ပါကစ္စတန်ဆန် အထွက်တိုး ၊ ဗီယက်နမ်က အာဆီယံနိုင်ငံများထံ ဆန်တင်ပို့ရေး ဆောင်ရွက်လျက် ရှိ


05 May, 2022

ပါကစ္စတန်ဆန် အထွက်တိုး ၊ ဗီယက်နမ်က အာဆီယံနိုင်ငံများထံ ဆန်တင်ပို့ရေး ဆောင်ရွက်လျက် ရှိ

 

ပါကစ္စတန်နိုင်ငံတွင် စပါးထွက်နှုန်း တိုးခဲ့သည်။ ဆန်တန်ချိန် ၇ သန်းကျော် တင်ပို့နိုင်မည်

ဗီယက်နမ်က အာဆီယံနိုင်ငံများထံ ဆန်တင်ပို့ရေး ဆောင်ရွက်လျက် ရှိသည်။

 

ပါကစ္စတန်ဆန်

ပါကစ္စတန်နိုင်ငံသည် ၂၀၂၁-၂၂ နှစ်တွင်  စပါးတန်ချိန် ၈.၉ သန်း စံချိန်တင် ရိတ်သိမ်းနိုင်ခဲ့ပြီး ယခင်နှစ်တွင် တန်ချိန် ၈.၄ သန်း ရိတ်သိမ်းနိုင်ခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန US Department of Agriculture (USDA) ၏ Global Agricultural Information Network အစီရင်ခံစာအရ သိရသည်။


အထွက်နှုန်းမြင့်သော စပ်မျိုးစပါးအသစ်များ၊ စိုက်ပျိုးရေးဆိုင်ရာ ကျင့်ထုံးများ တိုးတက်ကောင်းမွန်လာသည့်အပြင် လယ်သမားများ ဝါအစား စပါးကို ပြောင်းလဲစိုက်ပျိုးကြခြင်းကြောင့် စိုက်ပျိုးဧရိယာ တိုးလာခြင်းသည် ထုတ်လုပ်မှု တိုးမြင့်လာစေရန် တွန်းအားဖြစ်စေသည်” ဟု USDA မှ ပြောကြားခဲ့သည်။


ပါကစ္စတန်အစိုးရ၏ မူဝါဒသည် ဆန်စပါးစိုက်ပျိုးသူများအား လုံလောက်သော သွင်းအားစုများ ရရှိသည်မှာ သေချာစေသဖြင့်  စံချိန်တင် ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေကြောင်း USDA က မှတ်ချက်ပြုခဲ့သည်။

ပါကစ္စတန်ဆန် ပြည်ပတင်ပို့မှုသည် ယခင်နှစ်နည်းတူ တန်ချိန် ၃.၈ သန်း ရှိသည်။  သ‌င်္ဘောရဖို့ အခက်အခဲ၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း၊ သယ်ပို့စရိတ်များ မြင့်တက်ခြင်း တို့သည် ဆန်တင်ပို့ခြင်းကို အနည်းနှင့်အများ ထိခိုက်စေခဲ့သည်။

 

၂၀၂၁-၂၂ တွင် အသစ်ထွက်သည့်ဆန်နှင့် ဆန်လက်ကျန် နှစ်မျိုးစုစုပေါင်း ဆန်တန်ချိန် ၁၁ သန်း ရရှိမည်ဟု USDA က ခန့်မှန်းထားသည်။

ပြည်တွင်း ဆန်စားသုံးမှုအတွက် ဆန်တန်ချိန် ၃.၇ သန်း သုံးစွဲမည် ဖြစ်သည်။ ဆန်တန်ချိန် ၇.၃ သန်းကို ပြည်ပသို့ တင်ပို့ဖို့ ရရှိမည် ဖြစ်သည်။ 

ပြည်ပသို့ တင်ပို့သည့်အခါ ဈေးကွက်ထဲတွင် အန္ဒိယဆန်၊ ဗီယက်နမ်ဆန်၊ ထိုင်းဆန်တို့ကို အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။


ဗီယက်နမ်ဆန်

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန လက်အောက်မှ ဗီယက်နမ်ကုန်သွယ်မှု မြှင့်တင်ရေးဌာန Vietnam Trade Promotion Agency (Vietrade) က အာဆီယံနိုင်ငံများမှ ကုန်သွယ်ရေးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ကာ ဆန်တင်ပို့ရေးကို ဆောင်ရွက်လျက်ရှိသည်။


ယမန်နှစ်က ဗီယက်နမ်ဆန် အများဆုံးဝယ်ယူသည့် အာဆီယံနိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်သည်။ စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလျံရှိသည့် ဆန်တန်ချိန် ၂.၄၅ သန်း ဝယ်ယူတင်သွင်းခဲ့သည်။ 

ယခုနှစ် ပထမ ၃ လပတ်တွင်လည်း ဖိလစ်ပိုင်သည် ထိပ်ဆုံးမှာ ရောက်ရှိနေသည်။ ဗီယက်နမ်နိုင်ငံ ဆန်တင်ပို့မှု စုစုပေါင်းတန်ချိန်၏ ၄၄.၇ % ၊ စုစုပေါင်းတန်ဖိုး၏ ၄၂.၆ % ကို ဖိလစ်ပိုင်က ဝယ်ယူတင်သွင်းထားသည်။

ဗီယက်နမ်ဆန်ကို ဖိလစ်ပိုင်အပြင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းတို့ကလည်း တင်သွင်းကြသည်။


 

ရန်ကုန်ဆိပ်ကမ်းတွင်

ဆန်တင်သည့် သင်္ဘောစာရင်း

ဧပြီ လ၂၉ မှ မေလ ၄ ရက်အထိ

သင်္ဘောအမည်

ဆန်တန်ချိန်

MILIN KAMAK

22,800

MOMENTUM PHONIX

21,000

FOUR TURANDOT

28,000

VOGE JULIE

27,800

 

 

 

Agriculture & Livestock Export, Import Read 406 times