လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် စုစုပေါင်းနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၉ ဘီလျံနီးပါးရှိ


18 September, 2021

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် စုစုပေါင်းနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၉ ဘီလျံနီးပါးရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃ ရက်အထိ ၁၁ လကျော်တွင် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်များဖြင့် နယ်စပ်မှတဆင့်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈ ဒသမ ၉၃၃ ဘီလျံသာရှိသည်။

ယခင်ဘဏ္ဍာနှစ်ကာလတူတွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၂၃၄ ဘီလျံအထိရှိခဲ့သည်။ ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုသည် ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကုန်သွယ်မှုဒေါ်လာ ၁ ဒသမ ၃ ဘီလျံလျော့ကျခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၉ ခုဖြင့် ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်မှုသည် ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကျော်ရှိပြီး ယခင်နှစ်ထက် ဒေါ်လာ ၁၁၂ သန်းကျော်လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အတူ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည် မူဆယ်နယ်စပ်ကုန်သွယ်မှုသည် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် လျော့ကျခဲ့သည်။


မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုသည် ဒေါ်လာ ၃၅ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၁၆ သန်းကျော် လျော့ကျခဲ့သည်။

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုသည် ဒေါ်လာ ၁၉၆ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၁၀၆ သန်းပို၍ ဆောင်ရွက်ထားကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများဖြင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ်၊ ထန်တလန်၊ ကျိုင်းလပ်စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်လျက်ရှိသည့်။အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်း အချက်အလက်ဝန်ဆောင်မှု ကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦး တီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

 

news-eleven.com

Export, Import Read 359 times