ဘရာဇီး သကြားစက်များ ပြည်ပအရောင်း ရုပ်သိမ်းပြီး သကြားအစား အီသနောထုတ်လုပ်


18 May, 2022

ဘရာဇီး သကြားစက်များ ပြည်ပအရောင်း ရုပ်သိမ်းပြီး သကြားအစား အီသနောထုတ်လုပ်


ဘရာဇီးနိုင်ငံမှ သကြားစက်များသည် သကြားပြည်ပတင်ပို့မှု စာချုပ်အချို့ကို ဖျက်သိမ်းကာ ထုတ်လုပ်မှုကို စွမ်းအင်ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် ငွေပိုရသော အီသနောကို ထုတ်လုပ်နေကြသည်။
သကြား မထုတ်လုပ်ဘဲ အီသနော ထုတ်လုပ်ကြသဖြင့် ကမ္ဘာ့သကြားဈေးကွက်ထဲ သကြားမလုံလောက်မည့်အရေး စိုးရိမ်စရာ ဖြစ်နေသည်။


ဘရာဇီးနိုင်ငံရှိ သကြားရောင်းဝယ်ရေးတွင် ပါ၀င်သည့် ကုမ္ပဏီတိုင်းနီးပါးသည် သကြားအရောင်း စာချုပ်ဖျက်သိမ်းမှုများကို မြင်တွေ့ခဲ့ရကြောင်း နိုင်ငံတကာ ကုန်စည်ရောင်းချသူ ကုန်သည်ကြီးတစ်ဦးက ပြီးခဲ့သော သီတင်းပတ်က ရိုက်တာသတင်းမီဒီယာသို့ ပြောကြားခဲ့သည်။ ယခုအချိန်အထိ စုစုပေါင်း သကြားကုန်ကြမ်း တန်ချိန် ၂၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ ဖျက်သိမ်းထားသည်ဟု ခန့်မှန်းထားသည်။


ဘရာဇီးရှိ ကြံသကြားစက် အများစုသည် သကြား သို့မဟုတ် အီသနော နှစ်သက်ရာကို အလွယ်တကူ ပြောင်းလဲ ထုတ်လုပ်နိုင်ကြသည်။
လောင်စာဆီ ဈေးနှုန်းများ မြင့်တက်နေသည့်အခါ မော်တော်ယာဉ်များသည် စက်သုံးဆီတွင် အီသနော ရောနှောပြီး ဇီဝလောင်စာ biofuel ကို သုံးစွဲကြသဖြင့် အီသနော ဈေးနှုန်း မြင့်တက်သည်။ သို့ဖြစ်ရာ သကြားထက် အီသနောက တွက်ခြေပိုကိုက်သဖြင့် သကြားထုတ်လုပ်မှု ရပ်နားထားပြီး အီသနော ထုတ်လုပ်ကြသည်။


သကြားစက်ရုံကြီးများ လုပ်ကိုင်သည့် ကုမ္ပဏီမှ အမည်ပေးမသိစေလိုသည့် အကြီးတန်း အရာရှိ တစ်ဦးက "အီသနောကို ရောင်းရင် ငွေရဖို့ တစ်ရက် နှစ်ရက်ပဲ ကြာတယ်။ သကြားကို ပြည်ပတင်ပို့ရင် ငွေ ချက်ချင်းမရဘူး။ ကြံရာသီမှာ စက်ရုံတွေက ကြံဖိုးတွေ စိုက်ရှင်းထားရတယ်" ဟု ပြောကြားသည်။
ပြီးခဲ့သည့် ကြံရာသီတွင် ထွက်ရှိသည့် ကြံများ၏ ၄၅% ကို သကြား ထုတ်လုပ်ခဲ့ပြီး ၅၅ % ကို အီသနော ထုတ်လုပ်ခဲ့ကြသည်။ ၁% သည် သကြားတန်ချိန် ၇ သိန်းဝန်းကျင်နှင့် ညီမျှသည်။

ကမ္ဘာပေါ်တွင် အီသနော အများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး ဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံမှာ ဘရာဇီး ဖြစ်ပါသည်။
ဘရာဇီးလ်သည် ကြံရာသီတွင် တစ်လလျှင် သကြားတန်ချိန် ၂.၂ သန်းခန့် တင်ပို့ပါသည်။

Agriculture & Livestock Export, Import Energy News Read 4782 times