လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၈ ဒသမ ၈ ဘီလျံနီးပါးရှိ


02 September, 2021

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသ မ ၈ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၉၃၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၀ ရက်အထိ ၁၀ လခွဲကျော်တွင် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မှတဆင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသမ ၇၉၀ ဘီလျံသာရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၉ ဒသမ ၇၂၃ ဘီလျံအထိရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် စုစုပေါင်းနယ်စပ်ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ဒေါ်လာ ၉၃၃ ဒသမ ၀၆၂ သန်းလျော့ကျခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုများသို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ကုန်သွယ်မှုဆောင်ရွက်လျှက်ရှိသည်။

အဆိုပါကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၃ သန်းကျော်လျော့ကျခဲ့သော်လည်း အဓိကနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်မှု၌ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၅၆၀ အထိပိုမိုဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အတူ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၉၀ ခန့်လျော့ကျခဲ့သည်။ အဓိကကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၂၀ ကျော် လျော့ကျခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲကျော်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၇၈၈ သန်း ကျော်လျော့ကျခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၃ဒသမ ၅ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၅၀ ကျော် လျော့ကျခဲ့သည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၃၅ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆ သန်းကျော် လျော့ကျခဲ့သည်။

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်မှု ဒေါ်လာသန်း ၁၉၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၀၀ ပို၍ ဆောင်ရွက်ထားနိုင်ခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများဖြင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်၊ ထန်တလန်၊ ကျိုင်းလပ်စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားပို့ကုန်တို့ကို အဓိကတင်ပို့နေခြင်းဖြစ်သည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်စ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၇ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ၂၆ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  သိရသည်။

 

ews-eleven.com

 

Export, Import Read 451 times