အာရှနိုင်ငံများ စီးပွားရေးရှော့ခ် ၃ ခု ရှိနေဟု ကမ္ဘာဘဏ်ပြောကြား


06 April, 2022

အာရှနိုင်ငံများ စီးပွားရေးရှော့ခ် ၃ ခု ရှိနေဟု ကမ္ဘာဘဏ်ပြောကြား

ကမ္ဘာဘဏ် ဧပြီလ ၅ ရက် အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ အာရှနိုင်ငံများ အနေဖြင့် စီးပွားရေးလှုပ်ခါမှု ၃ ရပ်ကို ရင်ဆိုင်ဖြေရှင်းရဖွယ် ရှိတယ်လို့ ဆိုထားပါတယ်။ ရင်ဆိုင်ကြရမယ့် ရှော့ခ် ၃ ခုက ယူကရိန်းစစ်ပွဲ၊ တရုတ်စီးပွားရေး သိသိသာသာ နှေးသွားခြင်းနှင့် အမေရိကန်ဗဟိုဘဏ်ဖြစ်တဲ့ ပြည်ထောင်စု အရန်ရန်ပုံငွေ အတိုးနှုန်း မြင့်တက်ခြင်း တို့ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဘဏ်က အရှေ့အာရှနှင့် ပစိဖိတ် East Asia and the Pacific (EAP) ဒေသအတွက် ၂၀၂၂ တိုးတက်ကြီးထွားနှုန်းကို ယခင်က ၅.၄% လို့ ခန့်မှန်းထားတာကို ယခု ၄% သို့ လျှော့ချခန့်မှန်းပါတယ်။  ဆင်းရဲမွဲတေခြင်းမှာ ပိတ်မိတဲ့လူဦးရေ  ၆ သန်း ထပ်တိုးနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 

တရုတ်ပြည်ရဲ့ Zero Covid မူဝါဒကို တင်းတင်းကျပ်ကျပ် ဆက်လက်ကျင့်သုံးဆဲ ဖြစ်တာကြောင့် ယခုနှစ် တိုးတက်ကြီးထွားနှုန်းကို ၅% မျှသာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ တရုတ်အစိုးရက ၅.၅% လို့ ခန့်မှန်းထားပါတယ်။

EAP ဒေသသည် Covid-19 မုန်တိုင်းများ ပြန်လည်ဖြစ်ပေါ်နေပြီး စီးပွားရေး မိုးကုတ်စက်ဝိုင်းအ‌ေပါ်တွင် တိမ်သုံးခု စုရုံးနေသဖြင့် စီးပွားရေး ကြီးထွားနှုန်း နိမ့်ကျမည်ဖြစ်ပြီး ဆင်းရဲမွဲတေခြင်း ပိုများလိမ့်မယ်လိုဘ ကမ္ဘာဘဏ်က ဆိုထားပါတယ်။
အမေရိကန် ပြည်ထောင်စု အရန်ရန်ပုံငွေ အတိုးနှုန်း မြှင့်ပေးလိုက်တဲ့အတွက် ဖွံ့ဖြိုးဆဲ စီးပွားရေးများထံမှ အရင်းအနှီးများ ပြင်ပသို့ စီးထွက်ရန် ခလုတ်နှိပ်ပေးလိုက်သည့်နှယ် ဖြစ်လာနိုင်ပြီး ၎င်းတို့ရဲ့ နိုင်ငံသုံးငွေကြေးများအပေါ် ဖိအားသက်ရောက်လိမ့်မယ်လို့ ဆိုပါတယ်။ အချိန်မတန်သေးခင်မှာ ဘဏ္ဍာရေး တင်းကျပ်မှုများ ဖြစ်ပေါ်စေပြီး တိုးတက်ကြီးထွားနှုန်းကို ထိခိုက်စေလိမ့်မယ်လို့ ကမ္ဘာဘဏ်က ပြောကြားပါတယ်။

တရုတ်ပြည်မှာ ကိုဗစ်ပြန်လည်ဖြစ်ပွားနေပြီး ကိုဗစ်ကို လုံးဝသည်းမခံတဲ့ လုပ်နည်းကိုင်ဟန် ကျင့်သုံးပြီး ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နေခြင်း၊ အိမ်ရာအဆောက်အဦကဏ္ဍမှာ ပြဿနာများ တက်နေခြင်းတို့ကြောင့် ပြည်ပတင်ပို့မှု လျော့ကျနိုင်ပါတယ်။ 

တရုတ်ပြည် စီးပွားရေး လုပ်ကိုင်မှုများမှာ ရှော့ခ်များ ရှိနေတဲ့အခါ တရုတ်ပြည်တွင်း ဈေးကွက်ကို ကုန်သွယ်‌ရေး ဦးတည်ထားတဲ့ EAP နိုင်ငံများလည်း ထိခိုက်မှာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

ယူကရိန်းမှာ ကျူးကျော်စစ် ဖြစ်ပွားနေတဲ့အတွက် ထွက်ပေါ်လာတဲ့ ရှော့ခ်များက EAP ဒေသကို သက်ရောက်နိုင်ပါတယ်။ ရေနံ၊ ဂျုံ၊ နေကြာဆီ အစရှိတဲ့ ကုန်စည်များ ပေးသွင်းမှု ပြတ်လပ်ခြင်းများ၊ ဘဏ္ဍာရေးဒဏ်သက်ရောက်မှု တိုးလာခြင်းများကြောင့် ဒေသတွင်း ထိခိုက်စေမယ့် ရှောခ်များ ပိုမိုခိုင်မာလိမ့်မယ်လို့ ဆိုပါတယ်။

စစ်ပွဲကြောင့် ပို့ကုန်အမျိုးမျိုး မတင်ပို့နိုင်ခြင်း၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် တင်ပို့ရန် မဖြစ်နိုင်ခြင်းများကြောင့် အခြေခံစားသောက်ကုန်အမျိုးမျိုးနှင့် လောင်စာဆီ အမျိုးမျိုးတို့ရဲ့ နိုင်ငံတကာဈေးနှုန်းများ မြင့်တက်လိမ့်မယ်လို့ ဆိုပါတယ်။

Industry Reviews Read 8913 times