ဗြိတိသျှအခြေစိုက် စီးကရက်ကုမ္ပဏီ မြန်မာနိုင်ငံမှ ဒုတိယအကြိမ် ထွက်ခွာ


12 October, 2021

ပြည်တွင်း၌ နာမည်ကြီး အမှတ်တံဆိပ်ဖြစ်သော London နှင့် Lucky Strike စီးကရက်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နေသည့် ဗြိတိသျှအခြေစိုက် British American Tobacco Myanmar ကုမ္ပဏီက လုပ်ငန်းများ အားလုံးကို အောက်တိုဘာ ၆ ရက်မှစ၍ ရပ်ဆိုင်းကြောင်း ကုန်သည်များနှင့် စီးပွားရေးမိတ်ဖက်များထံ အကြောင်းကြားခဲ့သည်။

မည်သည့်အတွက် မြန်မာပြည်မှ ထွက်ခွာရသည်ကို မဖော်ပြသော်လည်း ကုမ္ပဏီ၏ အကြောင်းကြားစာတွင် ကုန်ထုတ်လုပ် မှု၊ အရောင်းနှင့် ဖြန့်ချိရေးလုပ်ငန်းများ အားလုံးရပ်စဲလိုက်ပြီဖြစ်၍ BAT Myanmar၏ နိုင်ငံတကာအဆင့်မီစီးကရက်အမှတ် တံဆိပ်များကို အစဉ်တစိုက် ယုံကြည်အားပေးခဲ့မှု အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ BAT Myanmar နှင့် လက်တွဲဆောင် ရွက်နေသော စီးပွားဖက်များကိုလည်း ကုမ္ပဏီမှပေးရန် ကျန်ရှိသည့် ငွေလက်ကျန်များအား စာရင်းပေးချေမည် ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ငွေတောင်းခံလွှာများကို အောက်တိုဘာ ၂၀ ရက် နောက်ဆုံးထားပို့ရန်နှင့် ယင်းရက်စွဲ နောက်ပိုင်းပေးပို့လာ သော ငွေတောင်းခံလွှာများနှင့် စာရင်းရှင်းလင်းပေးချေရန် လိုအပ်မှုများအတွက် BAT Myanmar မှ တာဝန်ယူမည် မဟုတ်ကြောင်းလည်း အသိပေးထားသည်။

စီးပွားရေးလုပ်ငန်းရှင်တဦးက “BAT က E-စီးကရက် လမ်းကြောင်းကို သွားနေပြီ။ ထွက်တော့မယ်ဆိုတော့ နှမြောစရာပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ လုပ်ငန်းကြီးတွေ တခုပြီးတခု ဆုတ်ခွာကြတယ်။ မြန်မာ့စီးပွားရေးက အောက်ခြေလူတန်းစား တင် မဟုတ်ဘူး။ အလယ်အလတ်တွေမှာပါ အရမ်းထိနေပြီ” ဟု ဆိုသည်။

ထို့အပြင် BAT ကုမ္ပဏီ၏ ကူညီထောက်ပံ့မှုဖြင့် ကယန်းဒေသ ငရုတ်ကုန်စည်ဖွံ့ဖြိုးရေးနှင့် ရေရှည် တည်တံ့သည့် စိုက်ပျိုး ရေးစနစ် ထူထောင်လည်ပတ်ရေးလုပ်ကိုင်နေသည့် အစီအစဉ်မှာလည်း ရပ်ဆိုင်းသွားတော့မည်ဖြစ်ကြောင်း အဆိုပါ စီးပွား ရေးလုပ်ငန်းရှင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ပြည်တွင်း စီးပွားရေးအသိုင်းအဝန်းကြားတွင်လည်း BAT Myanmar ကဲ့သို့ ပြည်တွင်း၌ ၁၀နှစ်ကြာ ရပ်တည်ခဲ့သည့် ကုမ္ပဏီတခု ထွက်ခွာသွားခြင်းက နှမြောစရာကောင်းသလို၊ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ လမ်းကြောင်း မှာ နိုင်ငံတကာကုမ္ပဏီများ ပြည်တွင်း၌ တောင့်ခံနိုင်ရန် ခက်ခဲ့ပြီး အနည်းနှင့်အများဆိုသလို ဆုတ်ခွာသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာကုမ္ပဏီတခု ပြည်တွင်းမှ ထွက်ခွာသည်မှာ လွယ်ကူသော်လည်း ပြန်လည်ဝင်ရောက်ရန်မှာ ခက်ခဲကြောင်း ဝေဖန်ပြောဆိုမှုများရှိနေသည်။


“ဒီလို ကုမ္ပဏီကြီးတခုက စီးကရက်ခွန် တိုးကောက်တာလောက်နဲ့တော့ ထွက်သွားတာ သိပ်မဖြစ်နိုင်ဘူး။ အခြေအနေ အရပ်ရပ်ပေါ့။ တခြား နိုင်ငံခြားကုမ္ပဏီတွေ သုံးသပ်သလိုပဲ။ အခု ၈ လလောက် စောင့်ကြည့်တဲ့အခါမှာ တချို့လည်း အဲ ဒီလောက် မကြာဘူးပေါ့။ ပတ်ဝန်းကျင် အခြေအနေက ဆက်ပြီးတော့ သူတို့ ကုမ္ပဏီရဲ့ စည်းကမ်းတွေ ကျင့်ဝတ်တွေနဲ့ လိုက်လျောညီထွေမှု မဖြစ်နိုင်တော့ဘူး။ ဒါတွေ သူတို့သုံးသပ်လို့ ဖြစ်နိုင်တယ်။ စီးပွားရေးအရ တွက်ချေကိုက်တာ၊ မကိုက် တာ တပိုင်းပေါ့နော်။ ဒါက စီးပွားရေး လုပ်ငန်းတွေက ရင်ဆိုင်နိုင်တဲ့ကိစ္စ ဖြစ်တယ်” ဟု ပြည်တွင်းစီးပွားရေးပညာရှင် တဦး က သုံးသပ်ပြောဆိုသည်။

နိုင်ငံ၏ စီးပွားရေး ဆိုသည်မှာ လမ်းကြောင်းမှန်ပေါ် သွားနေမှသာ တိုးတက်မှု ရှိမည်ဖြစ်ပြီး လမ်းကြောင်းမှန် ဟူသည် မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လွတ်လပ်ခွင့်၊ လုပ်ထုံးလုပ်နည်းများ၊ လူ့အခွင့်အရေးများအပေါ် များစွာ မူတည်နေသောကြောင့် ယင်းအချက်များ လွဲချော်နေပါက နိုင်ငံ့စီးပွားရေး တိုးတက်ရန် လမ်းစပျောက်ဆုံးလာခြင်း ဖြစ် သည်ဟုလည်း သူက ဆက်ပြောသည်။

“တကယ်လို့ ကုန်သွယ်ရေးတွေ တက်လာတယ် ဆိုရင်တောင် ဒီတက်တာက နည်းမှန်လမ်းမှန် ဟုတ်၊ မဟုတ်ဆိုတဲ့ ပြဿနာရှိတယ်။ ဥပမာ စီးပွားတော့ဖြစ်ပါရဲ့ မှောင်ခိုစီးပွားရေးက အရမ်းကြီးထွားနေတယ်၊ အခွန်တွေကောက်လို့ မရဘူး။ တရားဝင်ဥပဒေ ဆိုတဲ့နေရာမှာ တရားဝင် စည်းကမ်းနဲ့အညီ လုပ်နိုင်တာမျိုး မဟုတ်ရင် တိုးတက်ဖို့ လမ်းကြောင်း မဟုတ် ဘူး။ အခုက အဲဒီ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်” ဟု ၎င်းကရှင်းပြသည်။

BAT Myanmar ကုမ္ပဏီသည် ၁၉၉၉ခုနှစ်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ဖြင့် ပူးပေါင်းကာ စီးကရက်ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်သဖြင့် လူအခွင့်အရေးတက်ကြလှုပ်ရှားသူများနှင့် ဗြိတိန်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၀၃ ခုနှစ်တွင် မြန်မာမှ တကြိမ်ထွက်ခွာခဲ့ပြီးဖြစ်သည်။

ထို့နောက် ၂၀၁၃ ခုနှစ် ဇူလိုင်မှ စကာ ပြန်လည်ဝင်ရောက်ပြီး စီးကရက်လုပ်ငန်းကို လုပ်ကိုင်နေရာ စစ်တပ်အာဏာ သိမ်းပြီးနောက် ယခုအခါ ဒုတိယအကြိမ် ပြန်လည်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အမေရိကန်၊ ဂျာမနီ၊ ဟောင် ကောင်၊ နော်ဝေ၊ ပြင်သစ် နိုင်ငံများနှင့် ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီများ ဖြစ်သော Woodside၊ KOI Bubble Tea Shop၊ Auntie Anne’s၊ Bridgestone၊ Metro နှင့် Petronas တို့ ရပ်ဆိုင်း ပိတ်သိမ်းခဲ့ပြီး AEON၊ Amata Corporation၊ Electricite de France၊ Hong Kong and Shanghai Hotels၊ Sembcorp နှင့် Toyota ကားကုမ္ပဏီ တို့လည်း ရပ်နားထားကြောင်း ISP-Myanmar က ထုတ်ပြန်ထားသည်။

ထို့ပြင် နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီနှင့် ဩစတေးလျနိုင်ငံ အခြေစိုက် Myanmar Metals တို့က အစုရှယ် ယာများကို ရောင်းချထားပြီး ဂျပန်နိုင်ငံ Kirin Holdings ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Virginia Tobacco Company Limited (VTCL)ကုမ္ပဏီတို့က မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် လက်တွဲဖြုတ်ထားကြောင်း သိရသည်။

burma.irrawaddy.com

 

Local News Read 11128 times