ဗီယက်နမ် FDI အောင်မြင်မှု အကြောင်းခံများ


20 October, 2020

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဗီယက်နမ်သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် အချက်အချာ ဖြစ်လာခဲ့သည်။ 

၂၀၁၃ မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၁၀.၄ ရာခိုင်နှုန်းရှိခဲ့သည်။ အချို့ကဤအရာသည်၎င်း၏ လူငယ်လူရွယ်လုပ်သားအင်အား ရှိခြင်းနှင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေခြင်းတို့ကြောင့်ဟု ဆိုနိုင်သည်။ သို့သော် တည်ငြိမ်သောနိုင်ငံရေးဝန်းကျင်၏ ဆွဲဆောင်မှုကို လျှော့တွက်ရန် မသင့်ပါ။

 

ကိုဗစ်ကပ်ဘေးသည် တစ်ကမ္ဘာလုံးကို မွေုနှောက်ပစ်ပြီး အကျပ်အတည်း အမျိုးမျိုးကြားထဲသို့ နိုင်ငံများကို ရောက်ရှိစေခဲ့သည်။ စီးပွားရေးရှုထောင့်မှ ကြည့်လျှင် စီးပွားရေး အခြေခံ အုတ်မြစ် တောင့်တင်းခိုင်မာလျှင် အကျပ်အတည်းများကြားမှ အထိအခိုက် အနည်းအကျဉ်းဖြင့် ပြန်ထွက်လာနိုင်သည်ကို တွေ့ကြရသည်။ ဗီယက်နမ်သည် ကိုဗစ် ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတွင် စံနမူနာ ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုကြောင့် စီးပွားရေးကို မထိခိုက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ကြရသည်။ ထိုအချက်က ပြည်ပရင်းနှီးမြှုပ်နှံသူများက အမှတ်အပြည့်ပေးကြပြီး ဗီယက်နမ်ကို ရင်းနှီးမြှုပ်နှံရန် ရွေးချယ်စေမည် ဖြစ်သည်။

 

ဗီယက်နမ်သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် အချက်အချာ ဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ ဖြစ်သည်။ ဗီယက်နမ်သည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် အချက်အချာဖြစ်လာခဲ့သည်။ ၂၀၁၃ ခုနှစ်မှ ယမန်နှစ်အထိ နှစ်စဉ် ကြီးထွားနှုန်း ၁၀ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၆.၁၂ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၈၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

 

ထို ၆ နှစ်တာကာလတွင် စင်ကာပူကို ကြည့်မည်ဆိုပါက ၆၃% စံချိန်တင် တိုးတက်ခဲ့သည်။ ထိုင်းနှင့် မလေးရှားတို့သည် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်း လျော့ကျခဲ့သည်။ အာဆီယံနိုင်ငံများတွင် ဗီယက်နမ်ထက် ပိုသာသည်မှာ ဖိလစ်ပိုင် ဖြစ်သည်။ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးသည့် ရာခိုင်နှုန်းမှာ ၁၀၄ % ဖြစ်သည်။ သို့သော် အစပြုသည့်အခြေပမာဏမှာ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလျံသာ ရှိခဲ့သည်။

 

ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment- FDI) သည် ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ ပုဂ္ဂလိကပြင်ပဘဏ္ဍာရေး ရင်းမြစ်အတွက် အရေးကြီးသောအရင်းအမြစ်ဖြစ်ပြီး စီးပွားရေး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုသည်။ အဓိကအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ထုတ်လုပ်မှုလုပ်ငန်းများထံမှ အမြတ်အစွန်းရရှိရန်အတွက် ရေရှည်မှော်မှန်းချက်များကို လုပ်ကိုင်ကြလေ့ ရှိပြီး လုပ်ကိုင်ဆောင်ရွက်မှုများကို ၎င်းတို့ လက်ထဲတွင် ထိန်းချုပ်ထားကြသည်။ များသောအားဖြင့် ပြည်တွင်းဒေသခံ ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ကြပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြလေ့ ရှိသည်။

 

FDI ကြောင့် ဖြစ်ပေါ်လာသည့် ဤနယ်စပ်ဖြတ်ကျော်စီးပွားရေးဆက်နွယ်မှု၏ ရလဒ်များတွင် နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှု အခွင့်အလမ်းများ၊ နည်းပညာတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ခြင်းတို့အပြင် ပြည်ပပို့ကုန် တိုးခြင်း အကျိုးကျေးဇူးကိုလည်း ရရှိသည်။ အာရှတွင် တရုတ်နှင့် စင်ကာပူတို့၏ အောင်မြင်မှုများသည် FDI စီးဝင်သည့် ကျေးဇူးနှင့် မကင်းချေ။ တစ်ချိန်တည်းမှာပင် အစိုးရတို့က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အခြေခိုင်မာအောင် FDI ကို အသုံးချနိုင်ကြသည်ကိုလည်း တွေ့ရသည်။

 

တရုတ်အစိုးရက “Made in China 2025” မဟာဗျူဟာကို ကြေညာခဲ့ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုကဏ္ဍကို အဆင့်မြှင့်တင်သည်။ လုပ်သားခများပါ မြင့်တက်လာသည်။ ထိုစဉ်မှာပင် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာလာခဲ့ရာ ပြည်ပရင်းနှီးမြှုပ်နှံသူတို့သည် တရုတ်ပြည်မှ စတင် ထွက်ခွာကြပြီး နေရာသစ်အဖြစ် ဗီယက်နမ်ကို ရွေးချယ်ကြသည်။ အကယ်စင်စစ် ထိုသို့ ရွေးချယ်ခံရစေသော အခြေအနေ ဝန်းကျင်ကို ဗီယက်နမ်က ရေကန်အသင့်ကြာအသင့် ရှိနေအောင် လုပ်ပေးထားသောကြောင့် ဖြစ်သည်။

 

ကိုရီးယားမှ Samsung သည် ဗီယက်နမ်တွင် ၂၀၀၈ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခုအခါ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ ရှိနေပြီ ဖြစ်သည်။ စီးပွားရေး လုပ်ကိုင်ရန် မိတ်ဖက်ကျသော စီးပွားဝန်းကျင် ဖြစ်စေမည့် မူဝါဒများ ကျင့်သုံးခြင်း၊ လုပ်ကိုင်ဖို့ အဆင်ပြေသည့် စက်မှုဇုန်များ ထူထောင်ပေးခြင်း၊ လူငယ်လုပ်သားအင်အားစု အလျှံပယ် ရရှိနိုင်ခြင်း၊ အမေရိကန်အစိုးရအဆက်ဆက် သင့်မြတ်အောင် နေထိုင်ခြင်းတို့သည် အခြားနိုင်ငံသို့ FDI များ ရောက်သွားမည့်အစား ဗီယက်နမ်သို့ စီးဝင်စေခဲ့သည်။

 

FDI ကို ဆွဲဆောင်ရန်မှာ အမြဲတစေ လွယ်ကူနေမည် မဟုတ်ပေ။ ၂၀၀၇ ခုနှစ်တွင် ဗီယက်နမ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။အိမ်နီးချင်းနိုင်ငံအချို့၏ လုပ်နည်းကိုင်ဟန်များကို နည်းတူ လုပ်ကိုင်ခဲ့သည်။ နိုင်ငံပိုင် လုပ်ငန်းကြီးများ ထူထောင်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများကို အပြိုင်ပြုခဲ့သည်။

 

သို့သော် ၂၀၁၄ ခုနှစ်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။ နိုင်ငံခြားပိုင်စက်ရုံများကိုတိုက်ခိုက်ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်။ ထိုအခါ အစိုးရက အစိုးရပိုင်စီးပွားရေးလုပ်ငန်းများအားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ခဲ့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ဆွဲဆောင်နိုင်ခဲ့သည်။

 

အာဆီယံအတွင်း FDI အတွက် ပြိုင်ဆိုင်မှုများ ဆက်ရှိနေဦးမည်ဖြစ်သည်။ အချို့သူများက တရုတ်နှင့်ဗီယက်နမ်နိုင်ငံ၏ပထ၀ီအနေအထားနီးစပ်မှုနှင့် ၎င်း၏ငယ်ရွယ်သောအလုပ်သမားအင်အား ၉၅ သန်းတို့က အားသာချက်များကို ပေးသည်ဟု ဆိုသော်လည်း တည်ငြိမ်သောနိုင်ငံရေးပတ်ဝန်းကျင်နှင့် မူဝါဒများ၏ ဆွဲဆောင်မှုကို လျှော့တွက်မရပါ။

 

ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများအားလုံးသည် လတ်တလောနှစ်များအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် မသေချာမရေရာမှုများ ရှိနေသည်။ တည်ငြိမ်မှု၏ အရေးကြီးပုံကိုနားလည်ရန် ဗီယက်နမ်ကို ကြည့်သင့်သည်။ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ မနှစ်သက်ကြသည့် အရာ သုံးခု ရှိသည်။ ငွေကြေးဖောင်းပွမှုနှုန်းကို အထူးဂရုပြုကြပြီး တည်ငြိမ်သောနိုင်ငံခြားငွေလဲနှုန်းကို လိုချင်ကြသည်။ ဗျူရိုကရေစီယန္တရားကြိုးနီစနစ်ကို မကြိုက်ကြပေ။

 

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု အတွင်းတွင် ဗီယက်နမ်သည် လုပ်သားအင်အား အများအပြား သုံးစွဲမှ လုပ်ကိုင်နိုင်သော ကုန်ထုတ်လုပ်မှုကို အာရုံစိုက်ခြင်းမှ အလိုအလျောက်လုပ်ငန်းစဉ်များဆီသို့ ပြောင်းရွှေ့ကာ ဦးတည်ခဲ့သည်။ လာမည့် တစ်ဆယ်နှစ်တွင် အဆင့်မြင့် နည်းပညာသုံး ကုန်ထုတ်လုပ်မှုများ၊ တန်ဖိုးဖြည့်ထည့်သည့် လုပ်ငန်းစဉ်များနှင့်တကွ ပတ်ဝန်ကျင်မိတ်ဖက်ကျသည့် စီမံကိန်းများကို ဖော်ဆောင်မည် ဖြစ်သည်။

 

စီးပွားရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ထားသည်။အစိုးရပိုင်လုပ်ငန်းများကို ယှဉ်ပြိုင်မှုမရှိသော နယ်ပယ်များတွင် လုပ်ကိုင်ရန် နေရာချပေးထားသည်။ ထိုကဲ့သို့သော ရဲရင့်သည့် ဆောင်ရွက်ချက်များသည် စစ်မှန်သောနိုင်ငံရေးဆန္ဒနှင့်ကတိကဝတ် တည်ကြည်ရန် အထူးလိုအပ်သည်။ ထိုလိုအပ်ချက်နှင့် ပြီးပြည့်စုံကြောင်း ဗီယက်နမ်အစိုးရက သက်သေထူထားပြီးပြီဖြစ်သဖြင့်လည်း FDI တွင် အောင်ပန်းဆင်နေခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်သည်။

 

By Myanmar Industry Guide

Ref:South China Morning Post

Global News How To Read 557 times