ရက် ၉၀ ဆန်တစ်အိတ်ကို ကျပ် ၁၉,၅၀၀ ဖြင့် အခြေခံဈေးပေးဝယ်ယူမည်


02 April, 2019

တရုတ် နှင့် ဥရောပသမဂ္ဂ (EU) ကို တင်ပို့မှု လျော့ကျသွားတဲ့အတွက်  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှရက် ၉၀ ဆန် တစ်အိတ်ကို ကျပ် ၁၉,၅၀၀ ဖြင့် ဧပြီလ ၈ ရက်နေ့မှ စတင်ကာ အခြေခံဈေးပေးဝယ်ယူမှာဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားပါတယ်။

တရုတ်နိုင်ငံဘက်မှာ လုံခြုံရေးတင်းကျပ်ကာ အဖမ်းအဆီးများပြုလုပ်နေခြင်း၊ EU က မြန်မာနိုင်ငံမှ ဆန်တင်သွင်းမှုကို အခွန်ကောက်ခံလိုက်ခြင်းတို့ကြောင့် ပြည်ပဆန်တင်ပို့မှုလျော့ကျကာ ဈေးနှိမ်ဝယ်ယူခြင်းများ မဖြစ်ပေါ်စေဖို့အတွက် ဝယ်ယူရန် စီစဉ်ခြင်းဖြစ်တယ်လို့ ယင်းအသင်းထံမှသိရပါတယ်။

“လက်ရှိကုန်စည်ဒိုင်တွေမှာ ရက် ၉ဝ ဆန် ဝယ်တဲ့သူတွေနည်းသလို တင်ပို့မှုလည်းနည်းသွားတယ်။ ပြည်တွင်းကလည်း လိုသလောက်ပဲဝယ်တာ ဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ ဆန်ဈေးက ကျသင့်တာထက် ပိုပြီးကျနေတယ်”လို့ ဦးအောင်သန်းဦးက ပြောပါတယ်။

အသင်းကော်မတီအဖွဲ့ဝင် ဒေါ်လှမြင့်က “ လယ်သမားတွေက ရက် ၉၀ က ဈေးကွက်ဝင်တယ်ဆိုလို့ စိုက်ထားကြတာ။ ၁၉,၀၀၀ အောက်ကျသွားတာတို့ ၁၈,၅၀၀ ဖြစ်သွားတာတို့ဆိုရင် ဒါကို ဝိုင်းဝန်းထိန်းသိမ်းတဲ့အနေနဲ့ ဆန်စပါးလုပ်ငန်းထဲက ငွေတတ်နိုင်တဲ့သူတွေက ဒီဈေးကွက်ကိုဝင်ထိန်းပေးတာ” လို့ ပြောကြားပါတယ်။

ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် အောက်တိုဘာလက ရက် ၉၀ ဆန်တစ်အိတ်ကို ကျပ် ၃၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပေမယ့်လည်း လက်ရှိမှာတော့ တစ်အိတ်ကို ကျပ် ၁၉,၀၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိနေပါတယ်။

The Voice

Local News Read 1022 times