ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ  ရေနံဈေးနှုန်း  ဒေါ်လာ ၁၀၀ ဖြစ်နေစေလို


19 September, 2022

ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ  ရေနံဈေးနှုန်း  ဒေါ်လာ ၁၀၀ ဖြစ်နေစေလို

OPEC ဦးဆောင်နိုင်ငံ ဆော်ဒီအာရေဗျနှင့် OPEC+ ဦးဆောင်နိုင်ငံ ရုရှားတို့က အဖွဲ့မှ သဘောတူထားတဲ့ ခွဲတမ်းအရ တစ်ရက်လျှင် ရေနံစိမ်း စည် ၁၁ သန်းအထက် ထုတ်လုပ်နိုင်တဲ့ နိုင်ငံများဖြစ်ပြီး ၎င်းတို့က ရေနံစိမ်း တစ်စည် $100 ဟာ အားလုံးအတွက် မျှတတဲ့ဈေးနှုန်းလို့ ယူဆကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

OPEC+ ရဲ့ ခွဲတမ်းများ စုစုပေါင်းရဲ့  ထက်ဝက်ကျော်ကို  ရုရှားနှင့် ဆော်ဒီအာရေဗျတို့က ရရှိထားကြပါတယ်။ ၎င်းတို့ ၂နိုင်ငံကို OPEC+ အဖွဲ့ရဲ့ ဦးဆောင်သူများအဖြစ် အများက လက်ခံထားကြပါတယ်။ ၎င်းတို့ ၂နိုင်ငံက $100 ရေချိန်ကို လိုလားကြတဲ့အလျောက်ကို $100 ကို ဈေးထိန်းထားကြလိမ့်မယ်လို့ ယူဆရပါတယ်။

"OPEC သည်  သတ်မှတ်ထားသော ရေနံစျေးနှုန်းများကို ရည်မှန်းချက် ထားရှိသည်"ဆိုတဲ့ စွပ်စွဲမှုကို ကာလရှည်ကြာ ငြင်းဆိုနေခဲ့ပါတယ်။ 
OPEC က ရေနံစိမ်းဈေးကွက်ကို ချိန်ခွင်လျှာညှိပေးနေခြင်းသာ ဖြစ်ကြောင်း ပြောကြားပါတယ်။

ဩဂုတ်လ ကျင်းပတဲ့ OPEC+ အစည်းအဝေးမှာ ရေနံဈေးက ဒေါ်လာ ၁၀၀ နီးပါးရှိသော်လည်း ကျရိပ်ပြနေလို့ OPEC+ က စတိအနေဖြင့် ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် စည် တစ်သိန်း လျှော့ထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 
စတိလျှော့ထုတ်တဲ့အတွက် Brent ရေနံဈေးနှုန်းကို $100 ဝန်းကျင် ဖြစ်နေအောင် ထိန်းပေးထားနိုင်မှာ မဟုတ်ပေမဲ့ $90 အထက်မှာ ရှိနေအောင်တော့ ပြုပေးထားနိုင်မှာ ဖြစ်ပါတယ်။
စီးပွားရေး ဆုတ်ယုတ်နေကြတဲ့အခါ ဝယ်လိုအား ကျဆင်းသွားမယ့်အရေးကို OPEC+ က ပူပန်ကြောင့်ကြတဲ့အတွက် ဈေးကွက်ကို နှိုးဆွပေးလိုက်တာလို့ ယူဆကြပါတယ်။

OPEC+ က ဈေးနှုန်းကို မြှင့်တင်လိုရတဲ့ အကြောင်းရင်းက ကုန်ဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် ရေနံထုတ်လုပ်မှု ကုန်ကျစရိတ်များလည်း မြင့်တက်လာတာကြောင့် ရေနံဈေးနှုန်းလည်း မြင့်တက်ဖို့ လိုအပ်နေပါတယ်။

“‌ရေနံဈေး $120-130 က ထိခိုက်မှာ များတယ်။ ဆော်ဒီက အဲဒါ မဖြစ်အောင် ကာကွယ်လိမ့်မယ်။ ဒါပေမဲ့ $100 က ကမ္ဘာ့စီးပွားရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ဆော်ဒီအတွက်လည်း အဲဒီဈေးနှုန်းနဲ့ အဆင်ပြေလိမ့်မယ်" လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

လအတော်ကြာ လျှော့ဈေးဖြင့် ၎င်း၏ရေနံကို ရောင်းချခဲ့တဲ့ ရုရှားနိုင်ငံအနေနှင့်မူ ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ အောက် မကျတာကိုသာ မြင်လိုကြောင်း ရုရှားအကြောင်း ကောင်းကောင်းသိတဲ့ ရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

ဆော်ဒီအာရေဗျနှင့် ရုရှားတို့က ရေနံဈေးနှုန်း $100 ကို ထောက်ခံနေတဲ့အတွက် အနှေးနှင့်အမြန် တခြား OPEC+ နိုင်ငံတွေကလည်း ဈေးထိန်းဖို့ ထုတ်လုပ်မှုကို လျှော့ချကြမယ်လို့ ယူဆကြပါတယ်။
Source Reuters
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Energy News Read 1914 times