ်ဝက်ကို မီးခိုးရောင်ဖျင်စဖြင့် ဖုံးအုပ်ထားသည်။
Y Complex တွင် စီးပွားရေး လုပ်ငန်းများအတွက် ရုံးခန်းများ၊ ဈေးဆိုင်များနှင့် ဇိမ်ခံဟိုတယ်တို့ ပါ၀င်သည်။ ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ပြီး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ရာ၌ Daiwa House Industry လက်အောက်ခံ လုပ်ငန်း Fujita ၊ အိမ်ခြံမြေ ဖွံ့ဖြိုးရေး လုပ်ငန်း Tokyo Tatemono ၊ Japan Overseas Infrastructure Investment Corp. for Transport & Urban Development (JOIN) ရန်ပုံငွေ၊ မြန်မာကုမ္ပဏီစု Ayeyar Hinthar တို့ ပါဝင်ပါသည်။
 
 ဘက်စုံသုံး အဆောက်အဦ ၇၀% ပြီးစီးပြီ ဖြစ်သည်။ မူလအစီအစဉ်မှာ ကန်ဒေါ်လာ သန်း ၃၃၀ တန် ဘက်စုံသုံး အဆောက်အဦကို ၂၀၂၁ တွင် စတင်ဖွင့်လှစ်ရန် လျာထားပါသည်။
ယခုအထိ မဖွင့်လှစ်နိုင်သေးချေ။ Tokyo Tatemono က စီမံကိန်းတွင် ယန်း ၆.၈ ဘီလီယံ (ကန်ဒေါ်လာ ၄၉.၂ သန်း) ကို ၂၀၂၁ တွင် ဆုံးရှုံးခဲ့သည်။ အဆိုပါလုပ်ငန်းကို အပြည့်အဝ ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သည်။
ထိုနည်းလည်းကောင်းဟု ဆိုရမည်မှာ  Daiwa House သည် ၂၀၂၂ ခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွက် စီမံကိန်းနှင့် နှီးနွှယ်သော ဆက်စပ်ဆုံးရှုံးမှု ယန်း ၉ ဘီလီယံဟု အစီရင်ခံခဲ့သည်။
JOIN က ဆုံးရှုံးမှု ပမာဏ ထုတ်ပြန်ခြင်း မပြုချေ။

ဂျပန် ဆောက်လုပ်ရေးလုပ်ငန်း  Kajima သည်JOIN မှ တစ်စိတ်တစ်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပါဝင်သော စီမံကိန်းကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် အကောင်အထည်ဖော်ခဲ့သည်။
စီးပွားရေး လုပ်ငန်းများအတွက် ရုံးခန်းများ၊ ဟိုတယ်နှင့် ဈေးဆိုင်များ ပါဝင်သော အဆောက်အဦ စီမံကိန်းကို ရပ်ထားခဲ့ရပြီး ပြန်စနိုင်ဖို့ နှောင့်နှေးကြန့်ကြာနေဦးမည် ဖြစ်သဖြင့် ဆောက်စကို မိုးဒဏ်ကြောင့် မပျက်စီးရအောင် အကာအကွယ် ပြုပေးနေသည်မှာ ဇူလိုင်လကုန်တွင် ပြီးစီးမည် ဖြစ်သည်။
၂၀၂၂ ခုနှစ် မတ်လတွင် ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ် တစ်နှစ်တာအတွက် စီမံကိန်းနှင့် နှီးနွှယ်သော ဆက်စပ်ဆုံးရှုံးမှု ယန်း ၁၆ ဘီလီယံဟု Kajima က  အစီရင်ခံခဲ့သည်။

ကုန်သွယ်ရေး မဟာလုပ်ငန်းကြီး Mitsubishi ပါဝင်သော Mitsubishi Estate ကုမ္ပဏီစုကြီးသည်လည်း ဒုက္ခရောက်နေသည့် စီမံကိန်းများစာရင်းထဲ ပါဝင်နေသည်။ 
Yoma Group နှင့်အတူ လက်တွဲပြီး ရန်ကုန်ဘူတာကြီးအနီးတွင်  ရုံးခန်းများ၊ ဈေးဆိုင်များနှင့် ဟိုတယ်တို့ ပါဝင်သည့် အဆောက်အအုံလေးခုပါရှိသော စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ ယခုအခါ စီမံကိန်း ရပ်ဆိုင်းထားရဆဲ ဖြစ်သည်။
 
Mitsubishi Estate ၏ စီမံကိန်း ဧရိယာနှင့် ကပ်လျက်တွင် မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦကို  ၈၈ ခန်းပါ Peninsula Yangon ဇိမ်ခံဟိုတယ်အဖြစ် အသွင်ပြောင်းသည့် စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သော Hongkong and Shanghai Hotels ကလည်း စီမံကိန်းကို ရပ်ထားရဆဲ ဖြစ်သည်။ ရပ်ထားရသော စီမံကိန်းအတွက် ကန်ဒေါ်လာ ၈၇ သန်း ဆုံးရှုံးထားပြီး ဖြစ်သည်။

စီမံကိန်းများ၏ အဆောက်အအုံများတွင် အငှားချထားဖို့ မျှော်လင့်ထားသည့် နိုင်ငံခြားကုမ္ပဏီများသည် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံခြင်းကို ရပ်တန့်ခဲ့ကြသည်။ အကြောင်းမှာ ဝင်ငွေရပေါက်ရလမ်းအတွက် ရင်းမြစ်ဖြစ်သော အလယ်အလတ်တန်းစား စားသုံးသူများသည် နောင်တစ်ချိန်တွင် အသုံးစရိတ်ကို ထိန်းချုပ်‌လျှော့ချကြမည့်အရေး ရှိနေသောကြောင့် ဖြစ်သည်။ 

အကယ်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ ဆောက်လုပ်ရေးစီမံကိန်းများကို ဆက်လက်လုပ်ဆောင်လိုလျှင်လည်း လုပ်ကိုင်နိုင်မည့် အခြေအနေ မရှိချေ။ အကြောင်းမှာ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် စီမံကိန်းအတွက်  လိုအပ်သောပစ္စည်းများကို တင်သွင်းရန် ခက်ခဲ‌နေမည်ဖြစ်သည်။


အဆိုပါ စီမံကိန်းများ  အားလုံး ရပ်ဆိုင်းထားရသည့်အတွက်  အလုပ်အကိုင် ဆုံးရှုံးမှု ကြီးမားပါသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ International Labor Organization ILO ၏ အဆိုအရ နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီက အလုပ်သမားဦး‌ေရ ၁.၁ သန်းခန့်ကို အလုပ်ခန့်ထားခဲ့သည်။  ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ၏ ၃၀% အလုပ်အကိုင် ဆုံးရှုံးခဲ့ရာ  အလုပ်အကိုင်ပေါင်း ၃၅၀,၀၀၀ ခန့်  ဆုံးရှုံးခဲ့ပါသည်။

#MyanmarIndustriesGuide
 Telegram Channel
https://t.me/Guid4U

Investment/Divestment Local News Labour Affairs Read 16684 times