မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ အောက်တိုဘာ ၁၄ ရက် ပြန်ဖွင့်


13 October, 2021

ကိုဗစ်ရောဂါ ကူးစက်မှု လျော့ကျလာသည့်အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးစခန်းများကို  အောက်တိုဘာလ ၁၄ ရက်မှ စတင်ကာ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြည်နယ်စီမံခန့်ခွဲရေး ကောင်စီဝင်များက ပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းကို ပြန်လည်ဖွင့်လှစ်ရန် ပြည်ထောင်စုအဆင့်က ခွင့်ပြုချက်အကြောင်းကြားစာကို ရရှိသည့်အတွက် အောက်တိုဘာလ ၁၃ ရက်တွင် ပြည်နယ်ကောင်စီရုံး၌ စီးပွားရေးသမားများနှင့် တွေ့ဆုံပြီး ထိုသို့ ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက “ပြည်ထောင်စုက ခွင့်ပြုချက် အကြောင်းကြားစာကို မနေ့က ရက်စွဲနဲ့ ဒီနေ့ ကျနော်တို့ လက်ခံရရှိတယ်။ အဲဒီအတွက် ကျနော်တို့က ဒီနေ့ စီးပွားရေး လုပ်ငန်းရှင်ကုန်သည်တွေနဲ့ အစည်းအဝေးတရပ် လုပ်ပြီး တော့ ကုန်ပစ္စည်းတွေ အဆင်သင့်ရှိတဲ့ လူတွေအနေနဲ့ တဖက်နိုင်ငံဘက်ကလည်း အဆင်သင့် လက်ခံမယ်ဆိုတဲ့ အနေ အထားရှိရင် မနက်ဖြန်( အောက်တိုဘာလ ၁၄ ရက်)က စပြီး ကုန်သွယ်လို့ ရပြီဆိုတာ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ နယ်စပ်ကုန်သွယ်ရေး စခန်းများကို ပြန်လည်ဖွင့်လှစ်ရာတွင် ယခင်ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များ အတိုင်း စက်လှေသမားများအနေဖြင့် တဖက်နိုင်ငံသို့ ရောက်ရှိနေသည့်အခါတွင် ကုန်းပေါ်သို့ တက်ခွင့် မပြုကြောင်း၊ ပြန် လည်ဝင်ရောက်လာလျှင်လည်း စက်လှေပေါ်တွင်သာ သတ်မှတ်ရက်ကာလအထိ နေရမည် ဖြစ်သလို ကိုဗစ်ပိုးကူးစက်ခံ ရမှု ရှိမရှိ ဆိုသည်ကိုလည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ စစ်တွေမြိုနယ်အတွင်း ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောမြို့နယ်အတွင်းက ကညင်ချောင်း နယ် စပ်ကုန်သွယ်ရေး စခန်းတို့ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်ကူးစက်မှုအခြေအနေနှင့် ရှေ့အလားအလာသုံးသပ် ချက်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏ သဘောထား စသည့် အချက်အလက်များကို ပြည်နယ်စီမံခန့်ခွဲမှု ကောင်စီ အနေဖြင့် ပြီးခဲ့သော စက်တင်ဘာလ ဒုတိယအပတ်က ပြည်ထောင်စုအဆင့် စစ်ကောင်စီဝင်များထံ တင်ပြခဲ့ခြင်း ဖြစ် သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင်ပြည်နယ်ကုန်သည်ကြီးများအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က “ဒီနေ့ အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်ဖွင့်မယ်။ ပြန်ဖွင့်ဖို့ စာလည်း ထွက်ပြီဆိုတော့ မနက်ဖြန် စက်လှေတွေ စထွက်လို့ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် အချက်အခြာကျသော စစ်တွေမြို့၊ ဘူးသီးတောင်မြို့၊ မောင်တောမြို့ စသည့် မြို့ပေါ်တို့တွင် လူသွားလာမှုများသည့် နေရာများ၌ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်ပိုး ကူးစက်မှု အခြေ အနေများကို စစ်ဆေးခဲ့ရာတွင် ပိုးတွေ့သူ မရှိသလောက်နည်းပါးမှုကို တွေ့ရကြောင်းလည်း ပြည်နယ်စီမံခန့်ခွဲမှု ကောင်စီ ဝင်များက ပြောသည်။

ဘူးသီးတောင်မြို့ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက “ကုန်သွယ်ရေးစခန်းတွေကို ပြန်ဖွင့်မယ်ဆိုရင် ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းကို စက်လှေသမားတွေ၊ ကားသမားတွေ၊ စီးပွားရေး သမားတွေက သေချာလိုက်နာမှု ရှိမရှိဆိုတာကို ကောင်စီအနေနဲ့ တာဝန် ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ စောင့်ကြပ်ပြီး သေချာစိစစ်ဖို့ လိုတယ်။ အဲဒီလို မဟုတ်ဘဲ စည်းကမ်းက လေပေါ်မှာသာရှိပြီး ဝင်ငွေရရင် ပြီးရောဆိုရင်တော့ ကိုဗစ်ပိုး သွားရှာသလိုမျိုး ဖြစ်သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပြင် စီးပွားရေးသမားများက ဒေသအာဏာပိုင်များကို လာဘ်ထိုးပြီး မှောင်ခိုလမ်းကြောင်းဖြင့် ကုန်သွယ်မှု လုပ်ဆောင် နေသည့် အခြေအနေများကိုလည်း ကောင်စီဝင်များအနေဖြင့် တိတိကျကျ ကိုင်တွယ်သင့်ကြောင်းလည်း ၎င်းက ထောက် ပြ ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်လမ်း၊ ရေလမ်း နယ်စပ်ချင်း ထိစပ်နေသော ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းက မောင်တော မြို့နယ်တွင်လည်း လက်ရှိအခြေအနေ၌ ကိုဗစ်ကူးစက်မှု မရှိသလောက် နည်းပါးလျက်ရှိပြီး မောင်တောကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြောသည်။

ကိုဗစ်တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ပိုးကူးစက်ခံရသူ ၄၉၀၀ ကျော်၊ သေဆုံးသူ ၄၇၈ ဦး၊ လက်ရှိ ဆေးရုံ တက်ကုသမှု ခံယူနေရသူ ၆၈ ဦး ရှိကြောင်း ပြည်နယ်စီမံခန့်ခွဲမှုကောင်စီ၏ အောက်တိုဘာလ ၈ ရက် ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

NLD အစိုးရ လက်ထက် ကိုဗစ်ဒုတိယလှိုင်းတွင် ပိုးကူးစက်မှုမြင့်မားခဲ့သည့်အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်ကို ပိတ်ထားခဲ့ ရာ စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဧပြီလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကိုဗစ်တိယလှိုင်းတွင် ပိုးကူးစက်မှု အဆမတန်များပြားခဲ့သဖြင့် ပြည်နယ်စီမံခန့်ခွဲမှု ကောင်စီသည် ဇူလိုင်လ ၁၅ ရက်မှ စတင်ကာ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းကို ယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ရသည်။

စစ်ကောင်စီလက်ထက် ထိုသို့ နယ်စပ်ကုန်သွယ်မှုကို ဖွင့်လှစ်ခဲ့ရာတွင် ဧပြီလနှင့် မေလ ၂ လတာကာလအတွင်း နှစ်နိုင်ငံ ကြား နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃၈၃၀၅၇ ဒသမ ၇၉ အထိ ကုန်စည် ကူးသန်း ရောင်းဝယ်နိုင်ခဲ့ ကြောင်း ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီက သိရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန်အနေဖြင့် ကုလားပဲ၊ ကွမ်းသီး၊ ကြက်သွန်နီ၊ သရက်သီး၊ ငါးနီတူခြောက်၊ ငါးမြစ်ချင်း၊ ကော်ဖီမစ်၊ အုန်းသီး၊ ဒညင်းသီး ၊ ဇီးယိုထုပ်၊ ထွန်းရွှေဝါ၊ နနွင်းတက်၊ ကြိမ် စသည့် ကုန်ပစ္စည်းတို့ ဖြစ်သည်။

ထို နယ်စပ်စခန်းများမှ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၄၃၄၄၁၂၄ ဒသမ ၁၉ ဖိုး တင်ပို့နိုင်ပြီး၊ သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၃၈၉၃၃ ဒသမ ၆၀ ဖိုး တင်သွင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

 

burma.irrawaddy.com

Export, Import Read 1215 times