အိန္ဒိယဆန် ဈေးထပ်ကျ၊ ထိုင်းဆန် ဈေးကြီး၊  ဗီယက်နမ်ဆန် ဈေးငြိမ်


27 May, 2022

အိန္ဒိယဆန် ဈေးထပ်ကျ၊ ထိုင်းဆန် ဈေးကြီး၊  ဗီယက်နမ်ဆန် ဈေးငြိမ်

 

  • အိန္ဒိယ ဆန်တင်ပို့မှု ကန့်သတ်မည်ဟု ဘင်္ဂလားဒေ့ရှ် ဆန်ဈေးကွက်တွင် သတင်းထွက်ပေါ်
  • ပြီးခဲ့သည့် သီတင်းပတ်တွင် အိန္ဒိယ ရူပီ ဒေါ်လာလဲနှုန်း စံချိန်တင် တန်ဖိုးကျ
  • မြေဩဇာဈေးမြင့်တက်သဖြင့် ထိုင်းစပါးဈေးတက်
  • လာမည့်လများတွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့် ဆန်ဝယ်လိုအား မြင့်တက်လိမ့်မည်ဟု ဗီယက်နမ် ကြိုတင်ခန့်မှန်း

 

အိန္ဒိယဆန်

အိန္ဒိယဆန် ပြည်ပတင်ပို့ဈေးနှုန်း ယခုအပတ် ဈေးထပ်ကျပြန်ရာ ၅ နှစ်တာအတွင်း အနိမ့်ဆုံးဈေးနှုန်း စံချိန်တင်သည်။

အိန္ဒိယနိုင်ငံသုံးငွေ ရူပီက အမေရိကန်ဒေါ်လာလဲနှုန်းမှာ တန်ဖိုးထပ်ကျသဖြင့် ရူပီဈေးနှုန်းကို ဒေါ်လာဖြင့် တွက်ချက်သည့်အခါ ဈေးကျသည်။

ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်သော အိန္ဒိယတွင် ဆန်များ အလျှံပယ် ရှိနေဆဲ ဖြစ်သည်။

အိန္ဒိယ ၅% ဆန်ကွဲပါ ပေါင်းဆန်အမျိုးအစား <RI-INBKN5-P1> ခေါ်ဈေးမှာ တစ်တန် $350~$354 ဖြစ်ပါသည်။ ယခင်သီတင်းပတ်က ခေါ်ဈေး တစ်တန် 351~$356 သို့ ကျဆင်းခဲ့ပြီး ယခုသီတင်းပတ်တွင် ဈေးထပ်ကျခြင်း ဖြစ်သည်။

"အဲဒီမှာ ဝယ်လိုအား ရှိတယ်။ ရောင်းဖို့ကလည်း အလုံအလောက် ရှိနေတယ်။ ဝယ်လက်အများအပြားတို့က ဆန်ကို မရှာကြဘူး။ ဆန်ကွဲ (၁၀၀%ဆန်ကွဲ) ကိုပဲ ရှာနေကြတယ်။ မွေးမြူရေးအစာအတွက် ပြောင်းက ဈေးကြီးနေလို့ အစားထိုးဖို့ ဆန်ကွဲကို အစားထိုးဖို့ လိုက်ဝယ်နေကြတာ" ဟု တောင်ပိုင်းပြည်နယ် အန္ဓရပရာဒစ်ရှ်မှာ တည်ရှိသော ကာကီနာဒါမှ ဆန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။


ဘင်္ဂလားဒေ့ရှ်ဆန်ဈေးကွက်

ယခုသီတင်းပတ်တွင် ဘင်္ဂလားဒေ့ရှ်ဆန်ဈေးကွက်မှာ ဆန်ဈေးတက်သည်။ လက်ကျန်ဆန် အလုံအလောက်ရှိပါလျက် ဆန်ဈေးတက်ရသည်မှာ ကမ္ဘာဈေးကွက်မှာ ဆန်ဈေးမြင့်တက်နေသောကြောင့်ဟု ဆန်ကုန်သည်တို့က ဆိုသည်။

"ကျွန်တော်တို့ သတင်းကြားတယ်။ အိန္ဒိယက ဆန်ပြည်ပတင်ပို့တာကို ကန့်သတ်နိုင်တယ်။ ကန့်သတ်လိုက်ရင် ဈေးနှုန်းတွေ မြင့်တက်လိမ့်မယ်" ဟု ဒါကာမြို့မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

ထိုင်းဆန်

၅%ဆန်ကွဲပါ ထိုင်းဆန်အမျိုးအစား <RI-THBKN5-P1> ခေါ်ဈေး တစ်တန် $450 ရှိသည်။ ယခင်သီတင်းပတ်က တစ်တန် $430-$445 ရှိခဲ့သည်။ ထိုင်းဘတ်ငွေ ပြန်မာလာသည့်အပြင် ထုတ်လုပ်စရိတ်လည်း မြင့်တက်နေသည်။ အထူးသဖြင့် ဓာတ်မြေဩဇာ ဈေးမြင့်တက်နေသည်။

အဝယ်အေးနေသည်။ ဈေးမြင့်သဖြင့် ဝယ်လက်တို့ ဝယ်ချင်သော်လည်း ဈေးမြင့်ခြင်းကြောင့် လက်ရှောင်နေကြသည်။


ဗီယက်နမ်ဆန်

၅%ဆန်ကွဲပါ ဗီယက်နမ်ဆန် အမျိုးအစား <RI-VNBKN5-P1> ခေါ်ဈေးသည် ကြာသပတေးနေ့ (မေလ ၂၆ ရက်)တွင် တစ်တန် $415-$420 ရှိသည်။ ယခင်သီတင်းပတ်အတိုင်း ဈေးမပြောင်းလဲပေ။

 "ဖိလစ်ပိုင် ဗီယက်နမ်ဆန် အများဆုံး တင်ပို့တဲ့ နိုင်ငံ ဆက်ဖြစ်နေဦးမယ်။ ဒါပေမဲ့ အီးယူ-ဗီယက်နမ် အကောက်ခွန်လွတ် ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အီးယူကို တင်ပို့တာ အမြန်ဆုံး ကြီးထွားတာ တွေ့မြင်ကြရလိမ့်မယ်" ဟု ဟိုချီမင်းစီတီးမှ ကုန်သည်တစ်ဦးက ပြောကြားသည်။

ဆိပ်ကမ်းသင်္ဘောတင်စာရင်းများအရ မေလ ၁ ရက်မှ ၂၈ ရက်အထိ တန်ချိန် ၃၆၉,၈၈၂ ပြည်ပတင်ပို့ရန် သင်္ဘောတင်မည် ဖြစ်သည်။

အများစုမှာ ဖိလစ်ပိုင်သို့ ပို့ဆောင်မည့် သင်္ဘောများ ဖြစ်သည်။ ထို့ပြင် ကျူးဘားနှင့် အာဖရိကသို့ ပို့ဆောင်မည့်သင်္ဘောများ ဖြစ်သည်။ 

 

မြန်မာဆန် 

ရန်ကုန်ဆိပ်ကမ်းတွင်

ဆန်တင်သည့် သင်္ဘောစာရင်း

မေလ ၂၁ မှ ၂၇ ရက်အထိ

သင်္ဘောအမည်

ဆန်တန်ချိန်

ASHICO VICTORIA

L.8500

COHIBA

24,500

FU XING HAI

L.7500

HANDY PERTH

L.27000

OCEAN 29

6,650

TARSUS M

L.33000

Agriculture & Livestock Export, Import Read 3746 times