ရှယ်ယာ၊ ယူရို၊ ရွှေ၊ ရေနံ ဈေးနှုန်းများ ဆက်လက်ကျဆင်း


12 July, 2022

ရှယ်ယာ၊ ယူရို၊ ရွှေ၊ ရေနံ ဈေးနှုန်းများ ဆက်လက်ကျဆင်း

အာရှ ရှယ်ယာဈေးနှုန်းများ အင်္ဂါနေ့(ဇူလိုင် ၁၂) တွင် ဆက်လက်ကျဆင်းခဲ့ပါသည်။ ဗဟိုဘဏ်များ၏ ငွေကြေးမူဝါဒများက အတိုးနှုန်း မြှင့်တင်ခြင်းနှင့် တင်းကျပ်ခြင်း၊ တရုတ်ပြည်တွင် ကိုဗစ်ကူးစက်မှု ပြန်လည်ဖြစ်ပွားခြင်း၊ ဥရောပတွင် စွမ်းအင် မလုံလောက်ခြင်း၊ ကန်ဒေါ်လာက မာနေပြီး ယူရိုက ပျော့ဆင်းလာရာ ဈေးတူနီးပါး ဖြစ်နေခြင်း စသည့်အကြောင်းကြောင်းများကြောင့် ရှယ်ယာဈေးနှုန်းများ စိုက်ဆင်းနေသည်။

ဥရောပတွင် သဘာဝဓာတ်ငွေ့ မလုံလောက်ခြင်းကြောင့် စီးပွားဆုတ်ယုတ်မည့်အရေး ရှိနေပြီး ယူရို ကျဆင်းသည်။ 
ယူရို ကန်ဒေါ်လာ လဲနှုန်းတွင် ၁ ယူရို = ၁.၀၀၀၆ ကန်ဒေါ်လာအထိ ယူရို ကျဆင်းသည်။ ၂၀၀၂ ဒီဇင်ဘာနောက်ပိုင်း အတူတူဖြစ်သည်ကို ပထမဆုံးအကြိမ် ကြုံရသည်။ 

ယူရို၊ ဂျပန်ယန်း၊ ဗြိတိသျှပေါင်၊ ကနေဒါဒေါ်လာ၊ ဆွီဒင်ကရိုနာနှင့် ဆွစ်ဇာလန် ဖရန့် ငွေကြေး ၆ မျိုးနှင့် နှိုင်းဆသော ကန်ဒေါ်လာအညွှန်းကိန်း U.S. Dollar Index သည် 108.47 သို့ မြင့်တက်သည်အထိ ကန်ဒေါ်လာ မာနေသည်။ ၂၀၀၂ အောက်တိုဘာလနောက်ပိုင်း အမာဆုံး ဖြစ်သည်။

တရုတ်ပြည် ရှန်ဟိုင်းမြို့ အပါအဝင် မြို့ကြီးများတွင် Covid-19 ‌ေလာ့ဒေါင်း ပြန်စလာခြင်းကို ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မကင်း ဖြစ်နေကြသည်။ ကူးစက်အလွန်မြန်ဆန်သော အိုမီခရွန်ဗီဇပြောင်း ပိုးသစ်များ ကူးစက်မှု ဖြစ်ပွားနေသည်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

ဂျာမနီသို့ ဝင်ရောက်သည့် ရုရှားသဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရန် အနည်းဆုံး ၁၀ ရက် လုံးဝပိတ်ထားမည်ဖြစ်ရာ စွမ်းအင် ပြတ်လပ်မှု ဖြစ်ပွားဖွယ် ရှိနေသည်။ ဥရောပသို့ ရုရှားဓာတ်ငွေ့ မဝင်သဖြင့် စီးပွားဆုတ်ယုတ်ဖွယ် ရှိနေသည်။

 ရုရှားရေနံ ပိတ်ဆို့အရေးယူခြင်းကြောင့် ဈေးကွက်ထဲ ရေနံအဝင်နည်းသည်မှာ မှန်သော်လည်း တရုတ်နှင့် အိန္ဒိယ နိုင်ငံများသို့ ရုရှားရေနံများ ဈေးပေါပေါဖြင့် စီးဝင်နေဆဲဖြစ်ခြင်း၊ စီးပွားရေး ကျဆင်းမည့်အရေး ပေါ်ပေါက်နေခြင်း၊ တရုတ်ပြည် လော့ဒေါင်းပြန်စပြန်ခြင်း စသည့် အကြောင်းများကြောင့် ရေနံစိမ်း ဈေးကျသည်။ ကန်ရေနံစိမ်း ၁.၁၄% ကျရာ တစ်စည် $102.9 သို့ ရောက်ရှိသည်။ Brent ရေနံစိမ်းဈေးနှုန်း $106.04 သို့ ကျဆင်းသည်။ 

ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ $1,734.6434 သို့ ကျဆင်းပါသည်။
 #MyanmarIndustriesGuide 
Telegram Channel
https://t.me/Guid4U
Source : Bangkok Post 

Global News Read 16797 times