‘‘ဒီအပင်က ဘာမှား နေတာလဲ’’


05 February, 2021

လူတိုင်းအတွက် ကိုယ်စွမ်းကိုယ်စ ဖွံ့ဖြိုးမှုနှင့် ကြိုးပမ်းအောင်မြင်မှုတို့ရစေမည့် ကိုယ်ပိုင်စွမ်းရည်များကို ဆင်းရဲမွဲတေခြင်းက လုယူသည်ဟု သူက ရှုမြင် သည်။ စီးပွားရေး အားလုံးနီးပါးတို့သည် လူ၏ တစ်ကိုယ်ကောင်း မဆန်ခြင်း၊ စီးပွားရေးလုပ်ကိုင်ခြင်းထံမှ ငွေကြေးမဟုတ်သော အကျိုးအမြတ်ကို ရှာဖွေခြင်းတို့ကို ဖယ်ကြဉ်ထားကြသည်။ သို့သော် ဆင်းရဲသားများကို ပေးကမ်း ရက်ရောသောအလုပ်ကို လုပ်သည့်အခါ၌ ငွေကြေးအကျိုးအမြတ် ရရှိရေးကို  ၎င်းလှူဒါန်းသည့် အလုပ်သည် ရေရှည်အကျိုး ရှိမည်မဟုတ်။ ထိုသို့ ပေးကမ်းရက်ရောခြင်းကို လက်ခံရယူနေသူများတွင် မှီခိုသူအဖြစ် နေထိုင်ကြသူ များ ပေါ်ပေါက်လာစေလိမ့်မည်ဟု သူက သတိပေးလေ့ရှိသည်။

ယခု မိုဟာမက် ယူနု(စ်)နှင့် မေးးမြန်းဆွေးနွေးထားသည်တို့ကို  တင်ပြပါမည်။

မေး။ ။ ဆင်းရဲမွဲတေခြင်းဆိုတာ ဘာလဲ။

ယူနု(စ်)။ ။ ကျွန်တော်တို့ ဆင်းရဲမွဲတေခြင်းကို ကွဲပြားတဲ့ နည်းလမ်း အများ အပြားဖြင့် ချဉ်းကပ်နိုင်ပါတယ်။ ဝင်ငွေ မရှိခြင်း၊ အနာဂတ် မရှိခြင်း၊ အနာဂတ် အတွက် အိပ်မက် မရှိခြင်း၊ အဲဒါက ဆင်းရဲမွဲတေခြင်းကို ကြည့်ပုံတစ်မျိုး ဖြစ်ပါ တယ်။ နောက်တစ်မျိုး စဉ်းစားနိုင်တာက လူ့အခွင့်အရေးတွေ အကုန်လုံး ငြင်း ပယ်ခံထားရတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဆင်းရဲတဲ့သူဟာ ကျွန်တော်တို့က လူ့ အခွင့်အရေးများလို့ မြင်တဲ့ဟာတွေဖြစ်တဲ့ စားစရာ၊ နေစရာ အစရှိသည်တို့ကို ရယူခွင့် မရှိဘူး။ ဆင်းရဲမွဲတေခြင်းကို အခြေအနေတစ်ရပ်အဖြစ်လည်း ရှုမြင်လို့ ရတယ်။ အဲဒီအခြေအနေထဲမှာ ဖန်တီးတတ်တဲ့ လူသားတွေကို လုံးလုံးလျားလျား အလဟဿ ဖြစ်နေစေတယ်။ သူတို့ဟာ သူတို့အတွက်လည်း အသုံးမဝင်၊ လူ့ဘောင်အတွက်လည်း အသုံးမဝင်။ အဲဒီလူတွေ အားလုံးက လူ့ဘောင်အတွက် ကောင်းကျိုးပြုမယ့် စွမ်းအင်တွေကို ပိတ်တားထားတာလို့ ဆင်းရဲမွဲတေမှုကို ရှုမြင်နိုင်ပါတယ်။ အဲဒီလို ရှုမြင်တာတွေက ကျွန်တော့မှာ ရှိနေတဲ့ ယုံကြည်ချက် တစ်ခုနဲ့ ဆက်နွှယ်နေပါတယ်။ လူသားအားလုံးမှာ အကန့်အသတ်မဲ့ အလား အလာကောင်းတွေ ရှိနေတယ်။ အကန့်အသတ်မဲ့ လုပ်ရည်ကိုင်ရည်တွေလည်း ရှိနေတယ်။ ကြံဆဖန်တီးတဲ့ စွမ်းအင်တွေလည်း အကန့်အသတ်မရှိ ရှိနေတယ်။ ရှင်းပါတယ်။ တချို့ဟာ အဲဒီ အလားအလာကောင်းတွေကို ကြိုးဖြေလွှတ်ဖို့ အတွက် အခွင့်အလမ်း ရကြတယ်။ အဲဒီရတဲ့သူက အားလုံးထဲမှာ အနည်းငယ်မျှ သာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ သူတို့မှာ တည်ရှိနေတဲ့ လုပ်ရည် ကိုင်ရည်တွေကို စူးစမ်းလေ့လာဖို့ကိုတောင်မှ အခွင့်မရကြဘဲ ငြင်းဆန်ခံရတယ်။ နောက်တစ်ချက် ကျွန်တော် ထည့်ပြောသင့်တာက ဆင်းရဲမွဲတေခြင်းဆိုတာ လူ တစ်ဦး မဟုတ်ဘူး။ လူတစ်ဦးအပေါ်မှာ တင်စီးထားတဲ့ တစ်စုံတစ်ရာသာ ဖြစ်ပါ တယ်။

မေး။ ။ အဲဒါက ပြင်ပပယောဂလား။

ယူနု(စ်)။ ။ ဟုတ်တယ်။လူတစ်ဦးဆီမှာ မရှိတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ပအားတွေက တင်စီးထားတယ်။ စနစ်တစ်ခုအဖြစ် ပျံ့နှံ့တည်ရှိနေ တယ်လို့ ကျွန်တော် မြင်ပါတယ်။ အဲဒီစနစ်က ဆင်းရဲမွဲတေခြင်းကို ဖန်တီးပါတယ်။

မေး။ ။ ဆင်းရဲမွဲတေခြင်းက ကမ္ဘာတစ်လွှား တည်ရှိတာလား။

ယူနု(စ်)။ ။ အဲဒီစနစ်က ကမ္ဘာတစ်လွှားမှာ တည်ရှိနေသေးသရွေ့ ဆင်းရဲ မွဲတေခြင်းကလည်း ကမ္ဘာတစ်လွှားမှာ တည်ရှိနေပါတယ်။

မေး။ ။ ဘင်္ဂလားဒေ့ရှ်မှာ တည်ရှိတဲ့ ဆင်းရဲမွဲတေခြင်းဟာ အမေရိကန် ပြည်ထောင်စုနဲ့ တခြားနေရာတွေမှာ တည်ရှိတဲ့ ဆင်းရဲမွဲတေခြင်းတွေနဲ့ အတူတူ ပဲလား။

ယူနု(စ်)။ ။ ဟုတ်တယ်။ နေရာတိုင်းမှာပါ။ အဲဒါ ဖြစ်ပွားစေတဲ့ လုပ်ငန်းစဉ်က အတူတူပဲ။ စနစ်ကလည်း အတူတူပဲ။ အင်စတီကျူးရှင်းတွေရဲ့ တူနေတဲ့ အမှား ကြောင့် ဖြစ်ရတာပါ။ ပြီးတော့ စီးပွားရေးထဲမှာ တည်ရှိနေတဲ့ အခြေခံ အယူအဆ မူဘောင်ထဲမှာ အမှားတွေ တူနေပါတယ်။ ဆင်းရဲတဲ့သူတွေကို ဘွန်ဆိုင်းသစ်ပင် တစ်ပင်အဖြစ် စဉ်းစားကြည့်ပါ။ ခင်ဗျားက အမြင့်ဆုံး၊ အကောင်းဆုံးသစ်ပင်ရဲ့ မျိုးစေ့ကို ယူပြီး စိုက်တယ်။ ဒါပေမဲ့ ခင်ဗျားက ပန်းပင်ငယ် စိုက်တဲ့ အိုးငယ်ထဲမှာ စိုက်တယ်ဆိုရင် အပင်က ကြီးကြီးမားမားဖြစ်တဲ့အထိ ကြီးထွားလို့ ရတော့မှာ မဟုတ်ဘူး။ တောအုပ်ထဲမှာ စိုက်ရင် ကြီးကြီးမားမား ဖြစ်တာမျိုးကို မျှော်လင့်လို့ ရမှာ မဟုတ်ဘူး။ ပြီးတဲ့အခါမှာ ခင်ဗျားက မေးတယ်။ ‘‘ဒီအပင်က ဘာမှား နေတာလဲ’’ ခင်ဗျားက မျိုးစေ့မကောင်းလို့ ဖြစ်မယ်လို့ ထင်မယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အကောင်းဆုံးမျိုးစေ့ကို ယူထား တာ မဟုတ်လား။ ဒါဆို ဘာလို့လဲ။ တကယ့်အကြောင်းတရားက ကြီးထွားစေမယ့် မြေဆီကို ကျွန်တော်တို့ အပင်ကို မပေးလို့ ဖြစ်ပါတယ်။ ဒီတော့ ကန့်သတ် ထားတဲ့နည်းလမ်းဖြင့်သာ အပင်က ကြီးထွားလို့ ရမှာ ဖြစ်ပါတယ်။ ဒီတော့ တော အုပ်ထဲမှာ ကျွန်တော်တို့ တွေ့ရတဲ့သစ်ပင်မျိုးကို ကျွန်တော်တို့ ရထားပေမဲ့ အငယ်စားအဖြစ်ဖြင့်သာ ရရှိမှာ ဖြစ်ပါတယ်။ ဒီတော့ ဆင်းရဲတဲ့သူတွေကို ကျွန်တော်က ‘‘ဘွန်ဆိုင်းလူ’’Bonsai Human Being တွေလို့ မြင်ပါတယ်။ အစေ့နဲ့ ပတ်သက်လို့ ဘာမှ မမှားဘူး။ ရှင်းရှင်းလေးပါ။ လူ့ဘောင်က သူတို့ ကြီးထွားဖို့အတွက် နေရာကို ဘယ်တော့မှ မပေးဘူး။

 

မေး။ ။ အဲဒီစနစ်ရဲ့ အစိတ်အပိုင်းကို ပြုပြင်ပြောင်းလဲခြင်း မဟာဗျူဟာ များမှတစ်ဆင့် ပြောင်းလဲပေးလို့ ရမလား။ ဒါမှမဟုတ် အခြေအမြစ်ကနေ တော်လှန်ပြောင်းလဲခြင်းတွေ လိုမလား။ စနစ်တစ်ခု လိုမလား။

ယူနု(စ်)။ ။ အဲဒါတွေအားလုံးရဲ့ အပေါ်ဘက်မှာ ရှိနေတယ်။ ခင်ဗျားဘာကို အောင်မြင်ထမြောက်စေလိုသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဥပမာအားဖြင့် ခင်ဗျားက စနစ်ကို ဆက်လက်စွဲကိုင်ထားနိုင်တယ်။ အဲဒီစနစ်ကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ပြုပြင်ပြောင်းလဲပေးမယ်။ ဒီအခါမှာ တိုးတက်ကောင်းမှုတွေ နည်းနည်းပါးပါး တချို့ ဖြစ်ပေါ်မယ်။ ဒီတော့ ခင်ဗျား ဘွန်ဆိုင်းအပင်ငယ်ကို ရထားမယ်။ အိုးကို နည်းနည်းပိုကြီးတာ သုံးမယ်။ ဒါဆို အပင်ငယ်က နည်းနည်း ပိုကြီးအောင် ကြီးထွားမယ်။ ဒါပေမဲ့ အစေ့မှာ ရှိနေတဲ့ အလားအလာအတိုင်းတော့ မကြီးထွားသေးဘူး။ ဒီတော့ ခင်ဗျားက ပလက်ဖောင်းတစ်ခုလုံးကို မှန်အောင် ပြင်ပေးရမယ်လို့ ကျွန်တော် ယူဆတယ်။ အိုးတစ်ခုလုံး မှန်အောင် ပြင်ရမယ်။ အဲဒီလိုဆိုရင် လူတိုင်းဟာ မြေဆီအခြေအနေ အတူတူ ဖြစ်နေတာကို ရရှိမယ်။

How To Read 1687 times