ထိုင်းနိုင်ငံမှ အာရှသကြားဘုရင် Mitr Phol ဘိုင်အိုပလတ်စတစ် ထုတ်လုပ်မှု စတင်မည်


26 February, 2022

 ထိုင်းနိုင်ငံမှ အာရှသကြားဘုရင် Mitr Phol ဘိုင်အိုပလတ်စတစ် ထုတ်လုပ်မှု စတင်မည်

ထိုင်းနိုင်ငံမှ Mitr Phol Group လုပ်ငန်းစုက Marubeni နင့် စီးပွားဖက်ပြုပြီး လုပ်ငန်းကြီးထွားအောင် လုပ်ဆောင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံသည် ဘိုင်အိုပလတ်စတစ် ဖန်တီးရာ၌ အသုံးပြုနိုင်သည့် ကြံ အမြောက်အများထုတ်လုပ်သည့် နိုင်ငံဖြစ်နေခြင်းကို အကျိုးရှိရှိ အသုံးချမည် ဖြစ်သည်။
စားသုံးသူများအကြား ကျန်းမာရေး အသိတရား တိုးလာသည့်အလျောက် သကြား စားသုံးမှု လျော့ကျလာနေသည်။ သို့ဖြစ်ရာ သကြား‌လုပ်ငန်းကဏ္ဍ ယုတ်လျော့မည့် အလားအလာ ရှိနေသည်။
 

 အာရှသကြားလုပ်ငန်းကဏ္ဍတွင် ဦးဆောင်နေရာတွင် ရှိနေသည့် Mitr Phol Group က သကြား၊  ပီလောပီနံနှင့် အခြားအလားတူ သီးနှံများကို အပင်ငယ်အခြေပြု ပလတ်စတစ် ထုတ်လုပ်မှုဆီသို့ ဦးလှည့်မည် ဖြစ်သည်။

ထိုင်းအခြေစိုက် Mitr Phol Group က ဂျပန် ကုန်သွယ်မှုလုပ်ငန်း Marubeni နှင့် အတူလက်တွဲပြီး ပလတ်စတစ် ထုတ်လုပ်ရန် နားလည်မှုစာချွန်လွှာကို ယခင်လ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ 
၎င်းတို့က ၂၀၂၂ ခုနှစ်အတွင်း ရေနံနှင့် ပီလောပီနံကဲ့သို့သော သီးနှံမှာပါသည့် ကစီဖြင့် ပလတ်စတစ်တစ်မျိုးကို ထုတ်လုပ်ကြမည်။
အပင်ငယ်ကိုသာ အပြည့်အဝ အခြေပြုပြီး ပလတ်စတစ် ထုတ်လုပ်လျှင် ရေနံအခြေပြု ထုတ်လုပ်သည့် သမားရိုးကျ ပလတ်စတစ်ထက် ကုန်ကျစရိတ်များ အဆများစွာ ပိုမိုကုန်ကျသည်။
သို့သော် Mitr Phol သည် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးစေရင်း အပင်အခြေပြု ပလတ်စတစ်ကို ကုန်ကျစရိတ် မများစေဘဲ ထုတ်လုပ်မည် ဖြစ်သည်။
ရရှိလာသည့် ပလတ်စတစ် အမျိုးအမည်သစ်သည် လက်ဆွဲ ပလတ်စတစ်အိတ်များနှင့် အခြားပစ္စည်းများ ထုတ်လုပ်နိုင်မည်။

Mitr Phol က သကြားနှင့်ကစီတို့ဖြင့် ဆွေးမြေ့လွယ်သော ပလတ်စတစ်တစ်မျိုးကို ထုတ်လုပ်မည်ဖြစ်သည်။ တစ်ခါသုံးအဖြစ် သုံးစွဲပြီး စွန့်ပစ်သည့်အခါ အချိန်တိုတိုအတွင်း ဆွေးမြေ့ပျက်စီးသွားမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်တွင် အမှိုက်သရိုက်အဖြစ် ကြာရှည်တည်တံ့နေမည် မဟုတ်ချေ။

နှစ်စဉ်ရောင်းအား အမေရိကန်ဒေါ်လာ ၈.၆၈ သန်း ရရှိရန် လျာထားသည်။

 Mitr Phol Group ၏ အချက်အချာ ဖြစ်သည့် Mitr Phol Sugar လုပ်ငန်းသည် ၂၀၂၀ တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၇၃ ဘီလျံ ရရှိခဲ့သည်။ 

လုပ်ငန်းစုသည် သကြားအပေါ် အားပြုထားသည်။ ရောင်းအားစုစုပေါင်း၏ ၇၀% သည် သကြားထံမှ ရရှိခြင်း ဖြစ်သည်။
အခြားထုတ်ကုန်များထံမှ ၃၀% အစား ၄၀% အထိ ရရှိရန် ချဲ့ထွင်လုပ်ကိုင်မည် ဖြစ်သည်။

ကမ္ဘာတစ်လွှား ကျန်းမာရေး အသိတရားကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သကြားစားသုံးမှု လျော့ကျနေသည်။
အာရှ၌ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများတွင် သကြားစားသုံးမှု လျော့ကျစေရန် အခွန်အသစ်များ ပြဌာန်းထားသည်။ 
ကမ္ဘာတစ်လွှား သကြားသုံးစွဲမှု လျော့ကျလာသဖြင့် Mitr Phol က  အရွေ့အပြောင်း ပြုခြင်း ဖြစ်သည်။

Mitr Phol က ဘိုင်အို ပလတ်စတစ်သည် အနာဂတ်အတွက် လုပ်ငန်းစု၏ အခရာဟု ရှုမြင်ထားသည်။
၂၀၁၉ တွင် ပြင်သစ်မှ TotalEnergies နှင့် ဒတ်ခ်ျစားသောက်ကုန်လုပ်ငန်း Corbion တို့၏ ဘိုင်အိုပလတ်စတစ် စက်ရုံများသို့ Mitr Phol က သကြားပေးသွင်းခဲ့သည်။ 
ကုမ္ပဏီတွင်း စတင်ထုတ်လုပ်ရန် တတ်ပွန်မှုများ ဖွံ့ဖြိုး‌ခဲ့သည်။


ကမ္ဘာတစ်လွှား သုံးစွဲနေကြသည့် ပလတ်စတစ်များတွင် ဘိုင်အိုပလတ်စတစ်သည် ၁% မျှသာ ပါဝင်သည်။ 
ဘိုင်အိုပလတ်စတစ် ကမ္ဘာတစ်လွှား ထုတ်လုပ်မှုသည် ၂၀၂၆ တွင် ၂၀၂၁ ထက် ၃ ဆကျော် ဖြစ်လာမည်ဖြစ်ပြီး တန်ချိန် ၇.၅၉ သန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။

၂၀၂၁ တွင် ဘိုင်အိုပလတ်စတစ် ကမ္ဘာ့ထုတ်လုပ်မှု၏ ထက်ဝက်ကို အာရှမှ ထုတ်လုပ်ပေးခဲ့သည်။ 

Investment/Divestment Global News Agriculture & Livestock Read 2847 times