ထိုင်းက ဗီယက်နမ်နှင့်အတူ ပူးပေါင်းပြီး ကမ္ဘာ့ဆန်ဈေး ထိန်းဖို့ ဖြစ်နိုင်မလား


08 June, 2022

ထိုင်းက ဗီယက်နမ်နှင့်အတူ ပူးပေါင်းပြီး ကမ္ဘာ့ဆန်ဈေး ထိန်းဖို့ ဖြစ်နိုင်မလား

 

ထိုင်းအစိုးရက ဗီယက်နမ်နှင့် ပူးပေါင်းပြီး ပြည်ပပို့ကုန် ဆန်ဈေးနှုန်းများ မြှင်တင်လိုကြောင်း ပြောကြားခဲ့ရာ ထိုင်းနိုင်ငံမှ ဆန်ပို့ကုန်လုပ်ငန်းရှင်များက မဖြစ်နိုင်ကြောင်း ပြောဆိုကြပါတယ်။

 

ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ

ဆန်ကုန်သွယ်မှု ထိန်းကျောင်းရန် ထိုင်းက ဗီယက်နမ်နှင့် ပူးပေါင်းလုပ်ကိုင်မည်

 

ကမ္ဘာ့ဆန်တင်ပို့မှုမှာ ထိုင်းနိုင်ငံက ဒုတိယအများဆုံးဖြစ်ပြီး ဗီယက်နမ်နိုင်ငံက တတိယအများဆုံး ဖြစ်တာကြောင့် ထိုင်းအစိုးရက ဗီယက်နမ်နှင့် ပူးပေါင်းပြီး ကမ္ဘာ့ဆန်ဈေးကွက်မှာ အသာစီးရယူကာ ဆန်ဈေးနှုန်းများကို ထိန်းကျောင်းဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဆန်ဈေးနှုန်းများ မြှင့်တင်လိုတဲ့ အကြောင်းရင်းခံက လယ်သမားများ စပါးစိုက်ပျိုးရာမှာ ဓာတ်မြေဩဇာ အပါအဝင် ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာနေတာကြောင့် လက်သမားများ ဝင်ငွေပိုရအောင် စပါးဈေးနှုန်းများကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ 

 

ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း Thailand's Rice Exporters Association ဥက္ကဋ္ဌ Chookiat က ထိုင်းအစိုးရက အသင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်း မရှိသေးကြောင်း ပြောကြားပါတယ်။

 

"ထိုင်းနှင့် ဗီယက်နမ်တို့က အများဆုံးတင်ပို့နေတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ နှစ်နိုင်ငံ စုစုပေါင်းက အိန္ဒိယနိုင်ငံ တင်ပို့နေတာထက် နည်းပါတယ်။ ဒီတော့ ဒီမှာ ဈေးတက်လိုက်ရင် ဝယ်လက်တွေက ပြိုင်ဘက် အိန္ဒိယဆီကို ရောက်သွားကြလိမ့်မယ်" လို့ ရှင်းပြပါတယ်။

ဆန်ကို ဈေးအတက်စောင့်ဖို့ အကြာကြီး သိုလှောင်ထားလို့ မရနိုင်ဘူးလို့ သူက ပြောကြားပါတယ်။

 

"နိုင်ငံရေးသမားတွေက ဆန်ဈေးကွက်ကို နားမလည်ဘူး။ ဒီကိစ္စကို အသင်းနှင့်လည်း မဆွေးနွေးဘူး" လို့ သူက ပြောကြားပါတယ်။

 

ဗီယက်နမ် စားသောက်ကုန်အသင်းဥက္ကဋ္ဌကလည်း ကမ္ဘာ့စားနပ်ရိက္ခာ မရေမရာ ဖြစ်နေချိန်မှာ ဈေးတင်တာ မသင့်တော်ကြောင်း ပြောကြားပါတယ်။

 

ထိုင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးရဲ့ အကြံပေး Alongkorn Ponlaboot က ရိုက်တာ သတင်းဌာနကို ပြောကြားရာမှာ ဆန်ဈေးနှုန်း မြင့်တက်ရင် နှစ်နိုင်ငံစလုံး အကျိုးရှိကြောင်းကို ဗီယက်နမ်နိုင်ငံက မူအားဖြင့် သဘောတူတယ်လို့ ပြောကြားပါတယ်။

 

ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယနိုင်ငံက ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၄၀% ကို တင်ပို့ပါတယ်။ အိန္ဒိယဆန် ဈေးနှုန်းက ၅ နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရောက်ရှိနေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသုံးငွေ အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းမှာ အားပျော့နေတဲ့အတွက် ဆန်ဈေးနှုန်းကို ဒေါ်လာဖြင့် တွက်ချက်လိုက်တဲ့အခါ နည်းနေစေတဲ့အပြင် အိန္ဒိယမှာ ပြည်ပတင်ပို့ဖို့ ဆန်များညအလျှံပယ် ရှိနေဆဲ ဖြစ်ပါတယ်။ 

အိန္ဒိယအစိုးရက ဂျုံတင်ပို့မှု ပိတ်ပင်ခဲ့ပြီး သကြားတင်ပို့မှုကိုလည်း ကန့်သတ်ပြီးချိန်မှာ ဆန်တင်ပို့မှုကိုလည်း အလားတူဆောင်ရွက်လိမ့်မယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတို့က ဆန်တင်ပို့မှု ပိတ်ပင်ရန်၊ ကန့်သတ်ရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

နှိုင်းယှဉ်ကြည့်ရင် အိန္ဒိယဆန် ၅% ဆန်ကွဲပါ ဆန်ဖြူ ၁ တန် ဈေးနှုန်းက ဗိယက်နမ်ဆန်ထက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀ သက်သာနေပြီး ထိုင်းဆန်ထက် အမေရိကန်ဒေါ်လာ ၁၀၀ သက်သာနေပါတယ်လို့ ထိုင်းဆန်ကုန်သည်များက ပြောကြားကြပါတယ်။

ယခုနှစ်မှာ ဗီယက်နမ်က အိန္ဒိယဆန်ကို တင်သွင်းခဲ့ပါတယ်။ ဘီယာချက်ရန်နှင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရန်တို့အတွက် အိန္ဒိယဆန်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

 

"အိန္ဒိယ ပါဝင်မှု မရှိဘဲ စျေးနှုန်းကို ကိုင်တွယ်ချင်ရင် အလုပ်မဖြစ်ဘူး။   အိန္ဒိယဆန်က ဈေးပိုသက်သာနေပြီ  တခြားနိုင်ငံတွေက ဈေးတင်ရင် အိန္ဒိယဘက်ကို ဆန်ဝယ်သူတွေ ရောက်သွားလိမ့်မယ်" လို့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းတစ်ခုမှ ကုန်သည်က ပြောကြားပါတယ်။

 

ဗီယက်နမ်နှင့် ထိုင်းတို့က ဈေးကွက်ဝေစု နည်းနေတဲ့အတွက် ဈေးကွက်ဝေစု ရလာအောင် ဆန်ဈေးနှုန်းများ နှိမ့်ချဖို့ လိုတယ်လို့ ၎င်းကုန်သည်က သုံးသပ်ပါတယ်။

 

ဟိုချီမင်းစီတီးမှ ဆန်ကုန်သည်တစ်ဦးက ထိုင်းနှင့် ဗီယက်နမ်တို့က ထိပ်ဆုံးမှာ ရှိမနေတဲ့ ဆန်တင်ပို့သူတွေ ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

"တကယ်လို့ အိန္ဒိယက ဆန်တင်ပို့တာ ကန့်သတ်လိုက်ရင် ထိုင်းနှင့်ဗီယက်နမ်တို့ ပူးပေါင်းလုပ်ဆောင်ကြတာ မပါလည်း ဆန်ဈေးနှုန်းတွေက မြင့်တက်သွားမှာပဲ" လို့ ၎င်းက သုံးသပ်ပါတယ်။

အမေရိကန် စိုက်ပျိုးဌာန အဆိုအရ ဗီယက်နမ်နှင့် ထိုင်းတို့က ကမ္ဘာ့ဆန်တင်ပို့မှုမှာ ဝေစု ၂၆% ခန့်သာ ရှိပါတယ်။

ထိုင်းနှင့် ဗီယက်နမ်တို့က ဆန်ဈေးတက်ရင် အကြီးအကျယ် ထိခိုက်မှာက ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပါတယ်။ ဖိလစ်ပိုင်က ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်တို့ကို အဓိကအားဖြင့် တင်သွင်းနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

 

လူဦးရေ သန်း ၁၁၀ ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်မှာ ဆန်တန်ချိန် သန်း ၂၀ မျှသာ ထွက်ရှိခဲ့လို့ မဖူလုံတာကြောင့် ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်တို့ကို တင်သွင်းနေရပါတယ်။

Agriculture & Livestock Export, Import Read 1658 times