အီရန်ရေနံစိမ်းနှင့် အာရှဝယ်လက် ၄ နိုင်ငံ 


21 February, 2022

အီရန်ရေနံစိမ်းနှင့် အာရှဝယ်လက် ၄ နိုင်ငံ 

အမေရိကန်နှင် အီရန်တို့ နျူးကလီးယား သဘောတူညီချက်အတွက် တိုက်ရိုက်မဟုတ်သော ဆွေးနွေးမှုများမှာ ပြန်လည်စတင်ခဲ့ပြီး သဘောတူညီမှု ရနိုင်ဖွယ် ရှိတယ်လို့ သံတမန်အသိုင်းအဝိုင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ခက်ခဲသောကိစ္စရပ်များ မပြေလည်သေးဘူးလို့ ဆိုပါတယ်။ 

 အကယ်၍ အီရန်က ၂၀၁၅ နျူးကလီယား သဘောတူညီချက် အသက်ပြန်သွင်းရန် သဘောတူညီခဲ့လျှင် အီရန်ရေနံကို စီးပွားရေး ပိတ်ဆို့ထားသည်ကို ရုပ်သိမ်းမှာ ဖြစ်ပါတယ်။
အီရန်မှရေနံများ ဝယ်ယူသုံးစွဲခွင့် ပြန်လည် ရရှိကြမှာ ဖြစ်ပါတယ်။

ရုရှား- ယူကရိန်း တင်းမာမှုကြောင့် ရုရှားရေနံ ပြတ်တောက်ဖွယ် ရှိသဖြင့် ရေနံစိမ်း ဈေးမာနေစဉ်  ကမ္ဘာ့ဈေးကွက်ထဲ အီရန်ရေနံ စီးဝင်လာနိုင်ခြေ ရှိတဲ့အတွက် ရေနံစိမ်းဈေးနှုန်း ပျော့ပျောင်းလာခဲ့ပါတယ်။

အီရန်ရေနံ ပိတ်ပင်

၂၀၁၉ ခုနှစ်မှာ အမေရိကန်သမ္မတ ထရန့်က အီရန်နှင့် နျူးကလီးယားသဘောတူညီချက် ရုပ်သိမ်းခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့အရေးယူမှု ပြုခဲ့ရာ အီရန်မှ တင်ပို့သော ရေနံလည်း ပိတ်ဆို့အရေးယူတဲ့အထဲ ပါဝင်ခဲ့ပါတယ်။
အီရန်ရေနံ တင်သွင်းနေတဲ့ အာရှဝယ်လက်နိုင်ငံ အားလုံးနီးပါး အီရန်ရေနံတင်သွင်းခြင်း ရပ်ဆိုင်းလိုက်ကြရပါတယ်။


တောင်ကိုရီးယား

အီရန်ရေနံ တင်သွင်းမှု များပြားတဲ့ တောင်ကိုရီးယားက ယခုအခါ လမ်းပြန်ပွင့်ဖွယ် ရှိလာတာကြောင့် အီရန်ရေနံ ပြန်သွင်းဖို့ အောက်ခြေအဆင့်မှာ ဆွေးနွေးမှုများ စတင်နေပြီး သိမ်းဆည်းထားတဲ့ အီရန်ပိုင် ငွေများ ပြန်ထုတ်ပေးဖို့ကိုလည်း စီစဉ်နေပါတယ်။

အီရန်ရေနံကို အာရှမှ ရေနံချက်လုပ်ငန်းတွေ နှစ်သက်ကြတယ်။ အီရန်ရေနံစိမ်းက ချက်လုပ်သန့်စင်တာမှာ အခြားနိုင်ငံများမှ ရေနံစိမ်းများထက် ကုန်ကျစရိတ်သက်သာတဲ့ အားသာချက် ကြောင့် ဖြစ်ပါတယ်။ လုပ်ရကိုင်ရတာ ပိုလွယ်ကူပါတယ်။
ယခင်က သုံးဖူးထားပြီးသားဖြစ်လို့ စက်ရုံမှာ အဆင့်ဆင့် စစ်ဆေးနေဖို့ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။

ဂျပန်

ဂျပန်မှ ထိပ်တန်း ရေနံစိမ်း ချက်လုပ်သန့်စင်တဲ့ လုပ်ငန်းကြီး Eneos Holdings Inc က တကယ်လို့ ၂၀၁၅ နျူးကလီယားသဘောတူညီချက် ရရှိပြီး ပိတ်ဆို့အရေးယူမှု မရှိတော့ရင် အီရန်ရေနံ ပြန်လည်တင်သွင်းမယ်လို့ ဆိုပါတယ်။
 "ကျွန်ုပ်တို့ ပြင်ဆင်မှုများ မစတင်ရသေးသော်လည်း အီရန်ရေနံစိမ်း ပြန်လည်တင်သွင်းရန်  ဆုံးဖြတ်မည် ဖြစ်ပါသည်။ နျူးကလီယား သဘောတူညီချက် ရရှိလျှင် ဝယ်ယူတင်သွင်းသည့် ရေနံများထဲတွင် အီရန်ရေနံလည်း ပါဝင်မည် " လို့ Eneos ဥက္ကဋ္ဌ Tsutomu Sugimori က သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နျူးကလီယား သဘောတူည္ချက် ရရှိပြီးနောက် တင်သွင်းမှု ပြန်စဖို့ နှစ်လတန်သည် သုံးလတန်သည် ကြာမယ်လို့ ဆိုပါတယ်။ အာမခံ ထားခြင်း၊ သင်္ဘောငှားရမ်းခြင်း စသဖြင့် စီစဉ်စရာများ လုပ်ကိုင်ဖို့ လိုမှာဖြစ်ကြောင်း Sugimori က ပြောကြားပါတယ်။

အိန္ဒိယ
အီရန်ရေနံရဲ့ နံပါတ်(၁) ဝယ်လက်က တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးဝယ်လက်က အိန္ဒိယနိုင်ငံ ဖြစ်ပါတယ်။ ယခုအခါ ရေနံချက်လုပ်သန့်စင်ရေး လုပ်ငန်းများက အီရန်ရေနံ ဝယ်ယူဖို့ ဆွေးနွေးမှုများကို စတင်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ နျူးကလီယားသဘောတူညီချက် ပြန်လည်အသက်ဝင်တာ ရှင်းလင်းသေချာသည့်အထိ စောင့်ဖို့ လိုမယ်လို့ ဆိုပါတယ်။

တရုတ်

အီရန်ရေနံကို ပိတ်ဆို့အရေးယူထားသော်လည်း ကြားခံမှတစ်ဆင့် အီရန်ရေနံစိမ်း တင်ပို့ရောင်းချပါတယ်။ မူရင်းနိုင်ငံ ပြောင်းလဲပြီး ဈေးကွက်ထဲ စီးဝင်ပါတယ်။
တရုတ်နိုင်ငံကတော့ အီရန်ရေနံကို တိုက်ရိုက်ဝယ်ယူပါတယ်။ အီရန်ရေနံ အများဆုံးဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အီရန်ရေနံကို၂၀၂၂ အတွက် ပထမအသုတ် တင်သွင်းခဲ့ပါတယ်။

စည်ပေါင်း ၉ သိန်း

အီရန်ရေနံစိမ်း ဈေးကွက်ထဲ စီးဝင်လာရင် တစ်ရက်လျှင် စည်စုစုပေါင်း ၉ သိန်းအထိ ရရှိနေမှာ ဖြစ်ပါတယ်။

reuters.com

Global News Energy News Read 11543 times