ဗီယက်နမ်ဆန်  ကမ္ဘောဒီးယားဆန်  မြန်မာဆန် ပြည်ပတင်ပို့မှုများ


09 June, 2022

ဗီယက်နမ်ဆန်  ကမ္ဘောဒီးယားဆန်  မြန်မာဆန် ပြည်ပတင်ပို့မှုများ

မြန်မာဆန်

 ၂ဝ၂၂ ခုနှစ်၊ မေလတွင် ကုမ္ပဏီ ၃၆ ခုတို့က  နိုင်ငံပေါင်း ၂၅ နိုင်ငံသို့  ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲ တင်ပို့ရောင်းချပေးခဲ့သည်ဟု သိရပါသည်။

နိုင်ငံ ၁၆ နိုင်ငံသို့ ဆန်တန်ချိန် ၉၄,၆၉၁ ။ကို လည်းကောင်း၊ နိုင်ငံ ၉ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၈,၈၁၅ ဒသမ ၅  ကိုလည်းကောင်း တင်ပို့ခဲ့ပါသည်။

သို့ဖြစ်ရာ နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၅၃၅ဝ၆ ဒသမ ၅ တင်ပို့ခဲ့ပါသည်။

 တင်ပို့သည့် လမ်းကြောင်းများအရ ကြည့်လျှင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲတန်ချိန်စုစုပေါင်း ၆,၇၅၃ တန်တင်ပို့ခဲ့ပါသည်။ သင်္ဘောဖြင့်  ဆန်နှင့်ဆန်ကွဲတန်ချိန် စုစုပေါင်း ၁၄၆,၇၅၃ ဒသမ ၅ တန် တင်ပို့ခဲ့ပါသည်။ 
 
မြန်မာ့ဆန် ဝယ်ယူသည့် နိုင်ငံများနှင့်  ဝယ်ယူသည့် စုစုပေါင်းတန်ချိန်များမှာ- - -

မာဒါဂါစကာ ၂၂,ဝဝဝ တန်၊
ဖိလစ်ပိုင် ၁၆,၈၁ဝ တန်၊
အီတလီ ၁၅,၆၇၀ တန်၊
ပိုလန် ၁၃,ဝ၃ဝ တန်၊
တရုတ် ၁၁,၈၄၃တန် 

တို့ ဖြစ်ပါသည်။

မြန်မာ့ဆန်ကွဲ ဝယ်ယူသည့် နိုင်ငံများနှင့်  ဝယ်ယူသည့် စုစုပေါင်းတန်ချိန်များမှာ- - -

 ဘယ်လ်ဂျီယံ ၂၄,၃ဝဝ တန်၊ 
 တရုတ်  ၁၆,၃၄၆ တန်၊ 
 ပိုလန်  ၁၆,၁ဝဝ တန်၊ 
 နယ်သာလန် ၅၉ဝ တန်
 ပါပူးဝါးနယူးဂီနီ  ၅၂ဝ တန်

 တို့ ဖြစ်ပါသည်။
 
၂၀၂၂ မေလတွင် ပြည်ပတင်ပို့ခြင်း၊ မွေးမြူရေးအစာစပ်ခြင်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုခြင်းတို့ကြောင့် ဝယ်လိုအား ကောင်းနေခဲ့သည်။ ပြည်ပတင်ပို့ခြင်း၊ မွေးမြူရေးအစာစပ်ခြင်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုခြင်း သုံးမျိုးစလုံးတွင် ဆန်ကွဲ ဝယ်လိုအားကောင်းခဲ့သည်။ ဆန်ကွဲဈေးနှုန်းများမီအဆ ဆန်အဆုံး ဈေးနှုန်းအတက်ဘက်မှာ တောက်လျှောက် ရှိနေခဲ့သည်ဟု သိရပါသည်။

 
ကမ္ဘောဒီးယားဆန်

ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၂၂ ဇန်နဝါရီမှ မေလအထိ ပြည်ပဈေးကွက်သို့ ကမ္ဘောဒီးယားဆန်  တန်ချိန် ၂၈၃,၆၇၅ တင်ပို့ခဲ့ပါသည်။
ကမ္ဘောဒီးယားဆန် တန်ချိန် ၁၄၉,၄၄၇ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ကမ္ဘောဒီးယားဆန် ၅ လတာ တင်ပို့မှုာစုစုပေါင်း၏ ထက်ဝက်ကျော် (၅၂.၆၈%) တင်ပို့ခဲ့သည်။
 ဥရောပဈေးကွက်သို့ ဆန်တန်ချိန် ၈၁,၉၃၁ ကို လည်းကောင်း၊ အာဆီယံနိုင်ငံများသို့ တန်ချိန် ၂၅,၆၈၁ ကိုလည်းကောင်း တင်ပို့ခဲ့သည်။
အခြားဈေးကွက်များသို့ ဆန်တန်ချိန် ၂၆,၆၀၆ တင်ပို့ ခဲ့သည်။
 ကမ္ဘောဒီးယား ဆန်အသင်းချုပ် Cambodia Rice Federation အတွင်းရေးမှူး Lun Yeng က "ပြည်ပတင်ပို့တဲ့ ဆန်မွှေးကို အဝယ်လိုက်တယ်။ ဒါပေမဲ့ ဆန်မွှေးက အမြတ်မာဂျင် နည်းတယ်။ ဆန်ဖြူကိုပဲ အများဆုံး တင်ပို့ကြတယ်" ဟု ပြောကြားသည်။

 

ဗီယက်နမ်ဆန်

ပြည်ပပို့ဆန် ပျမ်းမျှဈေးနှုန်းများ ဆက်လက်ကျဆင်းခဲ့ရာ ပျမ်းမျှဈေးနှုန်း တစ်တန်  US$415-420 ဈေးခေါ်ကြသည်။ ဗီယက်နမ်သည် တန်ချိန်ပမာဏအားဖြင့် ပိုမိုတင်ပို့သော်လည်း ဈေးနှုန်းကျသဖြင့် ရောင်းရငွေစုစုပေါင်း ပမာဏမှာ ယခင်နှစ်ထက် လျော့နည်းနေသည်။

ယခုနှစ်တွင် နှစ်စမှ ယခုအထိ တန်ချိန် ၂.၈၆ သန်း တင်ပို့ခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၃၉ ဘီလျံ ဖြစ်သည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်ယှဉ်ပါက တန်ချိန်ပမာဏ ၁၀.၃% ပိုများသည်။ စုစုပေါင်း တန်ဖိုးသည် ၁ % လျော့နည်းနေသည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဗီယက်နမ်ဆန် အဓိက ဝယ်လက်မှာ ဖိလစ်ပိုင် ဖြစ်သည်။ ဗီယက်နမ်ဆန်တန်ချိန် ၉၁၅,၀၀၀ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၂၂.၂ သန်း  တင်သွင်းခဲ့ပြီးပြီ ဖြစ်သည်။ 

ပြည်တွင်းလက်ကျန် အနည်းငယ် လျော့နည်းလာသဖြင့် ပြည်တွင်းဆန်ဈေး အနည်းငယ် တက်သည်။ ဆန်သစ် မပေါ်ခင် စပ်ကြား ဆန်ဈေး အနည်းငယ် တက်နေကျ ဖြစ်သည်။

 

ဖိလစ်ပိုင် ဆန်သွင်းကုန်ခွန်  လျှော့ချ

ဖိလစ်ပိုင် အစိုးရက ယမန်နှစ်က ပြဋ္ဌာန်းခဲ့သော သွင်းကုန် ဆန်အပေါ် စည်းကြပ်သည့် သွင်းကုန်ခွန် လျှော့ပေါ့ပေးထားသည့် သက်တမ်းကာလကို သက်တမ်းတိုးကြောင်း ဇွန်လ ၇ ရက်တွင် ကြေညာသည်၊ အာဆီယံ နိုင်ငံ မဟုတ်သော နိုင်ငံမှ တင်သွင်းသည့် ဆန်ကို  (ဥပမာ အိန္ဒိယဆန်) သွင်းကုန်ခွန် ၄၀~၄၅%  အစား ၃၅% သို့ လျှော့ချသတ်မှတ်ပေးထားခြင်း ဖြစ်သည်။
ပြောင်းတင်သွင်းခြင်းအပေါ်တွင်လည်း အလားတူ လျော့ပေါ့ပေးထားသည်။ 
ပြည်တွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းကျောင်းရန်အတွက် ပြည်ပမှ တင်သွင်းသော စားသောက်ကုန်များအပေါ် သွင်းကုန်ခွန်များ လျော့ပေါ့ပေးထားခြင်းဖြင့် ပြည်တွင်းဈေးကွက်တွင် ဈေးသက်သက်သာသာဖြင့် ရောင်းချနိုင်ကြစေရန်အတွက် ဖြစ်သည်။ 

 

အိန္ဒိယဆန်

အိန္ဒိယအစိုးရက ဆိုင်းမပါဗုံမဆင့် ဂျုံတင်ပို့မှု ပိတ်ပင်ခဲ့ပြီး နှစ်ပတ်အကြာမှာ သကြားတင်ပို့မှုကို ရုတ်တရက် ကန့်သတ်လိုက်သဖြင့် ဆန်တင်ပို့မှုများ ပိတ်ပင်လိမ့်မည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သည်။ 
စိုးရိမ်မကင်းသည့် ပြည်ပဝယ်လက်များက အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုကာ အိန္ဒိယဆန်ကို ဝယ်ယူကြရာ သီတင်းပတ် တစ်ပတ်အတွင်းမှာ ဇွန်လမှ စက်တင်ဘာလအထိ ကာလအတွင်းတွင် တင်ပို့ရမည့် ဆန်တန်ချိန် ၁ သန်းဝန်းကျင် ရောင်းချခဲ့ရသည်။ စာချုပ် လက်မှတ်ရေးထိုးပြီးသည်နှင့်  letters of credit (LCs) များ ဖွင့်ထားလိုက်ကြသည်။ 
အိန္ဒိယဆန် ယခုနှစ်တွင် တန်ချိန် အကြမ်းအားဖြင့် ၉.၆ သန်း တင်ပို့ခဲ့ပြီးပြီ ဖြစ်သည်။
ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး အိန္ဒိယဆန် အဝယ်များသွားပါက ကမ္ဘာ့ာ့ဆန်တင်ပို့မှု  ဒုတိယအများဆုံး ဗီယက်နမ်ဆန်နှင့် ကမ္ဘာ့ ာ့ဆန်တင်ပို့မှု တတိယအများဆုံး ထိုင်းဆန်တို့ အဝယ်လျော့ကျသည်။ 

ဆန်သစ်ပေါ်ချိန် ဝယ်ယူမည့် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကို အိန္ဒိယ အစိုးရက ၅.၂% တိုးမြှင့် သတ်မှတ်ပေးပါသည်။ ၅ နှစ်တာကာလအတွင်း အများဆုံး တိုးပေးလိုက်ခြင်း ဖြစ်သည်။
စပါးစိုက် ဧရိယာ တိုးချဲ့စိုက်ပျိုးကြစေရန် မက်လုံး ပေးလိုက်ခြင်း ဖြစ်သည်။ လယ်သမားများက အထွက်နှုန်း ကောင်းစေဖို့ ဓာတ်မြေဩဇာအပါအဝင် သွင်းအားစုများ ပိုမိုသုံးစွဲနိုင်ကြမည် ဖြစ်သည်။

သာမန်အတန်းအစား စပါး ၁၀၀ ကီလိုဂရမ်ကို ရူပီ ၂,၀၄၀ ($26.26) ဟု ဈေးနှုန်း သတ်မှတ်သည်။
ယခင်နှစ် စပါးသတ်မှတ်စပါးဈေးနှုန်းမှာ ရူပီ ၁,၉၄၀ ဖြစ်ပါသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့နေသောနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ဝေစု ၄၀% ကျော် ရရှိထားသည်။

 ယခုနှစ် မုတ်သုန်မိုး နိုင်ငံနေရာအနှံ့ မိုးလုံလောက်ခြင်းကြောင့် စပါးအထွက်များမည်ဟု ခန့်မှန်းထားသည်။

MyanmarIndustrialGuide
 

Agriculture & Livestock Export, Import Read 3874 times