ဝယ်လိုအား အခြေအနေများ အားကောင်းလာချိန်မှာ အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ တိုးတက်မှ အရှိန်ရလာ


06 May, 2022

၂၀၂၂  မေလ ၅ ရက်တွင် ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



  ဝယ်လိုအား အခြေအနေများ အားကောင်းလာချိန်မှာ  အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ တိုးတက်မှ အရှိန်ရလာခြင်း

အဓိက တွေ့ရှိချက်များ -

  • အာဆီယံ PMI မှာ မှတ်တမ်းတွင် ဒုတိယ စံချိန်တင်သို့ မြင့်တက်သွားခြင်း
  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ် တိုးရမှ ပိုမြန်လာခြင်း 
  • လုပ်သား အင်အားမှာ သုံးလအတွင်း ပထမအကြိမ် တိုးလာခဲ့ခြင်း
  •  

 

 

(ဒေတာကို ဧပြီ ၁၁-၂၅ ရက်များတွင် စုစည်းခဲ့သည်)

အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ တစ်ဝန်းက လုပ်ကိုင်မှု အခြေအနေများမှာ ဧပြီလတွင် အခိုင်အမာ တိုးတက်လာခဲ့သည်။ အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ တိုးတက်မှု နှုန်းမှာ စစ်တမ်း စတင်ခဲ့သည့် ၂၀၁၂ ဇူလိုင်မှစပြီး ဒုတိယ အမြန်ဆုံး ဖြစ်လာပြီး အရှိန်ပိုရလာခဲ့သည်အဓိကအကျဆုံး PMI ထဲက အစိတ်အပိုင်း သုံးခုဖြစ်ကြသည့် အော်ဒါအသစ်များ၊ ထုတ်လုပ်မှုနှင့် အလုပ်နေရာ ဦးမော့လာမှုက ထိုသို့အရှိန်‌ကောင်းအောင် တွန်းတင်ပေးခဲ့ကြသည်။

အဓိကအကျဆုံး အညွန်းမှာ မတ်လတွင်  ၅၁.၇ ရှိခဲ့ရာမှ ဧပြီလတွင် ၅၂.၈ သို့ တက်လှမ်းလိုက်ခြင်းဖြင့် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ အခြေအနေ ၇ လ ဆက်တိုက် ကောင်းမွန်လာခြင်းကို ပြသနေသည်။ ထို့အပြင် ဧပြီလမှာ အာဆီယံထဲက ခုနစ်နိုင်ငံစလုံး ၎င်းတို့၏ ထုတ်လုပ်ရေး ကဏ္ဍများ တိုးတက်လာခြင်းကို မှတ်တမ်းတင်ခဲ့သည့် ပထမဦးဆုံးလ ဖြစ်လာခဲ့ပါသည်။

 


စင်ကာပူ ထုတ်လုပ်သူတို့က ဧပြီလ အတွင်းမှာ ထုတ်လုပ်ရေး အခြေအနေများ တဟုန်ထိုး ဦးမော့လာမှုကို ပြနိုင်ခဲ့ကြရာ အဓိကအကျဆုံး PMI သည် ၅၈.၁ သို့ တက်သွားသည်။ ခြုံပြောရလျှင် တိုးတက်မှု အရှိန်မှာ စောင့်ကြည့်နေသည့် အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံအနက် အမြန်ဆုံး ဖြစ်လာပြီး ဖေဖော်ဝါရီလ၏ စံချိန်တင် နှုန်းထက် မသိမသာမျှသာ နိမ့်နေပါသည်။

ဖိလစ်ပိုင်နိုင်ငံ  ထုတ်လုပ်ရေး ကဏ္ဍထဲတွင် ကူးစက်မြန် ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များ ပိုမိုဖြေလျော့ပေးခဲ့၍ သုံးစွဲသူများ ပိုမိုလှုပ်ရှားတက်ကြွလာခဲ့ကြသည့်အတွက် အဓိကအကျဆုံး PMI (၅၄.၃) မှာ တတိယမြောက်လအဖြစ် ဆက်တိုက် မြင့်တက်လာခဲ့သည်။ ထို့အပြင် ယင်းတိုးတက်မှု နှုန်းမှာ လေးနှစ်ခွဲ ကာလအတွင်း အားအကောင်းဆုံး ဖြစ်လာသည်။

ဤအတောအတွင်း အင်ဒိုနီးရှားနှင့် ထိုင်း နှစ်နိုင်ငံစလုံးက ၎င်းတို့၏ ထုတ်လုပ်ရေး ကဏ္ဍ အသီးသီး၏ PMI ကို ၅၁.၉ တွင် မှတ်တမ်းတင်လိုက်ကြပြီး အသင့်အတင့် ဦးမော့မှုကို ပြခဲ့ကြသည်။ ထုတ်လုပ်ရေး အခြေအနေများမှာ အင်ဒိုနီးရှားနိုင်ငံတွင် ရှစ်လ ဆက်တိုက်နှင့် ထိုင်းနိုင်ငံတွင် လေးလ ဆက်တိုက်  တိုးတက်လာခဲ့ပါသည်။

အခြားနိုင်ငံများကိုကြည့်လျှင် ဗီယက်နမ်၏ အညွန်းကိန်းမှာ ၅၁.၇ တွင် မပြောင်းမလဲ ရှိနေခဲ့ပြီး စက်မှု ကဏ္ဍ၏ အခြေအနေမှာ ခြုံကြည့်ပါက အသင့်အတင့် တိုးတက်လာမှုကို ညွှန်ပြနေသည်။

ဤအတောအတွင်း မလေးရှား ထုတ်လုပ်သူတို့ကမူ PMI သည် ကြားနေ အမှတ် ၅၀၀ အထက်မှ ၅၁၆ သို့ တက်လှမ်းလိုက်ကာ တိုးတက်မှု နယ်မြေထဲသို့ ပြန်တက်နိုင်ခြင်းကို ညွှန်ပြနေကြသည်။

အာဆီယံ ခုနှစ်နိုင်ငံထဲက မြန်မာနိုင်ငံမှာ အညင်သာဆုံး လွှမ်းခြုံ တိုးတက်မှုကို ပြသခဲ့သည်။ သို့သော်လည်း PMI မှာ ၅၀.၄ သို့ တက်လှမ်းလိုက်ရာ လ ၂၀ အတွင်းမှာ လုပ်ကိုင်မှု အခြေအနေများ ပထမအကြိမ် ဦးမော့လာခြင်း ဖြစ်သည်။

 

ကူးစက်မြန် ကပ်ရောဂါ ထိန်းချုပ်ရေး အစီအစဉ်များမှာ နိုင်ငံအလိုက် ကွဲပြားခဲ့ကြသော်လည်း ကန့်သတ်ချက်များကို ပိုမိုဖြေလျော့ခဲ့မှုက ဝယ်လိုအားကို တိုးမြှင့်ပေးခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များကို ပိုပြင်းထန်စွာ မြှင့်တင်ပေးနိုင်ခဲ့သည်။ ထို့အပြင် ထုတ်လုပ်မှုနှင့် အသစ် ရောင်းရမှုများထဲက နောက်ဆုံးဦးမော့လာမှုများမှာ မှတ်တမ်းထဲတွင် အမြန်ဆုံး ဖြစ်လာလျက် ခြုံငုံ ကြည့်လျှင် ခိုင်မာပါသည်။


ယင်းတစ်ချိန်တည်းမှာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက အလုပ်နေရာများမှာ နောက်ဆုံး ၃၅ လ အတွင်း ဒုတိယအကြိမ် တိုးလာခဲ့ပါသည်။ ဝယ်လိုအား ကြီးထွားလာပြီး အော်ဒါ အသစ်များ တိုးရလာသည့် တစ်ချိန်တည်းမှာ လက်ထဲ ကျန်ရစ်ခဲ့သည့် အလုပ်များ တိုးလာမှုကြောင့် အလုပ်နေရာသစ် ခန့်မှုမှာ မှတ်တမ်းထဲတွင် ဒုတိယ အမြန်ဆုံး ဖြစ်လာခဲ့သည်။ အာဆီယံ အဖွဲ့ထဲ အကျုံးဝင်ကြသည့် ခုနစ်နိုင်ငံထဲက မလေးရှားနိုင်ငံတွင်သာ ဧပြီလမှာ လုပ်သား အင်အား ကျဆင်းမှုကို မှတ်တမ်းတင်ဖြစ်ခဲ့သည်။ လက်ကျန် အလုပ်စာရင်းများမှာ ဆယ်လဆက်တိုက် တိုးလာခဲ့ခြင်း ဖြစ်ခဲ့သော်လည်းတိုးတက်မှု နှုန်းမှာမူ ၂၀၂၁ ဇူလိုင်မှစပြီး အနှေးဆုံး ဖြစ်ပါသည်

ထုတ်လုပ်မှု ပမာဏများ ပိုမြင့်လာခြင်းက အာဆီယံ ထုတ်လုပ်သူတို့ အကြားမှာ ဝယ်ယူရေး အားထုတ်မှုများကို ခုနစ်လ ဆက်တိုက်တိုးမြှင့်ပေးနိုင်ခဲ့သည်။ ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွန်းကိန်းမှာ မတ်လတွင် ခြောက်လတွင်း အနိမ့်ဆုံးအဖြစ် မှတ်တမ်း တင်ခဲ့မှုမှ မြင့်တက်လာခဲ့ပြီး သွင်းအားစု ဝယ်ယူမှုများ အခိုင်အမာ တိုးလာခြင်းကို အချက်ပြနေသည်` သွင်းအားစု ဝယ်ယူမှု တိုးလာခဲ့သည့်တိုင်အောင် ထုတ်လုပ်မှုအကြို လက်ကျန် စာရင်းများမှာမူ ဒသမဂဏန်းမျှ ဖြစ်သော်လည်း နှစ်လဆက်တိုက် ကျဆင်းမှုကို ပြနေပါသည်။

ဤအတောအတွင်း ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်မှုမှာ ဧပြီလတွင် နှစ်ဆယ့်ခုနစ်လ ဆက်တိုက် ဆုတ်ယုတ်လာခဲ့သည်။ ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်များ နောက်ဆုံး တိုးလာခဲ့မှုမှာ ခြုံကြည့်လျှင် အားကောင်းခဲ့သည်။ သို့သော်လည်း ပေးသွင်းရေး အချိန်များ တိုးလာခဲ့သည့် အတိုင်းအတာမှာမူ ယခင်စစ်တမ်းကာလကထက် အားပျော့သွားခဲ့ပြီး ၂၀၂၀ နိုဝင်ဘာမှစပြီး အနည်းဆုံးဖြစ်လာပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် အာဆီယံ ထုတ်လုပ်လုပ်သူတို့သည် သွင်းအားစု ကုန်ကျမှုများနှင့် ရောင်းဈေးများ သိသိသာသာ မြင့်တက်လာမှုကို မှတ်တမ်း တင်ခဲ့ကြရသည်။ ငွေကြေးဖောင်းပွမှု နှုန်းများမှာမူ မတ်လ၏ စံချိန်တင် အမြင့်ဆုံးမှနေပြီး အားပျော့လာခဲ့သော်လည်း သွင်းအားစု ရှားပါးခြင်းလောင်စာနှင့် ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာမှု၊ နိုင်ငံတကာ ငွေကြေးဖောင်းပွမှုနှင့် ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများ ရှိမြဲရှိနေခဲ့ပါသည်။ စရိတ်စကဝန်ထုပ်ဝန်ပိုးများ၏ တစ်စိတ်တစ်ဒေသကို ရောင်းဈေးများကို မြှင့်တင်ပေးခဲ့သည့် ပုံစံမျိုးဖြင့် ဈေးဝယ်များအပေါ်သို့ လွှဲပို့ချခဲ့ကြရကြောင်း ပါဝင်ဖြေကြားသူ အများစုက ဝန်ခံဖေါ်ပြခဲ့ကြသည်။

နောက်ဆုံးအနေနှင့် လာမည့် ၁၂-လ ကာလအတွက် မျှော်မှန်းချက်မှာ အာဆီယံ ထုတ်လုပ်လုပ်သူတို့ အကြားတွင် ဧပြီလ၌ အားကောင်းစွာ အပြုသဘော ဆောင်မြဲဆောင်နေပြီး ယုံကြည်မှု အဆင့်အတန်းမှာ စစ်တမ်း၏ သမိုင်းစဉ် ပျမ်းမျှထက် ပိုအားကောင်းခဲ့ပါသည်။


သုံးသပ်ချက်

အာဆီယံ ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global မှ စီးပွားရေး ပညာရှင် Maryam Baluch က ပြောကြားခဲ့သည်မှာ - -

"အဓိကအကျဆုံး PMI မှာ မှတ်တမ်းတွင်း ဒုတိယ အမြင့်ဆုံးသို့ တက်လှမ်းလိုက်သည်နှင့်အမျှ ဧပြီလတွင် အာဆီယံ ထုတ်လုပ်သူတို့ အကြားမှာ တိုးတက်မှ အရှိန် မြင့်လာခဲ့ပါသည်သုံးစွဲသူတို့ဖက်မှ ဝယ်လိုအား အားကောင်းလာခြင်းက အော်ဒါ အသစ်များ နှင့် ထုတ်လုပ်မှု တိုးမြှင့်ရေးကို ပံ့ပိုးပေးခဲ့သည်။ အကျိုးဆက်အဖြစ် အလုပ်နေရာများမှာ လွန်ခဲ့သည့် စစ်တမ်းကာလ နှစ်လအတွင်း ကျဆင်းလာခဲ့မှုမှ စံချိန်တင် နှုန်းနီးပါးသို့ တိုးလာခဲ့ပါသည်။

"ဒေသတွင်း ထုတ်လုပ်ရေး ကဏ္ဍက COVID-19 ကူးစက်မှုများ၏ နောက်ဆုံး လှိုင်းများမှ နာလန်ထူရန် ဆက်လက် အားထုတ်နေကြရချိန်မှာ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ၏ စိန်ခေါ်မှုများ နှင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများက တိုးတက်မှုအတွက် ဟန့်တားကြမည့် အချက်များအဖြစ် ရှိရှိနေကြဦးမည်ဖြစ်သည်။ ထို့ပြင် အဓိကအားဖြင့် တရုတ်နိုင်ငံတွင်း COVID-19 ကူးစက်မှုများ တိုးလာနေခြင်းကြောင့် လည်းကောင်းယူကရိန်းအား ရုရှားနိုင်ငံမှ ကျူးကျော် တိုက်ခိုက်နေခြင်းကြောင့်လည်းကောင်း နိုင်ငံတကာ အခြေအနေ ပိုပြီး မတည်မငြိမ် ဖြစ်လာနိုင်ခြင်းကလည်း တိုးတက်မှုအတွက် ရှိနေကြသည့် အတားအဆီးများကို ပို၍ ဆိုးဝါးသွားစေနိုင်ပါသည်။

"မည်သို့ပင်ဖြစ်စေ ကုမ္ပဏီများက လာမည့် ၁၂-လအတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အခိုင်အမာ စိတ်ချယုံကြည်လျက် ရှိနေကြပါသည်။"

Industry Reviews Read 419 times