အာရှနိုင်ငံများ ငွေဖောင်းပွဒဏ် ခံနိုင်ရည် အားစမ်းခြင်းကို ရင်ဆိုင်နေရ


26 July, 2022

အာရှနိုင်ငံများ ငွေဖောင်းပွဒဏ် ခံနိုင်ရည် အားစမ်းခြင်းကို ရင်ဆိုင်နေရ

၁၉၉၇ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ထိုင်းဘတ်ငွေ ကျဆင်းမှုက အာရှ‌ ငွေရေးကြေးရေး အကျပ်အတည်းကို အစပျိုးပေးလိုက်ပါတယ်။
 ၂၅ နှစ်အကြာ ငွေရတုတွင် အာရှဒေသ ခံနိုင်ရည်အားကို  အားစမ်းခံနေရပြန်ပါတယ်။ 

ဘတ်ငွေတွေ ပုံအောပြီး ထုတ်ရောင်းနေကြချိန်မှာ ထိုင်းအစိုးရက ဘတ်ငွေကို ကန်ဒေါ်လာနှင့် အသေချည်ပေးထားတာကို ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှာ လက်လျှော့လိုက်ပါတယ်။
အဲဒီနေ့ အဲဒီရက်မှာ အာရှ‌ ငွေရေးကြေးရေး အကျပ်အတည်း စတင်လိုက်ပြီး အင်ဒိုနီးရှားမှ တောင်ကိုရီးယားအထိ ဒေသတစ်ခုလုံး အကျုံးဝင်သွားခဲ့ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မှ ကယ်တင်ရေး အစီအမံများ လုပ်ဆောင်ခဲ့ပါတယ်။ 

၂၅ နှစ်တိတိ ကြာပြီးချိန် ၂၀၂၂ မှာလည်း အာရှဒေသ စိန်ခေါ်မှုအသစ်များ ရင်ဆိုင်နေရပါတယ်။

COVID-19 ကပ်ရောဂါ သက်သာလာသဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည်  ရုန်းကန်နေကြရစဉ် ယူကရိန်းစစ်ပွဲကြောင့် စားသောက်ကုန် ဈေးနှုန်းများနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။ 
တစ်ချိန်တည်းတွင်၊ အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးတင်းကျပ်မှုသို့ ကူးပြောင်းလိုက်တဲ့အတွက် အာရှမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးများ ပြန်ဆွဲထုတ်ပြီး အမေရိကန်ဒေါ်လာ ဆီသို့ ရွေ့ပြောင်းကုန်ကြတာကို အာရှနိုင်ငံများ ရင်ဆိုင်ကြရပါတယ်။
ရလဒ်များအဖြစ် ဒေသတွင်းရှိ နိုင်ငံသုံးငွေများ ကန်ဒေါ်လာနှင့် ယှဉ်ပါက တန်ဖိုးကျဆင်းနေပြီး ကန်ဒေါ်လာဖြင့် ချေးယူထားသော  ကြွေးမြီများအတွက် ကုန်ကျစရိတ်များ ငွေလဲနှုန်းကြောင့် မြင့်တက်စေပါတယ်။

အာရှတိုက်ရှိ နိုင်ငံအများစုအနေဖြင့် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ဘဏ္ဍာရေးအကျပ်အတည်းများကို ပိုမိုခံနိုင်ရည်ရှိလာခဲ့ကြပါတယ်။ ဒေသတွင်း စက်မှုဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့တာကလည်း ခံနိုင်ရည် တိုးစေတဲ့ အကြောင်းတစ်ချက် ဖြစ်ပါတယ်။ ၎င်းနိုင်ငံတို့က ပိုချမ်းသာပြီး ပိုခိုင်မာတဲ့ ငွေကြေးစနစ်တွေ ရှိထားကြပါတယ်။


နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်    ကုန်ကျစရိတ်သက်သာသော လုပ်သားဈေးကွက်များ ရှိနေခြင်းနှင့် လူလတ်တန်းစားများ တိုးပွားလာနေသော လူဦးရေ  နှစ်ခုစလုံးကို အသုံးချဖို့  ဒေသတွင်းတွင် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ တရုတ်နိုင်ငံ စီးပွားရေးကလည်း အရှိန်တက်တယ်။ ဒေသတွင်း ဒစ်ဂျစ်တယ် ခေတ်ပြောင်းခြင်းကလည်း အဟုန် တက်စေပါတယ်။ 

အာရှဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဒဏ်ထိခံခဲ့ရသော နိုင်ငံများက ၎င်းတို့ရဲ့ နိုင်ငံသုံး ငွေကြေးများကို ကန်ဒေါ်လာဖြင့် အသေချည်မထားကြတော့ချေ။ နိုင်ငံခြားသုံးငွေ အရန်ငွေများ ပိုပိုလျှံလျှံ ထားရှိကြပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမှာ ကန်ဒေါ်လာကို ကြားခံသုံးစွဲခြင်းအစား တစ်နိုင်ငံရဲ့ ငွေကြေးကို အခြားတစ်နိုင်ငံက လက်ခံပေးခြင်းဖြင့် တိုက်ရိုက်ကုန်သွယ်ဖို့ သဘောတူညီချက်များ ထားရှိကြပါတယ်။ 

သို့သော် ယနေ့ကမ္ဘာ့အကျပ်အတည်းက အာရှနိုင်ငံတို့ ခဲခဲယဉ်းယဉ်း ရခဲ့သော တည်ငြိမ်မှုကို အားစမ်းနေပါတယ်။ အန္တရာယ် ကြီးထွားလာနိုင်သည့် လက္ခဏာများ တိုးလာနေပါတယ်။ စိုးရိမ်မကင်း ဖြစ်စရာ အချက်များလည်း ရှိနေပါတယ်။ 

နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့မှ အချက်အလက်များအရ  COVID-19 ကပ်ဘေးကာလမှာ အာရှနိုင်ငံ အများအပြားတို့မှာ အစိုးရကြွေးမြီ ကြီးထားလာခဲ့ပါတယ်။ သာဓကအားဖြင့် ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရကြွေးမြီနှင့် ဂျီဒီပီ အချိုးအစားနှုန်းထားက ၂၀၁၉ ကိုဗစ်အကြိုကာလမှာ ၃၇% ဖြစ်ပြီး ၂၀၂၁ မှာ ၅၇.၅% ဖြစ်လာပါတယ်။ 

ခရီးသွားလုပ်ငန်းကို အားထားတဲ့ နိုင်ငံ့စီးပွားရေးတွေမှာလည်း အစိုးရကြွေးမြီအချိုးအစား မြင့်တက်ပါတယ်။ မော်လ်ဒိုက်  အစိုးရကြွေးမြီက  ၂၀၁၉ ခုနှစ်တွင် ဂျီဒီပီရဲ့  ၇၈.၈ % ဖြစ်ခဲ့ရာမှ  ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခြေ  ၁၂၃.၄% သို့ မြင့်တက်လာခဲ့ပါတယ်။ အလားတူကာလမှာ သီရိလင်္ကာ အစိုးရကြွေးမြီက ဂျီဒီပီရဲ့ ၈၆.၈% မှ ခန့်မှန်းခြေအားဖြင့် ၁၀၇.၂% သို့ မြင့်တက်ခဲ့ပါတယ်။ 

ကိုဗစ်ကြောင့် ကြွေးတင်ကြရတာအပြင် အာရှနိုင်ငံတွေမှာ ကိုဗစ်ကြောင့် ဝင်ငွေ ထိခိုက်တာကို ခံနိုင်ရည် ရှိဖို့နှင့် ကုန်ဈေးနှုန်း မြင့်တက်တဲ့ဒဏ် ခံရတာ သက်သာစေဖို့ ငွေကြေးထောက်ပံ့မှုများ၊ အစိုးရမှ အဓိက စားသောက်ကုန်များမှာ စရိတ်ထောက်ပံ့ပြီး ဈေးလျှော့ရောင်းစေခြင်းများ ဆောင်ရွက်ရတဲ့အတွက် အစိုးရဘဏ္ဍာရေးကို ထိခိုက်ပါတယ်။ 

အမေရိကန် ဗဟိုဘဏ် ဖြစ်တဲ့ ပြည်ထောင်စုအရန်ငွေက အတိုးနှုန်းကို .၇၅% တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ ၂၇ နှစ်တာအတွင်း အကြမ်းဆုံး တိုးမြှင့်တဲ့ စံချိန်သစ်ဖြစ်ပါတယ်။ ထိုရွှေ့ကွက်ကြောင့် အာရှမှ အရင်းအနှီးများ ပြန်ဆွဲထုတ်ယူပြီး ကန်ဒေါ်လာမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ အာရှ နိုင်ငံ့စီးပွားများမှာ ကန်ဒေါ်လာဖြင့် ရယူထားတဲ့ ချေးငွေများရဲ့ ဝန်ထုပ်ဝန်ပိုး မြင့်တက်သွားစေခဲ့ပါတယ်။ 

အာရှမှ ဗဟိုဘဏ်များကလည်း တင်းကျပ်တဲ့ ငွေကြေးမူဝါဒဖြင့် တုံ့ပြန်ဆောင်ရွက်ကြပါတယ်။ ချေးငွေတွေ ပိုဈေးကြီးကုန်တယ်။ ဒေသတွင်း ကြီးထွားနှုန်း အမြန်ဆုံး ကုမ္ပဏီများ မလှုပ်သာတဲ့ အခြေအနေ ဆိုက်ရောက်မှာ စိုးရိမ်ရတဲ့အဖြစ်ကို ရောက်ကုန်တယ်။ အထူးသဖြင့် ‌နောင်တစ်ချိန် အကြီးအကျယ် အမြတ်ရဖို့ လုပ်ငန်းချဲ့ထွင်မှုများကို လောလောဆယ်မှာ အရှုံးခံပြီး လုပ်နေတဲ့ နည်းပညာကဏ္ဍ လုပ်ငန်းများ အကျပ် ရိုက်ကုန်တယ်။ 
 
အာရှမှ နိုင်ငံ့စီးပွားရေးများ ဆက်လက်တိုးတက်ရန် မျှော်လင့်ထားချိန်မှာ  ဒေသတွင်း  ဘဏ္ဍာရေးဆိုင်ရာခံနိုင်ရည်အား ခိုင်မာစေရန် ဆက်လက်လုပ်ဆောင်သင့်တယ်လို့  AMRO  စီးပွားရေးပညာရှင်အကြီးအကဲ Hoe Ee Khor က ပြောကြားခဲ့ပါတယ်။

#MyanmarIndustriesGuide
 Telegram Channel
https://t.me/Guid4U

Source: asia.nikkei

Industry Reviews Read 3858 times