တာယာအဟောင်းများဖြင့် ထုတ်ကုန်အသစ်များ ထုတ်လုပ်တဲ့ အမျိုးသမီးလုပ်ငန်းရှင်


11 October, 2021

ရွှေမည်း လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရေနံ ပြည်ပတင်ပို့မှုအပေါ် အားကိုးအားထားပြုတဲ့ နိုင်ဂျီးရီးယားမှာ အမျိုးသမီး လုပ်ငန်းရှင်  Ifedolapo Runsewe က နောက်ထပ် ရွှေမည်းတစ်မျိုးဖြင့် စက်မှုလုပ်ငန်းတစ်မျိုးကို လုပ်ကိုင်ပါတယ်။ သူ့အတွက် ကုန်ကြမ်းဖြစ်တဲ့ ရွှေမည်းက အမှိုက်ထဲမှ ရတဲ့ရွှေမည်းဖြစ်တဲ့ ကားတာယာ အဟောင်းတွေ ဖြစ်ပါတယ်။ 

သူက  Freetown Waste Management Recycle အမည်ဖြင့် လုပ်ငန်း ထူထောင်လုပ်ကိုင်ပါတယ်။ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ကားတာယာတွေကို ကြမ်းခင်းပြား၊ ရော်ဘာပြားအလိပ် စတဲ့ ကုန်ချောတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံဖြင့် လုပ်ကိုင်လျက် ရှိပါတယ်။ သူ့စက်ရုံမှ ထုတ်လုပ်တဲ့ ကုန်ချောထုတ်ကုန်တွေ နိုင်ဂျီးရီးယား ပြည်တွင်းဈေးကွက်ထဲ လူကြိုက်များပါတယ်။ 

“တစ်နေရာမှာ စွန့်ပစ်ထားမယ့် အမှိုက်ကို ပစ္စည်းအသစ်တစ်မျိုး ဖန်တီးရတာကြောင့် စိတ်အားထက်သန်နေစေခြင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” လို့ Runsewe က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။ သူ့စက်ရုံက နိုင်ဂျီးရီးယား အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ အိုင်ဘာဒန်မြို့မှာ လုပ်ကိုင်လျက် ရှိပါတယ်။ 

"တာယာတွေကနေ ကျွန်မတို့ တန်ဖိုးကွင်းဆက်တစ်ခုအပြည့်ကို ဖန်တီးပေးတယ်” လို့ သူက ပြောပြတယ်။ ရောင်းအကုန်ဆုံး ထုတ်ကုန်ကတော့ လမ်းဘေးပလက်ဖောင်းခင်းတဲ့ ရာဘာအပြားထူထူတွေ  ဖြစ်ပါတယ်။ 

နိုင်ဂျီးရီးယားနိုင်ငံမှာ စွန့်ပစ်ပစ္စည်း စီမံလုပ်ကိုင်ဖို့ နေရာတကာမှာ လိုအပ်နေတယ်။ ရွာတွေ၊ မြို့ငယ်တွေ၊ မြို့ကြီးတွေမှာ စွန့်ပစ်အမှိုက်တွေ တောင်လိုပုံနေကြတယ်။ နေရာတကာမှာ တွေ့ရတယ်။ နေထိုင်သူတွေက တခြားနည်းလမ်းမရှိလို့ ညဘက်မှာ မီးရှို့တဲ့နည်းကို သုံးစွဲပြီး အမှိုက်ကို ရှင်းလင်းကြတယ်။ တာယာအဟောင်းတွေကို စွန့်ပစ်နေကျ ဖြစ်ပြီး လှည့်ကြည့်မယ့်သူ မရှိဘူး။ 

မက္ကင်နစ် Akeem Rasaq က တာယာအဟောင်းတွေ လက်ခံတယ်။ တာယာအဟောင်းတွေထံမှ ငွေဝင်လမ်း သူ့မှာ ရှိနေတယ်။ သူ့ကားပြင်ရုံမှာ လုပ်ကိုင်ရင်း ကားတာယာအဟောင်းတွေ လက်ခံပြီး စက်ရုံထံ ပေးပို့ရောင်းချတယ်။ “တာယာအဟောင်းတွေ အများစုက ရေမြောင်းတွေထဲ အဆုံးသတ်ပြီး မြောင်းပိတ်တယ်။ ဒါပေမဲ့ ဘယ်သူကမှ အရေးမလုပ်ကြတော့ ဒီအတိုင်း ဆက်ဖြစ်နေတယ်” လို့ သူက ပြောပြတယ်။ 

Freetown က ၂၀၂၀ ခုနှစ်မှာ လုပ်ငန်းစတင်လည်ပတ်ခဲ့တယ်။ နေ့ချင်းညချင်း ကြီးထွားသွားခဲ့ပြီး ယခုအခါ လုပ်သားအင်အား ၁၂၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။ တာယာအလုံးပေါင်း ၁၀၀၀,၀၀၀ ကျော်ကို တစ်ဖန်ပြန်လည်သုံးစွဲဖို့ ကုန်ချောများအဖြစ်သို့ ပြောင်းလဲပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။

ကားလမ်းတွေမှာ အမြန်နှုန်းထိန်းတဲ့ ရာဘာဘုပြားတွေ၊ ပလက်ဖောင်းခင်းတဲ့ ကြမ်းခင်းပြားတွေ ထုတ်လုပ်တယ်။ ကလေးကစားကွင်းတွေမှာ အကျမနာအောင် ခုခံပေးဖို့ ကြမ်းခင်းပြား အပျော့စားတွေကိုလည်း ထုတ်လုပ်တယ်။ 

 

Tips Read 552 times