ခါးပတ်လမ်း ခေါင်းစဉ်အောက်မှ ကွယ်ဖုံးထားသည့် ကြွေးမြီများ


29 September, 2021

အခြားနိုင်ငံမျာထံသို့ တရုတ် ကြွေးမြီ အမေရိကန်ဒေါ်လာ ၃၈၅ ဘီလျံ ရှိနေပြီး ကမ္ဘာဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့တွင် စာရင်းမပေါ်စေသော နည်းလမ်းဖြင့် ချေးငွေများကို စီစဉ်ထားသဖြင့် ကွယ်ဖုံးနေသော ကြွေးမြီများ ဖြစ်သည်ဟု အမေရိကန်အခြေစိုက် AidData က စက်တင်ဘာလ ၂၉ ရက်တွင် အစီရင်ခံခဲ့သည်။ ပါကစ္စတန်သို့ တရုတ်ဖွံ့ဖြိုးရေး ငွေကြေးအကူအညီ၏ အဓိက အစိတ်အပိုင်းသည် ဈေးကြီးသော ချေးငွေများဖြင့် ဖွဲ့စည်းထားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

AidData ၏ အစီရင်ခံစာတွင် တရုတ်အစိုးရသည် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး ငွေကြေးကူညီမှုများသည် ကွယ်ဖုံးထားသည်ဟု အခိုင်အမာ ပြောကြားသည်။ တရုတ်နိုင်ငံသည် ကမ္ဘာဘဏ်၏ မြီစား အစီရင်ခံစနစ်သို့ ပြည့်ပြည့်စုံစုံ သတင်းမပို့ရန် စနစ်တကျဖြင့် ဆောင်ရွက်ခဲ့သည်။ ဝင်ငွေအလယ်အလတ်တန်း ရှိသည့် နိုင်ငံများတွင် ပုဂ္ဂလိက ကုမ္ပဏီများကို ငွေထုတ်ချေးသည့်အခါ နိုင်ငံပိုင် အဖွဲ့အစည်းများကို အသုံးမပြုဘဲ ငွေထုတ်ချေးသည့် ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ထူထောင်ထားသော လက်အောက်ခံ ကုမ္ပဏီများကို အသုံးပြုခဲ့သည်။ ငွေကြေးလောကတွင် အထူးရည်ရွယ် ယာဉ် (special purpose vehicle - SPV) ဟု သုံးနှုန်းကြသည့် ကုမ္ပဏီများ ဖြစ်သည်။ ထိုသို့ တစ်ဆင်ခံများ ထားရှိ၍ ဆောင်ရွက်ခြင်းကြောင့်  မြီစားနှင့် ငွေထုတ်ချေးသူအမျိုးမျိုးတို့အဖို့ ခါးပတ်လမ်းတွင် ပါဝင်ခြင်းကြောင့် ကုန်ကျစရိတ်များမှင့် အကျိုးကျေးဇူးများကို ချိန်ဆအကဲဖြတ်ဖို့ ခက်ခဲနေစေသည်။ ထို့ပြင် ကြွေးထောင်ချောက်အတွင်းသို့ ကျရောက်နိုင်ပြီး ပြန်ထွက်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းနည်းလမ်းမှာ ပထဝီအရ အရေးပါသည့် တန်ဖိုးရှိပိုင်ဆိုင်မှုကို တရုတ်ထံ ရောင်းချပြီး ကြွေးဆပ်ရခြင်း ဖြစ်သည်။ 

ခါးပတ်လမ်း ခေါင်းစဉ်အောက်တွင် သုံးစွဲသည့် အကြွေးများသည် ၄၂ နိုင်ငံတို့တွင် ယခုအခါ တရုတ်နိုင်ငံသို့ ပေးဆပ်ရမည့် အစိုးရကြွေးမြီသည် ဂျီဒီပီ၏ ၁၀ % ထက် ကျော်လွန်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
ဥပမာအားဖြင့် China Exim Bank သည် တရုတ်-လာအို ရထားလမ်းစီမံကိန်းကို ငွေကြေးကျောထောက်နောက်ခံ ပြုပေးခဲ့ရာ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၉ ဘီလျံ ဖြစ်သည်။ ထိုပမာဏသည် လာအိုနိုင်ငံ ဂျီဒီပီ သုံးပုံတစ်ပုံနှင့် အကြမ်းအားဖြင့် ညီမျှသည်။ ထိုအကြွေးတင်သည့် ရန်ပုံငွေကို ကွယ်ဖုံးနေသည့် အကြွေးအဖြစ်ဖြင့် သီးသန့် စီစဉ်ခဲ့သည်။ 

AidData ၏ အမှုဆောင် ဒါရိုက်တာ Bradley C. Parks က ပြောကြားသည်မှာ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့တို့သည် ဤပြဿနာကို သတိမူမိပြီးသား ဖြစ်သည်။ အစီရင်ခံစာအသစ်အနေဖြင့် ပမာဏ အရွယ်အစားကို သိသာထင်ရှားစေခြင်းသာ ဖြစ်သည်။ 

အစီရင်ခံစာတွင် စိတ်ဝင်စားစရာ ဖော်ထုတ်ချက်များမှာ ပါကစ္စတန်နိုင်ငံတွင် ခါးပတ်လမ်းခေါင်းစဉ်အောက်မှ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံChina-Pakistan Economic Corridor (CPEC) အတွက် တရုတ်၏ ဖွံ့ဖြိုးရေး ငွေကြေးကူညီမှုဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံအကြောင်း ဖြစ်သည်။ 
အစီရင်ခံစာအရ ၂၀၀၀ နှင့် ၂၀၀၇ ကြားတွင် တရုတ်သည် ပါကစ္စတန်တွင် ဖွံ့ဖြိုးရေးအတွက် စုစုပေါင်း ကန်ဒေါ်လာ ၃၄.၃ ဘီလျံဖိုး ကတိကဝတ်ပြုခဲ့ရာ အနည်းဆုံး ကန်ဒေါ်လာ ၂၇.၈ ဘီလျံသည် စီးပွားရေးဘဏ်ချေးငွေ ဆန်သော တရားဝင်ချေးငွေများ ဖြစ်နေပြီး အလျှော့ပေးချက်များ မဆိုစလာက်သာ ပေးထားသည်။ 

ပါကစ္စတန်သို့ တရုတ်ချေးငွေများသည် Organization for Economic Cooperation and Development's Development Assistance Committee (OECD-DAC)  မှ ပေးအပ်သော ချေးငွေများနှင့် နှိုင်းယှဉ်ပါက ဈေးကြီးနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပါကစ္စတန်သို့ ချေးငွေ ထုတ်ပေးသော ငွေကြေးအဖွဲ့အစည်းများမှ ချေးငွေများထက်လည်း ဈေးကြီးနေသည်။ အတိုးနှုန်းမှာ ၃.၇၆% ရှိသည်။ ကြွေးဆပ်ကာလမှာ ၁၃.၂ နှစ် ဖြစ်သည်။ အတိုးသက်ညှာကာလမှ ၄.၃ နှစ်ဖြစ်သည်။ 
OECD-DAC ငွေထုတ်ချေးသူ ဂျာမန်၊ ပြင်သစ်၊ ဂျပန်တို့သည် အတိုး ၁.၁% ဖြစ်ပြီး  ကြွေးဆပ်ကာလမှာ ၂၈ နှစ်ဖြစ်သည်။ 
 
ထိုသို့ ကုန်ကျစရိတ် ကြီးမားသော်လည်း ပါကစ္စတန်နိုင်ငံကဲ့သို့သော အလယ်အလတ် ဝင်ငွေရှိ နိုင်ငံများသည် နိုင်ငံတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများသို့ တရုတ်ပေးသည့် ချေးငွေများကို မကန့်ကွက်ကြချေ။ အကြောင်းမှာ အစိုးရ၏ အကြွေးစာရင်းတွင် စာရင်းမပေါ်သောကြောင့် ဖြစ်သည်။ 

SPV နှင့် ဖက်စပ်လုပ်ငန်းများမှတစ်ဆင့် ချေးငွေရယူခြင်းသည် အလယ်အလတ်နှင့် နိမ့်ကျသည့် ဝင်ငွေရှိသော နိုင်ငံအစိုးရများ အနေဖြင့် ကြီးမားသော အများသုံး အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်ရန် လိုအပ်သည့် ငွေကြေးကို ရရှိစေသည်။ 

AidData ၏ အစီရင်ခံစာသည် ၂၀၁၇ ခုနှစ်အတွက် ရရှိသော ဒေတာများအပေါ် အခြေပြုထားသော်လည်း တရုတ်နိုင်ငံ အစိုးရ အဖွဲ့အစည်များ၏ ချေးငွေဈေးနှုန်းများ ကြီးကြီးမားမား ပြောင်းလဲခြင်း မရှိချေ။ တရုတ်အစိုးရပိုင် ဘဏ်များသည် အမြတ်ရရေးကို အမြဲတစေ ဦးစားပေးသည်။ ဝင်ငွေ ရနိုင်မည့် စီမံကိန်းများကို ဦးစားပေးသည်။ အစိုးကိုယ်စား အကျိုးအမြတ် အများဆုံး ရအောင် ရိတ်သိမ်းသည်ဟု  Parks က ပြောကြားသည်။ 

ယခုလို အစီရင်ခံစာ ထွက်ပေါ်သော်လည်း ပါကစ္စတန်တွင် တရုတ်ဖွံ့ဖြိုးရေး ငွေကြေးကူညီသည့် အဆင်အကွက် ပြောင်းလဲဖွယ် မရှိချေ။ 

Source: asia.nikkei.com

Banking & Loan Read 860 times