ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု လုပ်ငန်းများ ပြန်လည်စတင်


27 November, 2021

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်သွယ်မှု လုပ်ငန်းများ စတင် ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများ တင်ပို့တင်သွင်း နေခြင်း ကို ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့်

  • မန်းဝိန်းဂိတ်အား (၃၀-၃-၂၀၂၁) ရက်နေ့တွင် လည်းကောင်း၊
  • ကျိန်စမ်းကျော့ဂိတ်နှင့်ကြုကုတ်-ပန်ဆိုင်းဂိတ်အား (၈-၇-၂၀၂၁) ရက်နေ့တွင် လည်းကောင်း၊
  • ချင်းရွှေဟော် ကုန်သွယ်ရေး နယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဖက်မှ (၁၈-၄-၂၀၂၁)ရက်နေ့မှစ၍ တင်ပို့/ တင်သွင်း ခြင်း ကို ယာယီရပ်ဆိုင်းခဲ့သည်။

မြန်မာဖက်မှလည်း ကိုဗစ်ကပ်ရောဂါပြန့်ပွားမှုကြောင့် (၆-၁၀-၂၀၂၁) ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့ပါသည်။

(၂၂-၁၁-၂၀၂၁) ရက်နေ့တွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော အဖွဲ့နှင့်တရုတ်နိုင်ငံ ၊ ရွှေလီမြို့တော်ဝန်ဦးဆောင်သောအဖွဲ့တို့ ကုန်သွယ်မှုပြန်လည်စတင်နိုင်ရေး Online Meeting ဖြင့် ဆွေးနွေးညှိနှိုင်းချက်များအရ (၂၆-၁၁-၂၀၂၁)ရက်နေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ပို့ကုန်အနေဖြင့် ရော်ဘာ(၇၀)တန်၊ သီဟိုစေ့ (၂၆)တန်၊ ဆန်ကွဲ(၇၀)တန်၊ စုစုပေါင်း ယာဉ်(၅)စီးဖြင့် လည်းကောင်း၊ သွင်းကုန်အနေဖြင့် မော်တော်ဆိုင်ကယ် (၂၈၅)စီးနှင့် ဆိုင်ကယ်အပိုပစ္စည်းများတင်ဆောင်သည့်ယာဉ် စုစုပေါင်း(၅)စီးအားလည်းကောင်း စတင် ဆောင်ရွက် မည်ဖြစ်ပါသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း နှစ်ဖက်ညှိနှိုင်းချက်များအရ ရွှင်ချွမ်လုံထုတ်လုပ်မှု ကုမ္ပဏီလီမိတက်မှ လက်ဖက်ခြောက်ကုန်ကြမ်း (၃.၉၂၉)တန် ၊ လက်ဖက်ခြောက် တန်ချိန် (၇.၈၅၈) တန်အား နမ့်ဖာဟော်တံတားဂိတ်၌ (၂၆-၁၁-၂၀၂၁) ရက်နေ့ ၀၇ ၃၀ နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ဖက်(တရုတ်)နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊တရုတ်ဘက်မှလည်းဓာတ်မြေသြဇာနှင့်လူသုံးကုန်ပစ္စည်းများ စတင်၍ တင်သွင်း တော့မည်ဖြစ်ကြောင်း အဆိုပါကုန်သွယ်ရေးစခန်းများမှ သိရှိရပါသည်။

Export, Import Read 495 times