ဇန်-၈ နယ်စပ်ပြန်ဖွင့်ပြီးနောက် ရွှေလီကျောက်စိမ်းလုပ်ငန်းကဏ္ဍ ပြန်လည် အသက်ဝင်


14 January, 2023

ဇန်-၈ နယ်စပ်ပြန်ဖွင့်ပြီးနောက် ရွှေလီကျောက်စိမ်းလုပ်ငန်းကဏ္ဍ ပြန်လည် အသက်ဝင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၃ ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်ပြန်ဖွင့်ပြီးနောက် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့ရှိ ကျောက်စိမ်းလုပ်ငန်းသည် ပြန်လည်ရှင်သန်လာခဲ့သည်။
ကျောက်စိမ်းထွက်သည့် မြန်မာနိုင်ငံနှင့်  နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန်ပြည်နယ်မှ တယ်ဟုန် တိုင်တိုင်းရင်းသား၊ ဂျိန်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့မှ ကျောက်စိမ်းဈေးကွက်သည် အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းချကြရာတွင် ဦးဆောင်နေရာတွင် ရောက်ရှိနေသည်။ 
ရွှေလီကျောက်စိမ်းစျေးကွက်မှ ကိုယ်စားလှယ် Cai Xin က ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီတွင်ကျောက်စိမ်းရောင်းချသူ ၂၀၀ ကျော်တို့သည် နှစ်စဉ်ရောင်းအား ယွမ် ၃.၅ ဘီလီယံ (ဒေါ်လာ သန်း ၅၀၀) ရှိခဲ့ကြောင်း Global Times သို့ပြောကြားသည်။

“လက်ရှိမှာ ကုန်သည် ၁၇၀ ကျော်က သူတို့ရဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လုပ်ငန်းကို ပြန်ရောက်လာကြပါပြီ။ အခုဆိုရင် သူတို့ရဲ့နေ့စဉ်ရောင်းအားဟာ ယွမ် ၁၀ သန်းကျော်အထိ ရှိနေပါပြီ" ဟု ၎င်းက ပြောကြားသည်။

ရွှေလီ၏ ကျောက်စိမ်းလုပ်ငန်းသည် ခြောက်လမှ တစ်နှစ်အတွင်း ကပ်ရောဂါအကြိုအဆင့်သို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်ထားကြောင်း Cai က ပြောကြားသည်။
ကပ်ရောဂါကြောင့် လွန်ခဲ့သည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံမှ ကျောက်စိမ်း တရားဝင် တင်သွင်းမှုကို ကာလရှည်ကြာစွာ ရပ်ဆိုင်းခဲ့ပြီး နယ်စပ်မြို့တွင် ကျင်းပသည့်  ကျောက်စိမ်း အရောင်းပြပွဲကိုလည်း ပိတ်ပင်ခဲ့သည်။
“လုပ်ငန်းပြန်စဖို့ အဆိုပြုတဲ့အခါ လုပ်ငန်းပြန်ကောင်းလာဖို့ တစ်နှစ်ခွဲလောက် အချိန်ယူရဦးမယ်လို့ ထင်ခဲ့ပါတယ်။ လုပ်ငန်းပြန်စဖို့ ဖိတ်ခေါ်ပြီး နှစ်လအတွင်း ကျောက်စိမ်းကုန်သည် ၁၀၀ ကျော်က တုံ့ပြန်ခဲ့ပါတယ်။ အခုလောက် များလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး" ဟု ၎င်းက ပြောကြားသည်။ နွေဦးပွဲတော်အားလပ်ရက် ပြီးသည့်အခါတွင် ရွှေလီသို့ ရောက်လာသည့် ကုန်သည်များ ပိုများလာမည်ဟု သူက ယူဆထားသည်။

 

 

နယ်စပ်မြို့သည် ၁၉၉၀ ပြည့်နှစ်လွန် နှစ်များအတွင်း တရုတ်နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်း ရောင်းဝယ်ရေး အချက်အချာနေရာတစ်ခုအဖြစ် ကြီးထွားလာခဲ့ပြီး နောက်ပိုင်းတွင် “ကျောက်စိမ်းမြို့” ဟု တင်စားခေါ်ဝေါ်ကြသည်။

ရွှေလီရှိ ကျောက်မျက်ရတနာလုပ်ငန်းတွင် ပညာရှင် ၇၀,၀၀၀ ခန့် လုပ်ကိုင်နေကြပြီး မြို့နေ လူဦးရေစုစုပေါင်း၏ ၃၃.၄ ရာခိုင်နှုန်းရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။
Source Global Times
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 763 times